ရခိုင်ပြည်နယ်တွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေကို ကြိုဆိုပြီး ကာကွယ်စောင့်ရှောက်သွားမယ်လို့ AA ထုတ်ပြန်
- Zayar Oo
- Dec 31, 2024
- 1 min read
BVJ/Moore _ ဒီဇင်ဘာ ၂၉ ၊ ၂၀၂၄

ရခိုင်ပြည်နယ်အတွင်းမှာရှိတဲ့ မြို့ပေါင်း ၁၇ မြို့ထဲက ၁၄ မြို့အထိ သိမ်းယူထိန်းချုပ်ထားတဲ့ ရခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် (ULA/AA) က နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေကို ကြိုဆိုပြီး ကာကွယ်စောင့်ရှောက်မှု လုပ်ဆောင်ပေးသွားမယ်လို့ ဒီနေ့ ဒီဇင်ဘာ ၁၉ ရက်မှာ ရခိုင်အမျိုးသားအဖွဲ့ချုပ်က ထုတ်ပြန်လာပါတယ်။
ရခိုင်ပြည်နယ်အတွင်း တရုတ်၊ အိန္ဒိယ၊ ဂျပန်နဲ့ တောင်ကိုရီးယားနိုင်ငံတို့က ရင်းနှီးမြှုပ်နှံမှုတွေရှိနေပြီး တရုတ်နိုင်ငံက စီမံကိန်း ၁၁ ခုနဲ့ အများဆုံး ရင်းနှီးမြှုပ်နှံမှုပြုလုပ်ထားတာလည်း ဖြစ်ပါတယ်။ တရုတ်စီမံကိန်း ၁၁ ခုထဲက ၁၀ ခုကို AA တပ်တော်က ထိန်းချုပ်ထားနိုင်ခဲ့ပြီး သဘာဝဓာတ်ငွေ့ပိုက်လိုင်း၊ ရေနံပိုက်လိုင်း၊ လျှပ်စစ်စီမံကိန်းနဲ့ ရထားလမ်း၊ ကားလမ်း စီမံကိန်းတွေလည်း ပါဝင်ပါတယ်။
ရခိုင်ပြည်နယ် ဒေသအတွက် အကျိုးစီးပွားဖြစ်ထွန်းမယ့်၊ ဒေသဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုမယ့် စီမံကိန်း၊ ရင်းနှီးမြှုပ်နှံမှုတွေကို အသိအမှတ်ပြု ကြိုဆိုပြီး အဲဒီစီမံကိန်းတွေရဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့ လုပ်ကိုင်နေကြသူတွေရဲ့ လုံခြုံရေး၊ အသက်အန္တရာယ်ကိုလည်း AA တပ်တော်က ကာကွယ်စောင့်ရှောက်သွားမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် ရခိုင်ပြည်နယ်အတွင်းမှာရှိတဲ့ စီမံကိန်းတွေ ဆက်လက်လည်ပတ်နိုင်ဖို့အတွက် ကုမ္ပဏီများနဲ့ ပူးပေါင်းဆောင်ရွက်မယ့်အပြင် အကျိုးတူပူးပေါင်းဆောင်ရွက်ဖို့ကိုလည်း ULA/AA က လိုလားတယ်လို့ ဖော်ပြထားပါတယ်။
စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင်မြို့တို့ကို AA တပ်တော်က ဆက်လက်သိမ်းယူဖို့ ကျန်ရှိနေသေးပြီး သံတွဲမြို့နဲ့ အမ်းမြို့နယ်က စီမံကိန်းတွေကို AA တပ်တော်က အပြည့်အဝ ထိန်းချုပ်ထားပါတယ်။
ဒါ့အပြင် ကျောက်ဖြူရေနက်ဆိပ်ကမ်းနဲ့ အထူးစီးပွားရေးဇုန် စီမံကိန်း၊ မန္တလေး-ကျောက်ဖြူ ရထားလမ်းစီမံကိန်း၊ ကျောက်ဖြူ-နေပြည်တော် ကားလမ်းစီမံကိန်း၊ တရုတ်-မြန်မာ ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းအပါအဝင် ကုန်သွယ်ရေးလမ်းကြောင်းတွေကို AA တပ်တော်က တစိတ်တပိုင်း ထိန်းချုပ်ထားနိုင်တယ်လို့ မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု (ISP-Myanmar) ကလည်း အခုလ ဒီဇင်ဘာ ၂၄ ရက်မှာ ဖော်ပြထားပါတယ်။




Comments