ရှမ်းတောင် ၁၀ ရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီနဲ့ PNO ဘက်က ၁၈ ဦး သေဆုံး
- BVJ

- May 16, 2025
- 1 min read
BVJ/ဇော် - မေ ၁၆ ၊ ၂၀၂၅

ရှမ်ပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့နယ်၊ ဖယ်ခုံမြို့နယ်နဲ့ မိုးဗြဲမြို့နယ်တို့မှာ ဖြစ်ပွားခဲ့တဲ့ ၁၀ ရက်တာ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၁၈ ဦးထက်မနည်း သေဆုံးခဲ့ပြီး လက်နက်ခဲယမ်းအချို့ကို သိမ်းဆည်းရရှိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ရှမ်းတောင်စစ်ဒေသ ဗျူဟာ ၁ (SSTOC-1 PDF) က ဒီနေ့ မေလ ၁၆ ရက်မှာ ထုတ်ပြန်ထားပါတယ်။
စစ်ရေးတင်းမားနေတဲ့ မိုးဗြဲမြို့နယ်ကို ပြန်လည်ထိန်းချုပ်နိုင်ဖို့ စစ်ကောင်စီက ကြိုးပမ်းနေပြီး မိုးဗြဲမြို့နယ်နဲ့ ထိစပ်နေတဲ့ ညောင်ရွှေနဲ့ ဖယ်ခုံမြို့နယ်တို့ကိုလည်း စစ်ကောင်စီတပ်နဲ့ ပအိုဝ်းပြည်သူ့စစ် (PNO) တို့ကို အခု မေလအတွင်းမှာ စစ်ကြောင်းထိုးမှုတွေ လုပ်ဆောင်နေတာလည်း ဖြစ်ပါတယ်။
ညောင်ရွှေမြို့နယ် လွယ်လုံရွာ၊ ရေပူရွာနဲ့ စွန့်စွဲရွာတို့ကို စစ်ကောင်စီတပ်နဲ့ လက်အောက်ခံ PNO တပ်ဖွဲ့က အခု မေလ ၆ ရက်ကနေ ၁၆ ရက်နေ့အထိ နေ့စဉ်နီးပါး စစ်ကြောင်းထိုးမှုတွေ လုပ်ဆောင်နေတာကြောင့် ရှမ်းတောင် တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ထိတွေ့တိုက်ပွဲ နေ့စဉ်နီးပါးဖြစ်ပွားနေပြီး စစ်ကောင်စီဘက်က ၁၈ ဦးထက်မနည်း သေဆုံးခဲ့ကာ တော်လှန်ရေးရဲဘော် ၁ ဦးကျဆုံးခဲ့တယ်လို့ သိရပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီထံက MA3 သေနတ် ၃ လက်၊ MA1 သေနတ် ၁ လက် အပါအဝင် လက်နက်ခဲယမ်းတွေကို သိမ်းဆည်းရရှိခဲ့တယ်လို့လည်း သိရပါတယ်။ ၁၀ ရက်တာ ထိတွေ့တိုက်ပွဲအတွင်း စစ်ကောင်စီက စွန့်စွဲကျေးရွာအတွင်းက နေအိမ် ၂၀ လုံးကျော်ကို မီးရှို့ဖျက်ဆီးခဲ့သလို မိုးဗြဲအခြေစိုက် စစ်ကောင်စီ အမှတ် ၄၂၂ ခြေမြန်တပ်ရင်းကလည်း လက်နက်ကြီးတွေနဲ့ အနိးဝန်းကျင်ကျေးရွာကို ပစ်ခတ်တိုက်ခိုက်မှုတွေ လုပ်ဆောင်နေတယ်လို့ SSTOC-1 PDF က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
စစ်ရေးတင်းမာနေတဲ့ မိုးဗြဲမြို့နယ်နဲ့ထိစပ်နေတဲ့ ညောင်ရွှေ၊ ဖယ်ခုံတိုက်ပွဲမှာ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)၊ ဖယ်ခုံ PDF (၁၀၀၆) တပ်ရင်း၊အင်းလေး PDF(၁၀၀၉) တပ်ရင်း၊ ပျားစစ်ကြောင်းနဲ့ အလယ်ပိုင်းတိုင်းအထူးစစ်ဆင်ရေးတပ်ဖွဲ့တို့ ပူးပေါင်းပါဝင်တိုက်ခိုက်ခဲ့ကြပါတယ်။




Comments