ရှမ်းတောင်ပိုင်းက လက်နက်ကိုင်၄ဖွဲ့ KNDF နဲ့ ပူးပေါင်းပြီး စစ်သင်တန်းဆင်းပွဲ ကျင်းပ
- BVJ
- Apr 24
- 1 min read
BVJ/ထက်အောင် _ ဧပြီ ၁၉ ၊ ၂၀၂၅

ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ ကရင်နီပြည်နယ်အစပ်မှာ စစ်ကောင်စီတပ်ဖွဲ့ကို တော်လှန်တိုက်ခိုက်ရင်း စစ်ရေးလှုပ်ရှားနေတဲ့ တော်လှန်ရေးလက်နက်ကိုင် ၄ ဖွဲ့ဟာ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) နဲ့ ပူးပေါင်းခဲ့တယ်လို့ ဒီနေ့ ဧပြီ ၁၉ ရက်မှာ အသီးသီးထုတ်ပြန်လာပါတယ်။
KNDF နဲ့ပူးပေါင်းခဲ့တဲ့ အမှတ် ၁၀၀၅ တပ်ရင်း (SSPDF) အမှတ် ၁၀၀၈ တပ်ရင်း (SSRY)၊ ရှမ်းတောင်ဒေသခံ တော်လှန်ရေးတပ်ပေါင်းစု (SSLRU) ၊ Special Operation Drone Force (SODF) တို့ပါဝင်နေပြီး ဒီအဖွဲ့ ၄ ဖွဲ့ဟာ အရင်က သျှမ်းတောင်အမျိုးသားကာကွယ်ရေးတပ် (SSNDF) အနေနဲ့ စစ်ရေးလှုပ်ရှားမှု ဖော်ဆောင်နေတာလည်း ဖြစ်ပါတယ်။
KNDF ဗျူဟာ အမှတ် ၉ အဖြစ် ဖွဲ့စည်းခဲ့တဲ့ SSNDF ပူးပေါင်းတပ်ဖွဲ့ဟာ SSNDF/KNDF B – 101 ၊ SSNDF/KNDF B – 102 ၊ SSND /KNDF B – 103 တပ်ဖွဲ့များအဖြစ် ပြန်လည်ဖွဲ့စည်းခဲ့ကာ ဧပြီ ၁၇ ရက်က စစ်သင်တန်းဆင်းပွဲကိုလည်း ကျင်းပခဲ့ပါသေးတယ်။
“KNDF ရဲ့ဗျူဟာ ၉ အောက်မှာလာပြီးတော့ CoC ချိတ်တဲ့ပုံစံမျိုး ဖြစ်ပါတယ်” လို့ KNDF ပြန်ကြားရေးတာဝန်ခံ သာအယ်စိုးကလည်း Burma VJ ကို အတည်ပြုပြောပါတယ်။ KNDF နဲ့ပူးပေါင်းခဲ့တဲ့ SSNDF တပ်ဖွဲ့ဟာ KNDF ရဲ့ စစ်ရေးအမိန့်ပေးကွပ်ကဲမှုစနစ် CoC အတိုင်း လိုက်နာဆောင်ရွက်ပြီး စစ်ကောင်စီကို ဆက်လက်တော်လှန်သွားမယ်လို့လည်း ထုတ်ပြန်ထားပါသေးတယ်။
KNDF လက်အောက်မှာ လာရောက်ပူးပေါင်းခဲ့တဲ့ အမှတ် ၁၀၀၅ တပ်ရင်း၊ အမှတ် ၁၀၀၈ တပ်ရင်းတို့ဟာ အရင်က အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာန (MOD) အမှတ် ၃ စစ်ဒေသ လက်အောက်မှာရှိနေတာဖြစ်ပြီး အခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှာ NUG MOD လက်အောက်ခံက နုတ်ထွက်ကြောင်း ထုတ်ပြန်ကြေညာခဲ့ကြပါသေးတယ်။
SSNDF/KNDF ဗျူဟာအမှတ် ၉ အဖြစ် ဖွဲ့စည်းခဲ့တဲ့ ရှမ်းတောင်တပ်ဖွဲ့တွေဟာ KNDF လက်အောက်မှာ ဖေဖော်ဝါရီ ၁၁ ရက်က စစ်သင်တန်းစတင်ခဲ့ပြီး အခုလ ဧပြီ ၁၇ ရက်မှာ စစ်သင်တန်းဆင်းပွဲ ပြုလုပ်ခဲ့ကြတာလည်း ဖြစ်ပါတယ်။
Comments