ရေဖြူမြို့နယ် မင်းသားရွာက စစ်ကောင်စီ ပြည်သူ့စစ်အဖွဲ့ တိုက်ခိုက်ခံရပြီး ၆ ဦးသေဆုံး
- BVJ
- Apr 26
- 1 min read
BVJ/ဇော်_ဧပြီ ၂၆ ၊ ၂၀၂၅

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ကံပေါက်တိုက်နယ်၊ မင်းသားကျေးရွာမှာ အခြေစိုက်နေတဲ့ စစ်ကောင်စီတပ်နဲ့ လက်အောက်ခံ ပြည်သူ့စစ်စခန်းကို တော်လှန်ရေးအင်အားစု မဟာမိတ်အဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်ခဲ့တာကြောင့် ပြည်သူ့စစ်အဖွဲ့ဝင် (၆) ဦး သေဆုံးတယ်လို့ မွန်ပြည်တော်လှန်ရေးတပ် (MSRF) က မနေ့ ဧပြီ ၂၅ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။
မင်းသားကျေးရွာမှာ စစ်ကောင်စီတပ်၊ ပြည်သူ့စစ်အဖွဲ့နဲ့ တော်လှန်ရေးပူးပေါင်းတပ်တို့ ဧပြီ ၂၀ ရက် မနက် ၇ နာရီခွဲဝန်းကျင်မှာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ပြည်သူ့စစ်အဖွဲ့ဝင် ၆ ဦး သေဆုံးခဲ့ပြီး ၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
“ဒေသခံတွေရဲ့ပြောကြားချက်အရ ရန်သူ့အလောင်း (၆) လောင်းအထိ စုပုံထားတယ်လို့ သိရပြီးတော့ (၇) ယောက်အထိ ဒဏ်ရာရတယ်လို့သိရပါတယ်။ တစ်နာရီနီးပါးတိုက်ပွဲတိုက်ပြီးချိန် စစ်ကောင်စီတပ်က စစ်ကူရောက်ရှိလာခဲ့ပြီး ရှေ့ဆက်တိုးတိုက်ခိုက်လာမှုမရှိဘဲ ပင်လယ်ကနေ စစ်သင်္ဘောတွေ လက်နက်ကြီးတွေနဲ့ ရွာပတ်ဝန်းကျင်ကို တရစပ်ပစ်ခတ်ခဲ့ပေမယ့် မဟာမိတ်တပ်တွေ အထိအခိုက်မရှိပြန်ဆုတ်ခွာနိုင်ခဲ့တယ်” MSRF တပ် ပြောရေးဆိုခွင့်ရှိသူ တာဝန်ခံက Burma VJ ကို ပြောပါတယ်။
အခုတိုက်ပွဲဖြစ်ပွားတဲ့စခန်းမှာ စစ်ကောင်စီတပ်၊ ပျူစောထီးတပ်၊ ပြည်သူ့စစ်အဖွဲ့ဝင်တွေ ပူးတွဲချထားတဲ့ အင်အား (၄၀) ကျော်ရှိပြီး မနှစ်ကလည်း ယခုတိုက်ပွဲဖြစ်ပွားတဲ့ မင်းသားကျေးရွာအနီးမှာရှိတဲ့ မောရဝတီရေတပ်စခန်းဌာနချုပ်ရဲ့ လုံခြုံရေးအကာစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့သေးတယ်လို့လည်း ပြောရေးဆိုခွင့်ရှိသူ တာဝန်ခံ ဆက်ပြောပါတယ်။
“နွေဦးတော်လှန်ရေးစတင်ကတည်းက ရေးမြို့တောင်ဘက်ပိုင်းနဲ့ ရေဖြူမြို့နယ်မှာ အခုလိုပဲ ပူးပေါင်းပြီး စစ်ရေးဖော်ဆောင်မှုတွေလုပ်ဆောင်ခဲ့တာပါ။ နောင်မှာလည်း ဆက်လက်ပူးပေါင်းလုပ်ဆောင်သွားမှာပါ။ တစ်ခုထူးခြားတာက ယခင်က ပူးပေါင်းဆောင်ရွက်မှုမရှိတဲ့ တပ်ဖွဲ့တွေပါ ပူးပေါင်းကူညီလာတာရှိပါတယ်။ ရှေ့ဆက်မှာလည်း ဒီလိုပူးပေါင်းဆောင်ရွက်မှုအားနဲ့ စစ်ကောင်စီကို ပူးပေါင်းတိုက်ပွဲဝင်သွားဖို့ရှိပါတယ်” လို့ MSRF တာဝန်ခံက ပြောပါတယ်။
တိုက်ပွဲအတွင်း တော်လှန်ရေးမဟာမိတ်တပ်က ရဲဘော်(၃)ဦး မစိုးရိမ်ရဒဏ်ရာရရှိခဲ့ပြီး မင်းသားကျေးရွာ တိုက်ပွဲမှာ မွန်ပြည်တော်လှန်ရေးတပ် (MSRF)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် ဒေါနတပ်ရင်း စစ်ကြောင်း (၃) (KBDF)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF) တပ်ရင်း - ၁ ၊ မွန်ပြည်သစ်ပါတီ စစ်အာဏာရှင်တိုက်ဖျက်ရေးအဖွဲ့(NMSP-AD)၊ ထားဝယ်တပ်တော် (DNLA) ၊ KNU တပ်မဟာ (၆) KNLA တပ်ရင်း (၂၇) တို့ပူးပေါင်းပါဝင်ခဲ့တယ်လို့ သိရပါတယ်။
Hozzászólások