top of page

ရွှေ့ပြောင်းမြန်မာလုပ်သားအရေး ကူညီနေတဲ့ AAC ရုံးကို ထိုင်းအာဏာပိုင်တွေ ပိတ်သိမ်းပြီး ဒဏ်ငွေဆောင်ခိုင်း

  • Writer: BVJ
    BVJ
  • Feb 20, 2025
  • 1 min read

BVJ/ ဇော် - ဖေဖော်ဝါရီ ၁၉၊ ၂၀၂၅


AAC ရုံးကို ထိုင်းအာဏာပိုင်တွေ ဝင်ရောက်စစ်ဆေးနေစဉ် (Photo: Hla Khaing)
AAC ရုံးကို ထိုင်းအာဏာပိုင်တွေ ဝင်ရောက်စစ်ဆေးနေစဉ် (Photo: Hla Khaing)

ထိုင်းနိုင်ငံအတွင်းမှာရှိတဲ့ မြန်မာအလုပ်သမားတွေရဲ့ အလုပ်ခွင်နစ်နာမှု ကိုယ်လက်အင်္ဂါထိခိုက်ဆုံးရှုံးမှုတွေနဲ့ ပတ်သက်ပြီး ကူညီဆောင်ရွက်ပေးနေတဲ့ မြန်မာလုပ်သားကူညီစောင့်ရှောက်ရေး AAC မဟာမိတ်အဖွဲ့ကို ထိုင်းနိုင်ငံအာဏာပိုင်အဖွဲ့စုံက မနေ့က ဖေဖော်ဝါရီ ၁၈ ရက်မှာ ဝင်ရှာ စစ်ဆေးပြီး ပိတ်သိမ်းခိုင်းခဲ့တယ်လို့ သိရပါတယ်။


ထိုင်းအာဏာပိုင်အဖွဲ့စုံက ကိုယ်ဝန်ဆောင်မိခင်တွေ၊ သက်ကြီးရွယ်အိုတွေ၊ MOU အလုပ်သမားတွေ အပါအဝင် စုစုပေါင်း (၁၀၀) ဝန်းကျင် နေထိုင်နေတဲ့ မြန်မာလုပ်သားဒုက္ခသည်များ ခိုလှုံရာ AAC ဂေဟာကို ဝင်ရောက်စစ်ဆေးပြီး ထိုင်းနိုင်ငံဥပဒေနဲ့ တရားမဝင်တာကြောင့် ပိတ်သိမ်းခိုင်းခဲ့တယ်လို့ သိရပါတယ်။


“NGO မဟုတ်ပဲ NGO အလုပ်တွေ လုပ်တယ်ဆိုပြီးပိတ်သိမ်းခိုင်းခဲ့တာဖြစ်ပါတယ်၊ ရုံးကိုတော့ အပြီးပိတ်ခိုင်းတာဖြစ်တယ် ဒါပေမယ့် ကျွန်တော်တို့ ညှိနှိုင်းနေတုန်းပဲ၊ အလုပ်သမားတွေကိုတော့ တရားမဝင်နေထိုင်လို့ တစ်ဦးကို ဘတ် ၄၀၀၀ ရယ်၊ AAC က တရားမဝင်ပေးနေထားလို့ တစ်ဦးကို ဘတ် ၁၆၀၀ ရယ်အတွက် အလုပ်သမားတစ်ဦးကို ဘတ် ၅၀၀၀ ကျော် ဒဏ်ငွေဆောင်ရမှာ ဖြစ်ပါတယ်။ လတ်တလောတော့ အခွန်ဆောင်စရာပိုက်ဆံမရှိဘူး အခက်အခဲဖြစ်တယ်ပြောတော့ စာအုပ်တွေကိုသိမ်းသွားပါတယ်။ ခြေလက်မသန်စွမ်းတဲ့သူတွေကို ဖြေလျော့ပေးပြီးတော့ အခြားသူတွေ ၅၁ ယောက်ကို သိမ်းသွားတာပါ” လို့ AAC ရုံးဦးဆောင်ဥက္ကဌ ဦးလှခိုင်က Burma VJ ကိုပြောခဲ့ပါတယ်။



AAC ရုံးကို ဝင်ရောက်စစ်ဆေးပိတ်သိမ်းခိုင်းတဲ့အဖွဲ့တွေဟာ အုပ်ချုပ်ရေးဌာန၊ ကျန်းမာရေးဌာန၊ လူဝင်မှုကြီးကြပ်ဌာန၊ အဆောက်အဦးအဖွဲ့ စတဲ့ ထိုင်းအာဏာပိုင်အဖွဲ့စုံက ဖြစ်တယ်လို့လည်း သိရပါတယ်။


“တစ်ခုထူးခြားတာကတော့ နယ်မြေခံ ရဲတွေက ထိထိရောက်ရောက် မလာဘူးဗျ။ ခါတိုင်းဆို ကျွန်တော်တို့ရုံးတွေမှာလာတာက အာဏာပိုင်တော်တော်များများမှာ ရဲတွေက အရင်ရောက်တာလေ။ အခုကရဲတွေကိုသိပ်မတွေ့ရဘူး။ အရပ်သားအစိုးရတွေ မြို့နယ်အဖွဲ့အစည်းတွေက အရင်ရောက်တာ။ အခုတော့ရုံးပိတ်ခိုင်းထားတယ်။ အခုတော့မပြတ်သေးဘူး။ အစည်းဝေးလုပ်နေတုန်းတိုင်ပင်နေတုန်းဖြစ်တယ်” လို့ ဦးလှခိုင်က ဆိုထားပါတယ်။


AAC အဖွဲ့ဟာ ထိုင်းရောက်မြန်မာလုပ်သားတွေ လုပ်ငန်းခွင်ထိခိုက်မှုတွေ အလုပ်သမားအခွင့်အရေးချိုးဖောက်ခံရတာတွေ ပစ်ပယ်ခံထားရတဲ့ မြန်မာလုပ်သားဒုက္ခသည်တွေကို ၁၀ နှစ်ကျော် ကူညီစောင့်ရှောက်နေတဲ့ အဖွဲ့တစ်ခုဖြစ်ပြီး လက်ရှိမှာပိတ်သိမ်းခိုင်းတာနဲ့ ဒဏ်ငွေဆောင်ခိုင်းတာတွေအတွက် နှစ်ဘက်ညှိနှိုင်းနေကြဆဲလို့ သိရပါတယ်။

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page