ရဲစခန်းဗုံးခွဲတဲ့လူငယ်တွေကို ဖွက်ထားပေးလို့ဆိုပြီး ထောင် ၂၂နှစ်ချခံထားရသူဒေါ်စန်းရီ ထောင်တွင်း သေဆုံး
- BVJ

- Feb 21, 2025
- 1 min read
BVJ/ ဇော် _ ဖေဖော်ဝါရီ ၂၁၊ ၂၀၂၅

မန္တလေးတိုင်း၊ အိုးဘိုထောင်မှာ နိုင်ငံရေးအကျဉ်းသူတစ်ဦးဖြစ်တဲ့ဒေါ်စန်းရီဟာ အခု ဖေဖော်ဝါရီ ၁၀ရက် ညနေပိုင်းမှာ သေဆုံးသွားခဲ့ရတယ်လို့ Political Prisoners Network – Myanmar (PPNM) က သိရပါတယ်။
ချမ်းမြသာစည်မြို့နယ်၊ အမှတ် (၁၀) ရဲစခန်းကို ဗုံးဖောက်ခွဲခဲ့တဲ့လူငယ် (၃)ဦးကို ဖွက်ထားပေးလို့ပြီး ဒေါ်စန်းရီဟာ ၂၀၂၁၊ ဧပြီ ၂၂ရက်မှာ ဖမ်းဆီးခံခဲ့ရကာ ၂၀၂၂၊ ဖေဖော်ဝါရီ ၅ ရက်မှာ ၅၂ (က)၊ ၅၀ (ည) ပုဒ်မတွေနဲ့ ထောင်ဒဏ် (၂၂)နှစ်ချမှတ်ခံခဲ့ရတာပါ။
အသက် (၆၅)နှစ်ရှိ နိုင်ငံရေးအကျဉ်းသူဒေါ်စန်းရီဟာ သွေးတိုး၊ ဆီးချို၊ နှလုံး၊ အသည်းရောဂါတို့နဲ့ သေဆုံးခဲ့ရတာဖြစ်ပြီး အကျဉ်းထောင်အတွင်း ဆေးဝါးကုသမှုအပြည့်အဝမရရှိခဲ့တဲ့အတွက် သေဆုံးခဲ့ရတာလို့ PPNMအဖွဲ့တာဝန်ရှိသူ ကိုသိုက်ထွန်းဦးကပြောပါတယ်။
“အကျဉ်းထောင်အတွင်း ဆေးဝါးကုသမှုမရတဲ့ အခြေအရေကတော့ ထောင်တွင်းမှာ ဆေးဝါးပြတ်လက်မှုတွေက ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်ကထက် အခုနှစ်မှာပိုပြီးတော့ ရင်ဆိုင်နေရတယ်။ ပြင်ပဆေးရုံကို သွားရောက်ကုသဖို့ကျတော့လည်း ကုသမှုကုန်ကျစရိတ်ကို အကျဉ်းသားဘက်ကကျခံရတာ ဖြစ်တဲ့အတွက် ငွေကြေးမတတ်နိုင်တဲ့သူတွေက သွားရောက်ကုသဖို့ မတတ်နိုင်ခဲ့ကြဘူး။ ဒါ့ကြောင့်မို့လို့လည်း အန်တီဒေါ်စန်းရီကလည်း ဒီစရိတ်မတတ်နိုင်တဲ့အတွက် သူကိုယ်တိုင်ကလည်း အကျဉ်းထောင်အတွင်းမှာပဲ ကျဆုံးတဲ့အချိန်အထိ နေသွားရပါတယ်”လို့ ကိုသိုက်ထွန်းဦးက Burma VJ ကို ပြောပါတယ်။
အကျဉ်းထောင်အတွင်း သေဆုံးမှု သတင်းတွေထွက်လာခဲ့ရင် အကျဉ်းဦးစီးဌာနက မိသားစုတွေကို ခေါ်ယူသတိပေးတာမျိုးတွေ၊ သေဆုံးသူမိသားစုဝင်တွေကို ဖမ်းဆီးတဲ့ ပုံစံမျိုးလုပ်လာတဲ့ အခြေအနေမျိုးတွေ လုပ်လာတာကြောင့် ဖေဖော်ဝါရီ ၁၀ ရက်မှာ သေဆုံးခဲ့ပေမယ့် ဖေဖော်ဝါရီ ၂၀ ရက်မှာမှ အခြေအနေတွေကို PPNMကထုတ်ပြန်ခဲ့ရတာလို့လည်း သိရပါတယ်။
အိုးဘိုထောင်တွင်းမှာ ဝမ်းပျက်ဝမ်းလျှောဖြစ်ပွားနေတဲ့ အကျဉ်းသား၊ အကျဉ်းသူတွေရှိပြီး သူတို့တွေဟာလည်း ကျန်းမာရေးစောင့်ရှောက်မှုမရရှိကြောင်းကို ပြီးခဲ့တဲ့လ ဇန်နဝါရီ ၂၃ ရက်နေ့မှာ PPNM က ထုတ်ပြန်ထားပါသေးတယ်။




Comments