ရေစကြိုမြို့နယ် ရေလယ်ကျွန်းဒေသ ကို စစ်ကောင်စီတပ် စစ်ကြောင်းထိုးနေ၊ သတ်ဖြတ်ခံရတဲ့ အရပ်သား ၁၈ ဦး ရှိသွားပြီ
- BVJ

- Mar 20, 2025
- 1 min read
BVJ/အိုင်းရစ် _ မတ် ၁၇ ၊ ၂၀၂၅

မကွေးတိုင်း ရေစကြိုမြို့နယ် ချင်းတွင်းမြစ်အရှေ့ဘက်ကမ်းနဲ့ စစ်ကိုင်းတိုင်းအစပ်မှာရှိတဲ့ ရေလယ်ကျွန်းဒေသက ကျေးရွာတွေကို စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေက စစ်ကြောင်းထိုး ဝင်ရောက်ပြီး ဒေသခံပြည်သူတွေကို သတ်ဖြတ်ခဲ့တာကြောင့် ဒီနေ့ မတ်လ ၁၇ ရက်အထိ သေဆုံးသူ ၁၈ ဦးထိ ရှိလာပြီလို့ သိရပါတယ်။
ရေစကြိုမြို့နယ် ရေလယ်ကျွန်းဒေသက ကျေးရွာတွေဖြစ်တဲ့ မြေစွန်းတော်၊ သာဂေါင်၊ မာလာ ကာခြံရွာ၊ သာခေါင်ကြီးရွာ၊ ဇရပ်နီနဲ့ မြေတော်ရွာတွေကို အခုမတ်လဆန်းပိုင်းကတည်းက စစ်ကောင်စီတပ်နဲ့ လက်အောက်ခံ ပျူစောထီးတွေက စစ်ကြောင်းထိုးဝင်ရောက်ပြီး ဒေသခံပြည်သူနေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့သလို အရပ်သား ၁၈ ဦးကိုလည်း ရက်ရက်စက်စက် သတ်ဖြတ်မီးရှို့ခဲ့တာဖြစ်တယ်လို့ Yesagyo Township Info Committee ထံက သိရပါတယ်။
“အားလုံး ၁၈ ဦး တွေ့ရပြီး ၁၅ ဦး အမည်တွေ အတည်ပြုထားနိုင်ပါတယ်။ မြေစွန်းတော်ရွာက ၉ ဦး၊ မာလကာခြံရွာက ၂ ဦး၊ သာခေါင်ကြီးရွာမှာ - ၆ ဦး( ၂ ဦးကို အမည်မသိရသေး)၊ မြေတော်က ၁ ဦး (အမည်မသိရသေး) ပါ” လို့ Yesagyo Township Info Committee တာဝန်ရှိသူတစ်ဦးက Burma VJ ကို ပြောပါတယ်။
စစ်ကောင်စီတပ်ရဲ့ မီးရှို့ဖျက်ဆိးမှုကြောင့် မြေစွန်းတော်ရွာက နေအိမ် ၂၇၀ ၊ ဇရပ်နီရွာက နေအိမ် ၆၈ လုံး၊ သာဂေါင်လေးရွာက နေအိမ် ၂၀ မီးလောင်းပျက်စီးခဲ့ပြီး မြေတော်ရွာက မီးလောင်ပျက်စီးစာရင်းကိုတော့ ဆက်လက်ကောက်ယူနေဆဲဖြစ်တယ်လို့လည်း သိရပါတယ်။
ရေလယ်ကျွန်းဒေသကို စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ပခုက္ကူအခြေစိုက် အမှတ် ၁၀၁ ခြေမြန်တပ်မဌာနချုပ်နဲ့ ရေစကြိုမှာတပ်စွဲထားတဲ့ အမှတ် ၂၅၆၊ ၂၅၇၊ ၂၅၇ ခြေလျင်တပ်ရင်းက အင်အား ၂၀၀ ဝန်းကျင်နဲ့ ပျူစောထီးအဖွဲ့တွေပါဝင်ပြီး နေအိမ်မီးရှို့ဖျက်ဆီးခဲ့သလို ကျေးရွာတွေအတွင်းက ပြည်သူပိုင်ပစ္စည်းတွေကို ခိုးယူသွားတယ်လို့ သိရပါတယ်။
ဒါ့အပြင် စစ်ကောင်စီ သတ်ဖြတ်ခဲ့သူတွေဟာ အသက်ကြီးပိုင်းအများစုဖြစ်ပြီး စစ်ကောင်စီတပ် ဝင်ရောက်လာချိန် မရှောင်တိမ်းနိုင်ဘဲ ကျန်ရစ်ခဲ့သူတွေလည်း ဖြစ်ပါတယ်။ စစ်ကောင်စီတပ်ရဲ့ သတ်ဖြတ်ခံရသူတွေဟာ ခေါင်းဖြတ်အသတ်ခံရသူတွေလည်းပါဝင်ပြီး မီးရှို့သတ်ဖြတ်ထားတဲ့ ရုပ်အလောင်းတွေကိုလည်း တွေ့ရှိခဲ့ရတယ်လို့ သိရပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်နဲ့ ပျူစောထီးအဖွဲ့တွေရဲ့ အကြမ်း ဖက်သတ်ဖြတ်မှုနဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် နိုင်ငံတစ်ဝန်း ပြည်သူ ၆၄၀၀ ကျော်သေဆုံး ခဲ့ပြီး မကွေးတိုင်းအတွင်း ၅၇၉ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်အသင်း (AAPP) က ပြုစုထားတဲ့စာရင်းများအရ သိရပါတယ်။




Comments