top of page

နိုင်ငံရေးအကျဉ်းသားမရှိပါဘူးလို့ ငြင်းဆိုနေတဲ့စစ်အုပ်စုက အာဆီယံရဲ့ ဆုံးဖြတ်ချက်ဟာ တရားမျှတမှုမရှိဘူးလို့ပြော

Writer: BVJ
BVJ
26 minutes ago
1 min read

နီသွင်/BVJ_နိုဝင်ဘာလ ၂၂၊ ၂၀၂၆

ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့မှာ နိုဝင်ဘာလ ၁၅ ရက်နေ့ကကျင်းပခဲ့တဲ့ (၄၉) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးကနေ ထုတ်ပြန်ခဲ့တဲ့ ဘုံသဘောတူညီချက် (၅) ရပ် အကောင်အထည်ဖော်မှုဆိုင်ရာ သုံးသပ်ချက်နဲ့ ဆုံးဖြတ်ချက်တွေဟာ တရားမျှတမှု မရှိဘူးလို့ မြန်မာစစ်အုပ်စု နိုင်ငံခြားရေးဝန်ကြီးဌာနက နိုဝင်ဘာလ ၂၁ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။


စစ်အာဏာသိမ်းပြီးနောက်ပိုင်းဖြစ်ပေါ်နေတဲ့ အကျပ်အတည်းကို အဆုံးသတ်ဖို့ချမှတ်ထားတဲ့ ဘုံသဘောတူညီချက် (၅) ရပ်အပေါ် တိုးတက်မှုတွေရှိလာမယ်ဆိုရင် မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအရအပြည့်အဝ ကိုယ်စားပြုခွင့်ကို တဖြည်းဖြည်းပြန်လည်ပေးအပ်နိုင်ကြောင်း အာဆီယံခေါင်းဆောင်တွေက ထိပ်သီးအစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။


အာဆီယံထိပ်သီးအစည်းအဝေးတွေကနေ မြန်မာနိုင်ငံကို ဖယ်ထုတ်ထားတာဟာ ခွဲခြားဆက်ဆံတာဖြစ်တယ်လို့ စစ်အုပ်စုနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။


မြန်မာနိုင်ငံရဲ့သဘောထားအမြင်တွေကို မကြာခဏလျစ်လျူရှုခံခဲ့ရသလို တန်းတူညီမျှအခွင့်အရေးနဲ့ အပြည့်အဝကိုယ်စားပြုခွင့်တွေကိုလည်း ငြင်းပယ်ခံခဲ့ရတယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။


အဲ့ဒီထုတ်ပြန်ချက်ထဲမှာပဲ မြန်မာနိုင်ငံမှာ"နိုင်ငံရေးအကျဉ်းသား မရှိဘူး" လို့ပြောဆိုထားပြီး အာဏာသိမ်းပြီးနောက်ပိုင်း အကျဉ်းသား ၁၂၆,၀၀၀ ကျော်ကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ဒါမှမဟုတ် လွတ်ငြိမ်းချမ်းသာခွင့်တွေ ပေးအပ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။


ဒါပေမဲ့ အာဏာသိမ်းပြီးနောက်ပိုင်း လူထုခေါင်းဆောင် ဒေါ် အောင်ဆန်းစုကြည်အပါအဝင် ထောင်နဲ့ချီတဲ့နိုင်ငံရေးအကျဉ်းသားတွေ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတယ်လို့ ကုလသမဂ္ဂနဲ့ လူ့အခွင့်အရေးအဖွဲ့တွေက ပြောဆိုထားပါတယ်။


စစ်တပ်ကျောထောက်နောက်ခံပြု သမ္မတ မင်းအောင်လှိုင်က ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ လွှတ်တော်မိန့်ခွန်းမှာ သူ့အစိုးရအနေနဲ့ အာဆီယံနဲ့ဆက်ဆံရေးကိုပြန်လည်သုံးသပ်နေပေမဲ့ အဖွဲ့ဝင်နိုင်ငံတွေနဲ့တော့ ဆက်လက်ဆွေးနွေးသွားမယ်လို့ ပြောကြားခဲ့ပြီးနောက်မှာ အခုထုတ်ပြန်ချက်ထွက်ပေါ်လာတာ ဖြစ်ပါတယ်။


နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရွေးကောက်ခံအစိုးရကို စစ်တပ်ကဖြုတ်ချခဲ့ချိန်ကစပြီး မြန်မာနိုင်ငံဟာမတည်မငြိမ် ဖြစ်နေခဲ့တာဖြစ်ပြီး၊ အဲဒီကနေတဆင့်ဖြစ်ပွားလာတဲ့ ပြည်တွင်းစစ်ကြောင့် လူပေါင်း ၁၀၀,၀၀၀ လောက်သေဆုံးခဲ့ရသလို လူ ၃.၅ သန်းကျော် အိုးအိမ်စွန့်ခွာထွက်ပြေးနေရတယ်လို့ ကုလသမဂ္ဂက ခန့်မှန်းထားပါတယ်။


တဖက်မှာတော့ အာဆီယံနိုင်ငံ့ခေါင်းဆောင်တွေဟာ မြန်မာ့အရေးဖြေရှင်းဖို့ ၂၀၂၁ ခုနှစ်ကချမှတ်ခဲ့တဲ့ ဘုံသဘောတူညီချက် (၅) ရပ်အပေါ် သိသာထင်ရှားတဲ့ တိုးတက်မှုမရှိသေးတဲ့အတွက် စစ်ကောင်စီရဲ့ နိုင်ငံရေးအရကိုယ်စားပြုတက်ရောက်ခွင့်ကို ဆက်လက်ကန့်သတ်ထားတာဖြစ်ပါတယ်။


အာဏာသိမ်းစစ်အုပ်စုက နိုင်ငံရေးအကျဉ်းသားမရှိဘူးလို့ငြင်းဆိုထားပေမဲ့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) နဲ့ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့တွေရဲ့ မှတ်တမ်းတွေအရ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနောက်ပိုင်းမှာ နိုင်ငံရေးလှုပ်ရှားသူတွေ၊ သတင်းသမားတွေနဲ့ အရပ်သားသောင်းနဲ့ချီပြီး ဖမ်းဆီးထိန်းသိမ်းခံနေရဆဲဖြစ်ပါတယ်။

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page