ရွှေကုက္ကိုလ်မြို့က ကျားဖြန့်လုပ်ငန်းအတွက် တရုတ်မင်းသား ဘယ်လိုလိမ်လည်ခေါ်ဆောင်ခံခဲ့ရလဲ
- BVJ

- Jan 9, 2025
- 1 min read
BVJ/Moore _ ဇန်နဝါရီ ၈ ၊ ၂၀၂၅

ထိုင်း-မြန်မာနယ်စပ်မှာ ပျောက်ဆုံးခဲ့တဲ့ တရုတ်မင်းသား Xingxing (Wang Xing) ဟာ မြဝတီနားရှိ ရွှေကုက္ကိုလ်မြို့က အွန်လိုင်းလောင်းကစားလုပ်ငန်း (ကျားဖြန့်)အတွက် လိမ်လည်ခေါ်ဆောင်ခံရတာဖြစ်ပြီး ကျားဖြန့်လုပ်ငန်းအတွင်းမှာ သုံးရက်ကြာရောက်ရှိ လေ့ကျင့်သင်တန်းတက်ခဲ့ရတယ်လို့ ထိုင်းသတင်းဌာနက Khaosod က ဖော်ပြထားပါတယ်။
ထိုင်းရဲတပ်ဖွဲ့က စစ်ဆေးမေးမြန်းချက်နဲ့ စုံစမ်းမှုတွေအရ Xingxing ကို နာမည်ကြီး ထိုင်းအနုပညာအဖွဲ့အစည်းတခုဖြစ်တဲ့ GMM Grammy ကိုယ်စားလှယ်ဟန်ဆောင်ကာ WeChat ကနေတဆင့် စတင်ဆက်သွယ်ခဲ့တာဖြစ်ပြီး ထိုင်းနိုင်ငံမှာ ရိုက်ကူးရေးလုပ်ဆောင်ဖို့အတွက် ဘန်ကောက်ကိုလာဖို့ ဖိတ်ခေါ်ခဲ့တာပါ။
Xingxing အနေနဲ့လည်း တတိယနိုင်ငံတစ်ခုမှာ ရိုက်ကူးရေးအတွက် သူ့သဘောဆန္ဒအလျောက် လိုက်လာတာဖြစ်ပြီး အခုလို ကျားဖြန့်လုပ်ငန်းအတွက်ဖြစ်တယ်ဆိုတာ မသိရှိထားဘူးလို့ ဆိုပါတယ်။ မြန်မာနိုင်ငံကိုဘက်ကို ဖြတ်ကျော်ပြီးချိန်မှာတော့ သူ့ကိုကျားဖြန့်လုပ်ငန်းအတွက် အွန်လိုင်းကနေ လိမ်လည်စာပို့နည်းကို သုံးရက်တာသင်ပေးခံရပြီး တရုတ်နိုင်ငံသားတွေကို ပစ်မှတ်ထားလုပ်ဆောင်ဖို့ ဖိအားပေးခိုင်းစေတာတွေရှိတယ်လို့ သိရပါတယ်။
ကျားဖြန့်လုပ်ငန်းအတွင်း စတင်ရောက်ရှိချိန်မှာ ကိုယ်ထိလက်ရောက် ကျူးလွန်တာမျိုးမခံရပေမဲ့ သူ့အနေနဲ့ ကြောက်ရွံ့နေခဲ့တယ်လို့လည်း သူက ပြောပါတယ်။ ပြန်လည်လွတ်မြောက်လာချိန် ဘယ်ဘက်ခြေထောက်မှာရှိတဲ့အမာရွတ်တွေဟာ နှိပ်စက်ခံထားရတာလားဆိုပြီးထင်နေကြပေမယ့် ဒါဟာ မွေးရာပါအမှတ်အသားဖြစ်တယ်လို့ Xingxing က ထိုင်းအာဏာပိုင်တွေကို ထွက်ဆိုထားပါတယ်။

Xingxing ကိုရှာဖွေရေးလုပ်ဆောင်ချိန် ကရင်ပြည်နယ်ထဲမှာရှိတဲ့ တိုင်းရင်းသားအဖွဲ့တွေနဲ့ ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ ထိုင်းအာဏာပိုင်တွေကပြောထားပါတယ်။ ရှာဖွေမှုကိုတော့ တရုတ်လူမျိုးအများစုရှိတဲ့နေရာနှစ်ခုကို အဓိကပစ်မှတ်ထားလုပ်ဆောင်ခဲ့တာဖြစ်ပြီး တွေ့ရှိချိန်မှာ တရုတ်နိုင်ငံသား အယောက် (၅၀)နဲ့ Xingxing ကို ကယ်ထုတ်နိုင်ခဲ့တာပါ။
ဇန်နဝါရီ ၇ ရက် သောကြာနေ့မနက်ပိုင်းမှာ သုဝဏ္ဏဘူမိလေဆိပ်ကို ရောက်ရှိလာတဲ့ တရုတ်မင်းသား Xingxing ကို ဘန်ကောက်ကနေတဆင့် တာ့ခ်ခရိုင် မဲဆောက်ကို လူကုန်ကူးသူတွေက ကားနဲ့ခေါ်ဆောင်လာတာဖြစ်ပြီး မြဝတီဘက်ကို တရားမဝင်နယ်စပ်ဖြတ်ကျော် ဝင်ရောက်ခဲ့တာပါ။
ထိုင်းအနုပညာအဖွဲ့အစည်း GMM Grammy ကတော့ တရုတ်မင်းသားဖြစ်ပွားခဲ့တဲ့အခြေအနေဟာ သူတို့နဲ့ပတ်သက်ဆက်နွယ်မှုမရှိဘူးလို့ ကြေညာချက်ထုတ် ငြင်းဆိုထားပါတယ်။
Photo: Khaosod English, The Reporter




Comments