တော်လှန်ရေးအင်အားစုအချင်းချင်းကြား လက်နက်အင်အားမသုံးဖို့နဲ့ လူထုအပေါ်ထိခိုက်နေတဲ့ ပသုံးလုံးယန္တရားရဲ့လုပ်ရပ်တွေကိုအမြန်ဆုံးဖြေရှင်းပေးဖို့ တောင်းဆို
- BVJ

- 2 minutes ago
- 1 min read
ယူဂရင်း/BVJ_မတ် ၁၁၊ ၂၀၂၆

တော်လှန်ရေးအင်အားစုအချင်းချင်းကြား လက်နက်အင်အားမသုံးဘဲ မဟာမိတ်နည်းလမ်းနဲ့သာဖြေရှင်းကြဖို့ဆိုပြီး တော်လှန်ရေးအင်အားစုအသီးသီးက မနေ့က မေ ၁၀ရက်ညပိုင်းမှာ ကြေညာချက်ထုတ် တောင်းဆိုလိုက်ပါတယ်။
တော်လှန်ရေးအင်အားစုအချင်းချင်းကြား စစ်အာဏာရှင်အမြစ်ပြတ်ဖြုတ်ချရေးကိုမျက်နှာလွှဲပြီး မိမိအဖွဲ့အစည်းရဲ့ ကိုယ်ကျိုးစီးပွားကိုရှေ့တန်းတင်ကာ အချင်းချင်းကြားရန်သူသကဲ့သို့ လက်နက်ကြီးငယ်နဲ့ခြိမ်းခြောက်ဖြေရှင်းခြင်း၊ လူထုအပေါ် လက်နက်အားကိုး အနိုင်ကျင့်ခြင်းစတဲ့ ရုပ်ဆိုးအကျည်းတန်တဲ့လုပ်ရပ်တွေကို တနေ့တခြား ပိုမိုတွေ့မြင်လာရတာကြောင့် အခုလိုတောင်းဆိုခြင်းဖြစ်တယ်လို့ ထုတ်ပြန်ချက်ထဲပါဝင်တဲ့အဖွဲ့တွေက ပြောထားပါတယ်။
ဒါကြောင့် (၁) တော်လှန်ရေးအင်အားစုအချင်းချင်းကြား စစ်ရေးနည်းမသုံးဘဲ မဟာမိတ်နည်းလမ်းဖြင့်သာ ညှိနှိုင်းဖြေရှင်းရန်၊ (၂) တော်လှန်ရေးအင်အားစုများကြား နိုင်ငံရေးအရ တန်းတူမှုရှိသည့် ဘုံသဘောထားနှင့် ရှင်းလင်းသည့်မူများအခြေခံပြီး တပ်ပေါင်းစုတရပ်ကို ရည်ရွယ်ချက်ရှိရှိ တည်ဆောက်ရန်၊ (၃) ပသုံးလုံးယန္တရား၏ လူထုအပေါ်ထိခိုက်နစ်နာစေသည့် လုပ်ဟန်များအား အမြန်ဆုံးဖြေရှင်းပေးရန်ဆိုပြီး တော်လှန်ရေးအင်အားစုတွေကတောင်းဆိုလိုက်ကြပါတယ်။
ဒါ့အပြင်“တော်လှန်ရေး၏ အရေးပါသော အခန်းကဏ္ဍတွင် ရှိနေသည့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကဲ့သို့ အဖွဲ့အစည်းတရပ်အနေနှင့် လည်းကောင်း၊ လူမျိုးစုလက်နက်ကိုင်တော်လှန်ရေး အင်အားစုများသည်လည်းကောင်း မဟာမိတ်ဆက်ဆံရေးဆိုင်ရာမူဝါဒများကို မှန်ကန်စွာချမှတ်ပြီး အခိုင်အမာလိုက်နာရန် ကျွန်ုပ်တို့က ထပ်ဆောင်းတိုက်တွန်းလိုသည်”လို့လည်း ဖော်ပြထားပါတယ်။
တော်လှန်ရေးအင်အားစုအချင်းချင်းကြား အင်အားကြီးသူ၊ငယ်သူ ကြီးနိုင်ငယ်ညှင်း ဆက်ဆံရေးတွေကိုရှုတ်ချပြီး အချင်းချင်းကြား နိုင်ငံရေးအရတန်းတူတဲ့ စစ်အာဏာရှင်စနစ်အမြစ်ပြတ်ဖြုတ်ချရေး ဘုံရည်မှန်းချက်အပေါ် အခြေခံတဲ့ တပ်ပေါင်းစုတရပ် ပေါ်ထွက်နိုင်ဖို့ ရည်ရွယ်ချက်ရှိရှိတည်ဆောက်ဖို့လည်း အလျှင်အမြန် လိုအပ်နေပြီလို့လည်းပြောထားပါတယ်။

အခုတောင်းဆိုချက်တွေကို ရန်ကုန်ဖက်ဒရယ်ကျောင်း ကျောင်းသားများသမဂ္ဂ - YFSSU၊ ရေဘဝဲ (ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်း)၊ သွေးစွန်းငွေ - BMC၊စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး အထွေထွေသပိတ်ကော်မတီ - GSC၊ အထွေထွေသပိတ်ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု - GSCB၊ Sisters2Sisters - S2S၊ စီဒီအမ်ပညာရေးဝန်ထမ်းများသမဂ္ဂ - CDMUEW၊ ကရင်နီပြည်လူငယ်များသမဂ္ဂ - UKSYစတဲ့ အင်အားစု ၅၀နီးပါးက စုပေါင်းတောင်းဆိုလာတာဖြစ်ပါတယ်။




Comments