top of page

ယင်းမာပင်ခရိုင်အမှတ်(၁၅)တပ်ရင်းမှူး ထောက်ခံစာနဲ့သယ်လာတဲ့ သန်းချီမူးယစ်ဆေးဝါးတွေကို CDF-ဟားခါးဖမ်းမိ

  • Writer: BVJ
    BVJ
  • Jul 15, 2025
  • 1 min read

BVJ/မိုနာ_ ဇူလိုင် ၁၀၊ ၂၀၂၅

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်အမှတ်(၁၅)တပ်ရင်းမှူး ထောက်ခံစာနဲ့သယ်ယူလာတဲ့ စိတ်ကြွဆေးပြား ၃သန်းခန့်၊ No.4ခေါ် ဘိန်းဖြူ ၁၁၀ ကီလိုဂရမ်ခန့်၊ မောင်းပြန်သေနတ်(၂)လက်၊ mini starlink(၂)ခုတို့နဲ့အတူ တော်လှန်ရေး ရဲဘော်(၃)ဦး၊ ယာဥ်မောင်း(၁)ဦးနဲ့ စပယ်ယာ(၁)ဦးတို့ကို ချင်းပြည်နယ်၊ ဟားခါးမြို့နယ်အတွင်း ဖမ်းဆီးရမိခဲ့တယ်လို့ Chinland Defense Force – Hakha(CDF-ဟားခါး)က ဒီနေ့ ဇူလိုင် ၁၀ရက် မနက်ပိုင်းမှာ အသိပေးထုတ်ပြန်ပါတယ်။


ဖလမ်းမြို့နယ်၊ ဗားရ်တံတားကို Hilux 9K – 1693 ကားနဲ့ ကိုစိုးသူပိုင်ဆိုင်တဲ့ 1J – 6011 Forland ကားတို့နဲ့ သယ်ယူပို့ဆောင်တာဖြစ်တယ်လို့ ထုတ်ပြန်ပါတယ်။


အခုလ ၈ရက်မှာ ဖမ်းမိတာဖြစ်ပြီး အဲ့ဒီမူးယစ်ဆေးဝါးတွေသယ်ယူပို့ဆောင်ရေးရဲ့ တာဝန်ခံဖြစ်တဲ့ မောင်ဇော်လတ် (အမည်ရင်း ဦးဝင်းမော်)နဲ့ တပ်ခွဲမှူးကိုပုတီး (အမည်ရင်း ဦးကျော်မင်းဇော်)တို့ဟာ ထွက်ပြေးတိမ်းရှောင်ခဲ့ကြောင်းကိုလည်း ဖော်ပြထားပါတယ်။


သိမ်းဆည်းမိတဲ့ မူးယစ်ဆေးဝါးတွေကို အခုလ ၉ရက်နေ့မှာပဲ မီးရှို့ဖျက်ဆီးခဲ့ပြီး ဖမ်းဆီးထားသူတွေကိုလည်း တရားဥပဒေအတိုင်းဆောင်ရွက်မယ်လို့ CDF-ဟားခါးက ဖော်ပြပါတယ်။


CDF-ဟားခါးတပ်ဖွဲ့ အတွင်းရေးမှူး Salai Za Cung Lianက “ယင်းမာပင်ခရိုင်တပ်ရင်း-၁၅နဲ့တော့ ကျ‌နော်တို့ဆက်သွယ်ခြင်းမရှိသေးပါဘူးဗျ။ ဖမ်းထားတဲ့သူတွေကိုတော့ အကြောင်းစုံစမ်းပြီးတော့ ဥပဒေအတိုင်းစီရင်ဆောင်ရွက်မှာဖြစ်ပါတယ်ဗျ”လို့ ဒီနေ့ ဇူလိုင် ၁၀ရက် နေ့လယ်မှာ Burma VJကို ပြောပါတယ်။


CDF-ဟားခါးရဲ့ စစ်ဆေးချက်အရ ဖမ်းဆီးထားသူငါးဦးထဲမှာ သုံးဦးဟာ ယင်းမာပင်ခရိုင်တပ်ရင်း-၁၄၊ ပခုက္ကူခရိုင်အမှတ်(၁)စစ်ဒေသ တပ်ရင်း(၁၀) ကဖြစ်တယ်လို့ သိရပါတယ်။

ဖမ်းဆီးထားတဲ့ယာဉ်‌မောင်းက”စလင်းကြီးမြို့နယ်ထဲက ငွေသာရွာနားထဲကနေသယ်လာတာ၊ လူနေတဲ့ အဆောက်အဦးရယ် ပစ္စည်းတွေထားတဲ့အဆောက်အဦးရယ်အဲ့နားမှာရှိတယ် အဲ့ဒီနားကသယ်ခဲ့တာ။ အဖွဲ့အစည်းဟာလို့ပြောတယ်၊ လက်နက်ကိုင်တပ်ဖွဲ့တွေ ကျနော်တို့ကိုပြောတာတော့ ယင်းမာပင်ခရိုင်တပ်ရင်း-၁၅လို့ပဲ‌ပြောပြထားတယ်”လို့ CDF-ဟားခါးရဲ့ စစ်ဆေးချက်အတွင်း ပြောနေတာကို တွေ့ရပါတယ်။


ဒါနဲ့ပတ်သက်ပြီးမေးမြန်းနိုင်ဖို့အတွက် ယင်းမာပင်ခရိုင်တပ်ရင်း-၁၅ကို Burma VJက ဆက်သွယ်ဖို့ကြိုးစားနေဆဲဖြစ်တာကြောင့် ထပ်မံသိရတဲ့အခြေအနေတွေကို ဆက်လက်ဖော်ပြသွားပါမယ်။


ဓါတ်ပုံ-CDFဟားခါးဖမ်းဆီးမိတဲ့ မူးယစ်‌ဆေးဝါးနဲ့လူများ


Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page