top of page

ယူကရိန်းက Starlink ဝန်ဆောင်မှုတွေ ကို အမေရိကန်စစ်တပ်က ထိန်းချုပ်ထားတာလို့ အီလွန်မတ်စ်က ပြော

Writer: BVJ
BVJ
4 days ago
4 min read

ယူကရိန်းဘက်က မကျေမနပ် ဝေဖန်သံတွေ ထွက်ပေါ်လာပြီးတဲ့နောက်၊ စတားလင့်ခ် (Starlink) ဝန်ဆောင်မှုတွေရဲ့ ကန့်သတ်ချက်ကို အမေရိကန် စစ်တပ်ကပဲ ထိန်းချုပ်ထားတာပါလို့ အီလွန်မတ်စ်ခ် (Elon Musk) က ထုတ်ပြောလိုက်ပါတယ်။


ယူကရိန်း တာဝန်ရှိသူတွေကတော့ (SpaceX) ဟာ စတားလင့်ခ် ဂြိုဟ်တု ဝန်ဆောင်မှုတွေကို လျှော့ချပစ်ခဲ့တာကြောင့် စစ်ဆင်ရေးတွေ လုပ်ရတာ အခက်တွေ့စေခဲ့သလို၊ ကိယက်ဗ် (Kyiv) ကိုလည်း အသက်အန္တရာယ်ရှိတဲ့ တိုက်ခိုက်မှုတွေကြားမှာ ထိခိုက်လွယ်သွားစေခဲ့တယ်လို့ စွပ်စွဲထားကြပါတယ်။


သမ္မတ ဗိုလိုဒီမီယာ ဇီလင်စကီး (Volodymyr Zelenskyy) ရဲ့ အကြံပေးတစ်ယောက် ပြောတာကတော့၊ ဗုဒ္ဓဟူးနေ့ ညပိုင်းမှာ ကြိုတင်သတိပေးတာမျိုး လုံးဝမရှိဘဲ တစ်နာရီကို မိုင် ၁၀၀ ထက် ပိုမြန်တဲ့ အရှိန်နဲ့ သွားနေတဲ့ တာမီနယ် (terminals) တွေကို ဝန်ဆောင်မှု ပိတ်ပင်လိုက်တာလို့ ဆိုပါတယ်။ ဒါဟာ ဂြိုဟ်တု အင်တာနက်ကို သုံးပြီး ဒရုန်းတွေကို မောင်းနှင်နေရတဲ့ ယူကရိန်းရဲ့ ဒရုန်းလွှတ်တင်နိုင်စွမ်းကို ထိထိရောက်ရောက် ကန့်သတ်လိုက်သလို ဖြစ်သွားခဲ့တာပါ။


စတားလင့်ခ်နဲ့ စစ်ဘက်သုံး စတားရှီးလ် (Starshield) ကို တာဝန်ယူ စီမံနေတဲ့ SpaceX ရဲ့ အမှုဆောင်အရာရှိချုပ် အီလွန်မတ်စ်ခ်ကတော့ စတားရှီးလ်ရဲ့ အရှိန်နှုန်း အားလုံးကို အမေရိကန်အစိုးရနဲ့ စစ်တပ်ကပဲ ထိန်းချုပ်ထားတာပါလို့ X (တွစ်တာ) ပေါ်မှာ အခိုင်အမာ ပြန်ပြောခဲ့ပါတယ်။


အခုလို လိုင်းအနှောင့်အယှက်တွေ ဖြစ်ခဲ့တာနဲ့ ပတ်သက်ပြီး ဝေဖန်မှုတွေ ခံခဲ့ရပြီးတဲ့နောက်၊ အမေရိကန် စစ်ဘက်ဆိုင်ရာ ထိပ်တန်း ကန်ထရိုက်တာတစ်ယောက်လည်းဖြစ်၊ သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ အကြံပေးဟောင်းလည်းဖြစ်တဲ့ အီလွန်မတ်စ်ခ်က “အရှိန်နှုန်း ဒါမှမဟုတ် အသုံးပြုမှု ကန့်သတ်ချက် ပေါ်မှန်သမျှဟာ အမေရိကန် စစ်တပ်နဲ့ အဓိကအားဖြင့် အမေရိကန် သမ္မတရဲ့ ဆုံးဖြတ်ချက်အတိုင်းပဲ ဖြစ်ပါတယ်” လို့ ရေးသားခဲ့ပါတယ်။


ယူကရိန်းနဲ့  ရုရှား၏တိုက်ခိုက်မှုကြား ရှေ့တန်းရှိ ၄၇ တပ်မဟာက ယူကရိန်းတပ်ဖွဲ့ဝင်တစ်ဦးသည် Starlink ဂြိုဟ်တုအင်တာနက်ကို အသုံးပြုဖို့ ပြင်ဆင်နေစဥ်
ယူကရိန်းနဲ့ ရုရှား၏တိုက်ခိုက်မှုကြား ရှေ့တန်းရှိ ၄၇ တပ်မဟာက ယူကရိန်းတပ်ဖွဲ့ဝင်တစ်ဦးသည် Starlink ဂြိုဟ်တုအင်တာနက်ကို အသုံးပြုဖို့ ပြင်ဆင်နေစဥ်

အိမ်ဖြူတော်ဘက်ကတော့ မတ်စ်ခ်ပြောတာကို အတည်ပြုတာ ဒါမှမဟုတ် ငြင်းဆန်တာမျိုး မလုပ်သေးပါဘူး။ ပန်တာဂွန် (Pentagon) စစ်ဌာနချုပ်ကလည်း အယ်လ်ဂျာဇီးယား မှတ်ချက်တောင်းခံမှုကို ချက်ချင်း တုံ့ပြန်တာမျိုး မရှိသေးပါဘူး။


ယူကရိန်း စစ်ဘက်ဆိုင်ရာ နည်းပညာ အကြံပေး ဆာဟီး ဘက်စ်ခရက်စနော့ဗ် (Serhii Beskrestnov) က (Telegram) မှာ ရေးသားခဲ့တာကတော့ ယူကရိန်းအနေနဲ့ “ရှာဟက် (Shahed) ဒရုန်းတွေရဲ့ ဘေးကနေ ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်မယ့် နည်းလမ်းနည်းနည်းလေးထဲက တစ်ခုကို ပိတ်ပင်ခံလိုက်ရတာ” လို့ ဆိုပါတယ်။ ရှေ့တန်းက ထောက်ပံ့ပို့ဆောင်ရေးတွေနဲ့ အကွာအဝေးဝေး စစ်ဆင်ရေးတွေပါ ထိခိုက်ခဲ့ရတယ်လို့လည်း သူက ဆက်ပြောပါတယ်။


စတားလင့်ခ် စစ်ဘက်သုံး ဗားရှင်း ကန့်သတ်ခံရတာနဲ့ ပတ်သက်ပြီး မေးမြန်းတဲ့အခါ၊ ယူကရိန်းသမ္မတဇာလန်းစကီးက Piers Morgan Uncensored အစီအစဉ်မှာ ဒါဟာ “အမှားကြီးတစ်ခု” ဖြစ်ပြီး “လူပေါင်းများစွာရဲ့ အသက်ပေါင်းများစွာ ဆုံးရှုံးရလိမ့်မယ်” လို့ ပြောကြားခဲ့ပါတယ်။


အမေရိကန် စစ်ဝန်ဆောင်မှုနဲ့ နိုင်ငံခြားရေး ကော်မတီ အဖွဲ့ဝင် အထက်လွှတ် တော်အမတ် ဂျင်းန် ရှာဟီးန် (Jeanne Shaheen) ကလည်း X ပေါ်မှာ “ယူကရိန်းရဲ့ စတားရှီးလ် အသုံးပြုခွင့်ကို အခုလို ကန့်သတ်ထားတာတွေကို ချက်ချင်း ရပ်တန့်ရပါမယ်။ အသက်ပေါင်းများစွာ ရင်းနှီးနေရတာပါ။ အကယ်၍ ယူကရိန်းနဲ့ ထောက်လှမ်းရေး သတင်းအချက်အလက် မျှဝေတာကို ရပ်ဆိုင်းတာ ဒါမှမဟုတ် လျှော့ချတာမျိုး လုပ်ရင်လည်း ပန်တာဂွန်အနေနဲ့ လွှတ်တော်ကို သတိပေးဖို့ လိုအပ်ပါတယ်။ အဲဒီလို ဖြစ်လာခဲ့ရင်လည်း စစ်ရေးဆိုင်ရာ ဝန်ကြီး [ပီးတ် ဟက်ဂ်ဆက်သ် (Pete Hegseth)] အနေနဲ့ အဲဒါကို ချက်ချင်း အကြောင်းကြားရပါမယ်” လို့ ရေးသားခဲ့ပါတယ်။


မတ်စ်ခ်ရဲ့ ကုမ္ပဏီက စတားလင့်ခ် ဝန်ဆောင်မှုတွေကို လျှော့ချလိုက်တယ်ဆိုတဲ့ သတင်းဟာ ယူကရိန်းအတွက် စတားလင့်ခ် လစဉ်ကြေးတွေကို စိုက်ထုတ်ပေးနေတဲ့ ပိုလန်နိုင်ငံရဲ့ ဒေါသကို ဆွပေးလိုက်သလို ဖြစ်ခဲ့ပါတယ်။


ပိုလန် နိုင်ငံခြားရေးဝန်ကြီး ရာဒိုစလော့ဗ် ဆီကော်စကီး (Radoslaw Sikorski) က “ဟေး အီလွန်မတ်စ်ခ်၊ လူကြီးမင်းကြီး၊ မင်းရဲ့ ထုတ်ကုန်တွေနဲ့ နိုင်ငံရေး ကစားနေပြန်ပြီလား။ မင်းရဲ့ ဥရောပ အဝယ်တော်တွေအနေနဲ့ ငါတို့ မင်းကို စောင့်ကြည့်နေတယ်နော်” လို့ ရေးသားခဲ့ပါတယ်။



အဲဒီ “လူကြီးမင်းကြီး (Big man)” ဆိုတဲ့ လှောင်ပြောင်မှုဟာ ၂၀၂၅ တုန်းက လူမှုကွန်ရက်ပေါ်မှာ မတ်စ်ခ်၊ ဆီကော်စကီးနဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကို ရူးဘီယို (Marco Rubio) တို့ကြား ဖြစ်ခဲ့တဲ့ အငြင်းပွားမှုကို ရည်ညွှန်းတာပါ။ အဲဒီတုန်းက SpaceX ဘော့စ် မတ်စ်ခ်က ဆီကော်စကီးကို သူ့ရဲ့ X ပလက်ဖောင်းပေါ်မှာ “ပါးစပ်ပိတ်ထားစမ်းပါ လူပိုကြီး” လို့ ပြန်ပြောခဲ့ဖူးပါတယ်။


စတားလင့်ခ်ဆိုတာ ဆီကော်စကီးနဲ့ မတ်စ်ခ်ကြားမှာ ထိလွယ်ရှလွယ်တဲ့ အကြောင်းအရာတစ်ခု ဖြစ်ပါတယ်။ မတ်စ်ခ်က အကယ်၍ စတားလင့်ခ်ကို သာ ပိတ်လိုက်ရင် ယူကရိန်းရဲ့ “ရှေ့တန်းတစ်ခုလုံး ပြိုလဲသွားနိုင်တယ်” လို့ ပြောခဲ့ပြီးတဲ့နောက် နှစ်ယောက်သား ဒီနည်းပညာနဲ့ ပတ်သက်လို့ ပြင်းပြင်း ထန်ထန် အငြင်းပွားခဲ့ကြဖူးပါတယ်။


၂၀၂၅ အငြင်းပွားမှုအပြီးမှာတော့ မတ်စ်ခ်က “ယူကရိန်း မူဝါဒကို ငါ ဘယ်လောက်ပဲ သဘောမတူတူ၊ စတားလင့်ခ် တာမီနယ်တွေကိုတော့ ဘယ်တော့မှ ပိတ်မှာ မဟုတ်ဘူး” လို့ ပြောခဲ့ပါတယ်။ အဲဒီတုန်းက သူက “ငါတို့က အဲဒီလိုမျိုး ဘယ်တော့မှ လုပ်မှာမဟုတ်သလို၊ ဒါကို အဆစ်ပါတောင်းတဲ့ ဓားစာခံအဖြစ်လည်း သုံးမှာမဟုတ်ဘူး” လို့ ဆက်ပြောခဲ့တာပါ။


၂၀၂၅ ခုနှစ်၊ ဧပြီလ ၁၀ ရက်နေ့က  ယူကရိန်းနိုင်ငံ၊ Donetsk ဒေသရှိ Pokrovsk ရှေ့တန်းမြို့အနီးတွင် ရုရှားနဲ့ ယူကရိန်းတို့ကြား တိုက်ခိုက်နေတဲ့ရှေ့တန်းစစ်မြေပြင်မှာ Starlink ဂြိုဟ်တုစနစ်တစ်ခု တပ်ဆင်ထားစဥ်
၂၀၂၅ ခုနှစ်၊ ဧပြီလ ၁၀ ရက်နေ့က ယူကရိန်းနိုင်ငံ၊ Donetsk ဒေသရှိ Pokrovsk ရှေ့တန်းမြို့အနီးတွင် ရုရှားနဲ့ ယူကရိန်းတို့ကြား တိုက်ခိုက်နေတဲ့ရှေ့တန်းစစ်မြေပြင်မှာ Starlink ဂြိုဟ်တုစနစ်တစ်ခု တပ်ဆင်ထားစဥ်

‘တိုက်ဆိုင်မှုတော့ မဖြစ်နိုင်ဘူး’


အခုလို ဂြိုလ်တုအင်တာနက်လိုင်းအရှိန်နှုန်း လျှော့ချခံရတာဟာ ကိယက်ဗ်မြို့ကို ရုရှားရဲ့ ပစ်ခတ်ဒုံးကျည်တွေ ဒုတိယမြောက်ညအဖြစ် ဆက်တိုက် ထိမှန်ခဲ့ပြီး၊ အနည်းဆုံး လူ ၉ ယောက် သေဆုံးကာ လျှပ်စစ်နဲ့ အပူပေး စနစ်တွေ ပျက်စီးခဲ့ရပြီးတဲ့နောက်မှာ ဖြစ်ပွားခဲ့တာပါ။ ဇာလန်စကီးက ယူကရိန်းအနေနဲ့ အနောက်အုပ်စု မဟာမိတ်တွေဆီက ပုံမှန်ရနေကျ သတိပေးချက်တွေကို ဒုတိယမြောက်နေ့အဖြစ် မရရှိခဲ့ဘူးလို့ ပြောခဲ့ပေမဲ့ ဘယ်မဟာမိတ်နိုင်ငံလဲ ဆိုတာကိုတော့ အတိအကျ ထုတ်မပြောခဲ့ပါဘူး။


သတင်းရင်းမြစ်အချို့က ရိုက်တာ (Reuters) နဲ့ အခြား မီဒီယာတွေကို ပြောကြားချက်အရ အမေရိကန်ဟာ ရုရှားဆီက ဒုံးကျည်တိုက်ခိုက်မှု မဖြစ်ခင် ကြိုတင်သတိပေးမယ့် ထောက်လှမ်းရေး သတင်းအချက်အလက် မျှဝေမှုကို ဖြတ်တောက်မယ်လို့ ခြိမ်းခြောက်ထားပြီး၊ ရုရှားရဲ့ ရေနံချက်စက်ရုံတွေကို တိုက်ခိုက်နေတာတွေကို ရပ်ဆိုင်းဖို့ ကိယက်ဗ်ကို ဖိအားပေးနေတယ်လို့ သိရပါတယ်။


ထရမ့်ကတော့ အင်္ဂါနေ့မှာ အမေရိကန်အနေနဲ့ ထောက်လှမ်းရေး သတင်းအချက်အလက် မျှဝေတာကို မရပ်တန့်ထားပါဘူးလို့ ပြောဆိုခဲ့ပါတယ်။


မော်စကို (Moscow) ကို အထီးကျန်ဖြစ်စေဖို့ နိုင်ငံတကာရဲ့ ပိတ်ဆို့အရေးယူမှုတွေ ရှိနေပေမဲ့၊ ထရမ့်ဟာ ရုရှား ဒီဇယ်ဆီ တင်သွင်းဖို့ သမ္မတ ဗလာဒီမီယာ ပူတင် (Vladimir Putin) နဲ့ သဘောတူညီချက် ရယူခဲ့ပြီးတဲ့နောက် အခုလို လိုင်းအရှိန်နှုန်း လျှော့ချခံရတာဟာ “တိုက်ဆိုင်မှုတော့ မဖြစ်နိုင်ဘူး” လို့ ဘက်စ်ခရက်စနော့ဗ်က သတိပေးခဲ့ပါတယ်။


အေအက်ဖ်ပီ (AFP) သတင်းဌာနကို ပြောကြားရာမှာတော့ အခြား ယူကရိန်း တာဝန်ရှိသူတစ်ဦးက ဝါရှင်တန် (Washington) ဟာ စတားလင့်ခ် လိုင်းတွေကို အရှိန်လျှော့ချပြီး ရုရှားကို ကူညီနေတာပါလို့ စွပ်စွဲခဲ့ပါတယ်။

စနေနေ့တုန်းကလည်း ထရမ့်က ဇာလန်စကီးဟာ ရုရှားနဲ့ စစ်ပွဲကို အဆုံးသတ်ဖို့ လုံလုံလောက်လောက် မလုပ်ဆောင်ခဲ့ဘူးလို့ အပြစ်ဆိုခဲ့ပြီး၊ အမေရိကန်မှာ ဒီဇယ်စျေးနှုန်းတွေ မြင့်တက်နေတာဟာ သူ့ကြောင့်ပါဆိုပြီး စွပ်စွဲခဲ့ပါသေးတယ်။



ကြားဖြတ်ရွေးကောက်ပွဲတွေ နီးကပ်လာတာနဲ့အမျှ အမေရိကန်နဲ့ အီရန်တို့ စစ်ပွဲစတင်ခဲ့ချိန်ကစလို့ မြင့်တက်လာခဲ့တဲ့ စက်သုံးဆီစျေးနှုန်းတွေကို ထိန်းချုပ်ဖို့ ဖိအားတွေ ရှိလာတာကြောင့် ထရမ့်ဟာ ပြီးခဲ့တဲ့အပတ်က ရုရှားဒီဇယ်ဆီအပေါ် ပိတ်ဆို့အရေးယူထားတာတွေကို ဖယ်ရှားပေးခဲ့တာပါ။ သူက ရုရှား ရေနံချက်စက်ရုံတွေကို တိုက်ခိုက်နေတာတွေ ရပ်ဖို့ ကိယက်ဗ်ကို ပြောခဲ့သလို၊ ယူကရိန်းပြည်သူတွေကိုလည်း ဇာလန်စကီးနေရာမှာ အစားထိုးဖို့ အချန်ကျပြီလို့ တိုက်တွန်းခဲ့ပါတယ်။



Piers Morgan နဲ့ အင်တာဗျူးမှာ ဇာလစကီးက “သမ္မတ ထရမ့်က ငါတို့ဘက်က မဟုတ်ဘဲ တစ်ဖက်ဖက်ကို ရွေးချယ်လိုက်တာဟာ တကယ်ကို စိတ်နာဖို့ကောင်းပါတယ်” လို့ ပြောခဲ့ပါတယ်။ယူကရိန်း ခေါင်းဆောင်က ဆက်လက်ရှင်းပြရာမှာ ထရမ့်အနေနဲ့ ယူကရိန်းနဲ့ ရုရှားကြား ကြားနေအနေအထားမှာ ရှိနေတာကိုတော့ လက်ခံနိုင်ပေမဲ့ “ခင်ဗျားက ကြားထဲမှာ ရှိနေတယ်ဆိုရင်၊ ကြားထဲမှာပဲ တကယ် ကြားနေပေးရမှာပေါ့” လို့ ထည့်သွင်းပြောကြားခဲ့ပါတယ်။



စတားလင့်ခ် (Starlink) အင်တာနက်ဟာ ယူကရိန်းစစ်မြေပြင်မှာ ဘယ်လောက်ထိ အရေးပါနေလဲ။


အီလွန်မတ်စ်ခ် (Elon Musk) ရဲ့ စပါးစ်အိက်စ် (SpaceX) ကုမ္ပဏီက လုပ်ဆောင်နေတဲ့ စတားလင့်ခ် ဂြိုဟ်တုတွေဟာ ခေတ်သစ်စစ်ပွဲတွေမှာ အလွန်အားကိုးအားထားပြုရတဲ့ မြန်နှုန်းမြင့် အင်တာနက်ကို ပံ့ပိုးပေးနေတာ ဖြစ်ပါတယ်။


ယူကရိန်းအစိုးရဟာ ဒီစနစ်ကို စစ်မြေပြင် သတင်းအချက်အလက် ဆက်သွယ်ရေးနဲ့ ဒရုန်းစစ်ဆင်ရေးတွေအတွက် မရှိမဖြစ်လိုအပ်တဲ့ အရေးပါတဲ့ စစ်ရေးသုံး ကိရိယာတစ်ခုအဖြစ် အသုံးပြုနေတာပါ။


စတားလင့်ခ်ကို အသုံးပြုခြင်းအားဖြင့် ယူကရိန်း ဒရုန်းတွေဟာ ပုံမှန် ရေဒီယိုကွန်ရက်တွေထက် ပိုမိုဝေးကွာတဲ့ အကွာအဝေးမှာရှိတဲ့ ထိန်းချုပ်မောင်းနှင်သူတွေနဲ့ ပိုမိုခိုင်မာတဲ့ ဆက်သွယ်မှုကို ထိန်းထားနိုင်ပြီး၊ လိုင်းနှောင့်ယှက်ဖျက်ဆီးမှု (Jamming) တွေရဲ့ အန္တရာယ်ကနေလည်း ပိုမိုကင်းဝေးစေပါတယ်။


စတားလင့်ခ်နဲ့ ချိတ်ဆက်ထားတဲ့ ဒရုန်းတွေအပေါ် ရုတ်တရက် အရှိန်နှုန်း ကန့်သတ်လိုက်တာကြောင့် စစ်မြေပြင် "စစ်ဆင်ရေး" အချို့ အနှောင့်အယှက်ဖြစ်ခဲ့ရတယ်လို့ ယူကရိန်း ထိပ်တန်းတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။


သမ္မတ ဇာလန်းစကီးရဲ့ အကြံပေးဖြစ်သူ ဆာဟီး ဘက်စ်ခရက်စနော့ဗ် (Serhiy Beskrestnov) က အင်္ဂါနေ့ညမှာ SpaceX ဘက်က အသိပေးခြင်းမရှိဘဲ တစ်နာရီ မိုင် ၁၀၀ (၁၆၀ ကီလိုမီတာ) အရှိန်နှုန်း ကန့်သတ်ချက် သတ်မှတ်လိုက်တာကို တာဝန်ရှိသူတွေအနေနဲ့ ကြိုတင်မသိရှိခဲ့ကြဘူးလို့ ဆိုပါတယ်။


အခုလို အကွာအဝေးနဲ့ မြန်နှုန်း နည်းပါးတဲ့ ကန့်သတ်ချက်ကြောင့် ဂျက်အင်ဂျင်သုံး ရုရှားဒရုန်းတွေကို ကြားဖြတ်တိုက်ခိုက်ဖို့ ကြိုးပမ်းနေတဲ့ ယူကရိန်းရဲ့ ကြိုးပမ်းမှုတွေဟာ လုံးဝအသုံးမဝင်သွားခဲ့ရတယ်လို့ စစ်ပွဲလေ့လာရေး အဖွဲ့အစည်း (Institute for the Study of War - ISW) က ပြောပါတယ်။ ISW ရဲ့ အရာရှိ ဂျော့ချ် ဘာရို့စ် (George Barros) က စတားလင့်ခ်ဟာ "ယူကရိန်း စစ်ဘက်ဆိုင်ရာ ဆက်သွယ်ရေးရဲ့ ပင်မကျောရိုး" ဖြစ်ပြီး ကိယက်ဗ်ရဲ့ ရေတပ်၊ ကြေနပ်နဲ့ လေတပ် စတဲ့ တပ်ဖွဲ့အားလုံးမှာ အသုံးပြုနေတာဖြစ်တယ်လို့ ပြောကြားထားပါတယ်။


ISW ရဲ့ နည်းပညာနှင့် သတင်းအချက်အလက်ဆိုင်ရာ ညွှန်ကြားရေးမှူးဖြစ်သူ ဘာရို့စ်က BBC ကို ပြောကြားရာမှာ ဒီနည်းပညာဟာ "ဒရုန်းတွေ၊ အမြောက်တပ်တွေနဲ့ ကွပ်ကဲရေးစခန်းတွေကို ရီးရယ်လ်တိုင်းမ် (Real-time) ကွန်ရက်တစ်ခုတည်းအဖြစ် ပေါင်းစည်းပေးပြီး ပစ်မှတ်ရှာဖွေတွေ့ရှိချိန်ကနေ ပစ်ခတ်မှုပြုလုပ်ချိန်ကြား ကြာချိန်ကို အနည်းဆုံးဖြစ်အောင် လျှော့ချပေးနိုင်တာကြောင့်" အခုလို ကန့်သတ်လိုက်တာဟာ ကြီးမားတဲ့ ရိုက်ခတ်မှုတွေ ရှိလာနိုင်တယ်လို့ ပြောပါတယ်။


စတားလင့်ခ်ဟာ ရုရှားနိုင်ငံအတွင်းထဲမှာ အလုပ်မလုပ်ပေမဲ့ ယူကရိန်း ဒရုန်းတွေအနေနဲ့ တိုက်ခိုက်မှုတွေ ပြုလုပ်နေစဉ်မှာ ဒီဂြိုဟ်တုတွေကို အသုံးပြုပြီး ထိန်းချုပ်သူတွေဆီ သတင်းအချက်အလက် ပြန်လည်ပေးပို့နိုင်ပါတယ်။ ဒီကွန်ရက်နေရာမှာ အစားထိုးဖို့ အသင့်အတင့် ရှိနေတဲ့ အခြားစနစ်လည်း မရှိသေးပါဘူး။


စတားလင့်ခ် ချိတ်ဆက်ထားတဲ့ ဒရုန်းတွေဟာ ဂျက်အင်ဂျင်သုံး ရုရှားရဲ့ ရှာဟက် (Shahed) ဒရုန်းတွေကို ပြန်လည်ခုခံဖို့အတွက် ယူကရိန်းရဲ့ အထိရောက်ဆုံး နည်းလမ်းတွေထဲက တစ်ခုလည်း ဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။


ရှာဟက် ဒရုန်းတွေဟာ တစ်နာရီ မိုင် ၁၉၈ မိုင်ထက် ပိုမိုမြန်ဆန်တဲ့ အရှိန်နဲ့ ပျံသန်းတာကြောင့် SpaceX ရဲ့ ကန့်သတ်ချက်ကြောင့် ယူကရိန်းအနေနဲ့ အဲဒီဒရုန်းတွေကို လိုက်လံပစ်ခတ်ဖို့ လုံးဝ မဖြစ်နိုင်တော့တာပါ။


RUSI အဖွဲ့အစည်းရဲ့ အီလက်ထရွန်နစ် စစ်ဆင်ရေးဆိုင်ရာ ကျွမ်းကျင်သူ တေမ် ဝစ်တင်တန် (Tom Whittington) က BBC Radio 4 ရဲ့ PM အစီအစဉ်မှာ ပြောကြားရာမှာ ဒီဂြိုဟ်တုစနစ်ဟာ စမတ်ဖုန်းတွေလိုမျိုး ရုပ်သံ၊ စာသားနဲ့ အသံမက်ဆေ့ဂျ် အချက်အလက်အမြောက်အမြားကို ဖုန်းလိုင်း တာဝါတိုင်တွေ မလိုဘဲ အပြန်အလှန် ပေးပို့နိုင်အောင် ကူညီပေးတာဖြစ်တယ်လို့ ဆိုပါတယ်။


ဒီအရှိန်နှုန်း ကန့်သတ်ချက်တွေကြောင့် ကွန်ရက်နဲ့ ချိတ်ဆက်ထားတဲ့ မည်သည့် ပစ္စည်းမဆို တစ်နာရီ မိုင် ၁၀၀ ထက် ပိုမြန်အောင် မသွားနိုင်တော့ဘဲ ဖြစ်သွားစေတာကြောင့် ယူကရိန်းအတွင်းနဲ့ ရုရှားက သိမ်းပိုက်ထားတဲ့ နယ်မြေတွေထဲမှာ ဒရုန်းမောင်းနှင်ရတာကို ခက်ခဲသွားစေတယ်လို့ ဝစ်တင်တန်က ပြောပါတယ်။


အကြံပေး ဘက်စ်ခရက်စနော့ဗ် ကတော့ ဒီကန့်သတ်မှုတွေဟာ တိုက်ဆိုင်မှု မဟုတ်ဘဲ ယူကရိန်းနဲ့ ဝါရှင်တန်တို့ကြား လက်ရှိ ဖြစ်ပေါ်နေတဲ့ တင်းမာမှုတွေနဲ့ ဆက်စပ်နေတယ်လို့ ယုံကြည်ကြောင်း ပြောပါတယ်။


သမ္မတ ထရမ့်က ရုရှား ရေနံချက်စက်ရုံတွေကို ယူကရိန်းက အကွာအဝေးဝေး ပစ်ခတ်တိုက်ခိုက်နေတာကို ဝေဖန်ခဲ့ပြီး ခေါင်းဆောင်အသစ် ပြောင်းလဲဖို့ တောင်းဆိုခဲ့သလို၊ အီလွန်မတ်စ်ခ် ကလည်း အဲဒီဝေဖန်ချက်တွေကို ထောက်ခံပြောဆိုခဲ့ဖူးပါတယ်။


ကန့်သတ်မှုတွေနဲ့ ပတ်သက်လို့ ယူကရိန်းရဲ့ မကျေမနပ် ပြောဆိုမှုတွေကြောင့် စတားလင့်ခ်ရော၊ ပန်တာဂွန်အတွက် SpaceX က သီးသန့် ထုတ်လုပ်ပေးထားတဲ့ စစ်ဘက်သုံး စတားရှီးလ် (Starshield) ကွန်ရက်အပေါ်မှာပါ အာရုံစိုက်မှုတွေ ပိုများလာခဲ့ပါတယ်။


မတ်စ်ခ်ကတော့ ဒီစနစ်နှစ်ခုဟာ သီးခြားစီဖြစ်တယ်လို့ ပြောပေမဲ့ ကိစ္စတော်တော်များများမှာ အခြေခံ ဂြိုဟ်တုနည်းပညာ အတူတူကိုပဲ မျှဝေသုံးစွဲနေကြတာ ဖြစ်ပါတယ်။


ဒါ့အပြင် X ပေါ်က ပို့စ်တစ်ခုမှာ မတ်စ်ခ်က ယူကရိန်းဘက်က နည်းပညာ သုံးစွဲမှု နှေးကွေးသွားရတာဟာ အမေရိကန် အစိုးရမှာ တာဝန်ရှိနိုင်တယ်လို့ အရိပ်အမြွက် ပြောကြားခဲ့ပါတယ်။


“စတားရှီးလ် စနစ်တွေကို အမေရိကန်အစိုးရက ပိုင်ဆိုင်ပြီး ထိန်းချုပ်ထားတာပါ။ အရှိန်နှုန်း ဒါမှမဟုတ် အသုံးပြုမှု ကန့်သတ်ချက် အားလုံးဟာ အမေရိကန်စစ်တပ်နဲ့ အဓိကအားဖြင့် သမ္မတရဲ့ ဆုံးဖြတ်ချက်အတိုင်းပဲ ဖြစ်ပါတယ်” လို့ သူက ရေးသားခဲ့ပါတယ်။


“စတားလင့်ခ် ဆိုတာကတော့ SpaceX က ပိုင်ဆိုင်ပြီး ထိန်းချုပ်ထားတဲ့ စီးပွားရေးသုံး ဝန်ဆောင်မှုတစ်ခုပါ။ စတားလင့်ခ် အသုံးပြုမှုကို အရပ်ဘက် ဒါမှမဟုတ် ကာကွယ်ရေး လုပ်ငန်းတွေမှာပဲ ကန့်သတ်ထားပြီး တိုက်စစ်ဆင်တဲ့ စစ်ရေးလုပ်ရပ်တွေအတွက် သုံးလို့မရပါဘူး၊ စီးပွားရေး ကုမ္ပဏီတစ်ခုအနေနဲ့ အဲဒီလိုလုပ်တာ မသင့်တော်ပါဘူး” လို့ သူက ဆက်ပြောပါတယ်။


ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်ဟာ ၂၀၂၂ ခုနှစ်မှာ ယူကရိန်းကို အပြည့်အဝ ကျူးကျော်ဝင်ရောက်ခဲ့တာဖြစ်ပြီး လက်ရှိမှာ မော်စကိုဟာ ယူကရိန်းနယ်မြေရဲ့ ၂၀ ရာခိုင်နှုန်းခန့်ကို ထိန်းချုပ်ထားပါတယ်။


SpaceX ရဲ့ ဂြိုဟ်တု ဆက်သွယ်ရေးစနစ်ဟာ လေးနှစ်ကြာ ဖြစ်ပွားနေတဲ့ ဒီစစ်ပွဲအတွင်း တပ်ဖွဲ့နှစ်ခုလုံးအတွက် မရှိမဖြစ် အရေးပါခဲ့ပြီး ရုရှားဘက်က ခရီးသည်တင် ရထားတစ်စင်းကို တိုက်ခိုက်မှုအပါအဝင် ကိစ္စအချို့မှာ ပါဝင်ခဲ့ဖူးပါတယ်။ သို့သော်လည်း ပြီးခဲ့တဲ့လများအတွင်း မတ်စ်ခ်က ရုရှားတပ်ဖွဲ့တွေ စတားလင့်ခ် တာမီနယ် သုံးစွဲမှုကို ဖြတ်တောက်လိုက်တာကြောင့် ယူကရိန်းမှာ ရုရှားရဲ့ ထိုးစစ်ဆင်မှုတွေကို တန့်သွားစေခဲ့ပြီး ရုရှားစစ်သူကြီးတွေကြားထဲမှာလည်း ရှုပ်ထွေးမှုတွေ ဖြစ်ပေါ်စေခဲ့ပါတယ်။



ခရက်ဒစ်- AL Jazeera ၊ BBC


Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page