မင်းအောင်လှိုင်နဲ့ထိတွေ့ဆက်ဆံတာဟာ သံတမန်ရေးအစိတ်အပိုင်းတခုသာဖြစ်ပြီး အသိအမှတ်ပြုတာလို့မယူဆသင့်ကြောင်း မလေးရှားဝန်ကြီးချုပ် အန်ဝါရဲ့လက်ထောက် ပြောကြား

သူရ/BVJ_ အောက်တိုဘာ ၈၊ ၂၀၂၆

မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို မလေးရှားအစိုးရကထိတွေ့ဆက်ဆံဆွေးနွေးမှုတွေပြုလုပ်တာဟာ စစ်အုပ်စုကိုအသိအမှတ်ပြုတာ သို့မဟုတ် ထောက်ခံအားပေးတာလို့လုံးဝမယူဆသင့်ကြောင်း မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်ရဲ့နိုင်ငံရေးအတွင်းရေးမှူး ကာမေးလ် အဗ္ဗဒူ မူနင် (Kamil Abdul Munim) ကခုခံကာကွယ်ပြောဆိုလိုက်ပါတယ်။
PKR လူငယ်အဖွဲ့ခေါင်းဆောင်လည်းဖြစ်တဲ့ ကာမေးလ်ဟာ စစ်အုပ်စုရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေရှိနေတဲ့ကြားက မလေးရှားဘက်က မင်းအောင်လှိုင်ရဲ့ နှစ်ရက်ကြာခရီးစဉ်အတွက် “ကော်ဇောနီခင်းပြီး ကြိုဆိုနေတယ်”လို့ ယခင်ကလန်း (Klang) မြို့နယ်လွှတ်တော်အမတ် ချားလ်စ် ဆန်တီယာဂို (Charles Santiago)ရဲ့ဝေဖန်မှုကို အခုလိုတုံ့ပြန်ခဲ့တာဖြစ်ပါတယ်။ (ဝေဖန်ခဲ့တဲ့ ချားလ်စ် ဆန်တီယာဂိုဟာ မလေးရှားနိုင်ငံ Democratic Action Party ရဲ့အမတ်ဟောင်းတစ်ဦးဖြစ်သလို၊ အာဆီယံ လူ့အခွင့်အရေးဆိုင်ရာ ပါလီမန်အမတ်များ (APHR) ရဲ့ ဥက္ကဋ္ဌလည်း ဖြစ်ပါတယ်။)
မြန်မာပြည်သူတွေအပေါ် ကျူးလွန်နေတဲ့ရက်စက်ကြမ်းကြုတ်မှုတွေကို လျစ်လျူရှုဖုံးကွယ်လို့မရနိုင်တာကြောင့် မြန်မာစစ်ခေါင်းဆောင်ပိုင်းနဲ့ မလေးရှားအစိုးရရဲ့ ထိတွေ့ဆက်ဆံမှုကိုဝေဖန်တာဟာတရားမျှတပါတယ်လို့ ကာမေးလ်ကပြောပါတယ်။ ဒါပေမဲ့လည်း ညှိနှိုင်းဆွေးနွေးခြင်းနဲ့ အပြန်အလှန်ဆွေးနွေးပြောဆိုခြင်းဟာ သံတမန်ရေးရဲ့တစ်စိတ်တစ်ပိုင်းအဖြစ်ဆက်လက်တည်ရှိနေဆဲဖြစ်ပြီး မြန်မာနိုင်ငံနဲ့မလေးရှားတို့ရဲ့ ထိတွေ့ဆက်ဆံမှုဟာ စစ်အုပ်စုတစုတည်းအပေါ်မှာတင်ကန့်သတ်မထားဘူးလို့ သူကအလေးအနက်ပြောကြားခဲ့ပါတယ်။
မလေးရှားနိုင်ငံက အာဆီယံဥက္ကဋ္ဌတာဝန်ယူခဲ့တဲ့ ပြီးခဲ့တဲ့နှစ်ကဆိုရင် ဝန်ကြီးချုပ် အန်ဝါဟာ နိုင်ငံတကာကအသိအမှတ်ပြုထားတဲ့ ပြည်ပရောက် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့ ကိုယ်စားလှယ်တွေနဲ့ပါ တွေ့ဆုံခဲ့ဖူးပါတယ်။
“ဒီချဉ်းကပ်ပုံကရှင်းပါတယ် - အကျပ်အတည်းကနေထွက်ပေါက်ရှာဖို့အတွက် သက်ဆိုင်သူအားလုံးနဲ့ထိတွေ့ဆက်ဆံဖို့ပါပဲ”
“ဒါကြောင့် ‘ကော်ဇောနီခင်းတယ်’ဆိုတဲ့အသုံးအနှုန်းဟာ နိုင်ငံရေးအရ ဆွဲဆောင်မှုရှိတဲ့ခေါင်းစဉ်တစ်ခုဖြစ်နိုင်ပေမဲ့၊ သံတမန်ရေးရဲ့ ရှုပ်ထွေးနက်နဲမှုတွေကိုတော့ရှင်းပြနိုင်စွမ်းမရှိပါဘူး”လို့ သူကဆိုပါတယ်။

ထိတွေ့ဆက်ဆံတယ်ဆိုတာကို အသိအမှတ်ပြုတယ်၊ သဘောတူတယ်လို့အဓိပ္ပာယ်ကောက်လို့ မရသလို တဖက်မှာလည်း ဒီလိုထိတွေ့ဆက်ဆံတာဟာ ရက်စက်ကြမ်းကြုတ်မှုတွေကိုမျက်ကွယ်ပြုတာမဟုတ်ဘူးလို့ ကာမေးလ်ကအလေးပေးပြောပါတယ်။ မလေးရှားနိုင်ငံအနေနဲ့ ပြင်းပြင်းထန်ထန်သဘောမတူခဲ့တဲ့အဖွဲ့အစည်းတွေနဲ့တောင် သမိုင်း ကြောင်းအရဆွေးနွေးပြောဆိုမှုတွေကို ပြုလုပ်လာခဲ့ဖူးတယ်လို့ သူက ထောက်ပြပါတယ်။
၁၉၇၄ ခုနှစ်တုန်းက ဝန်ကြီးချုပ်ဟောင်း အဗ္ဗဒူလ် ရာဇက် ဟူစင် (Abdul Razak Hussein) ဟာ တရုတ်နိုင်ငံ၊ဘေဂျင်းမြို့ကိုသွားရောက်ပြီး တရုတ်နဲ့သံတမန်ဆက်ဆံရေးမစတင်မီ မော်စီတုံး၊ ချူအင်လိုင်းတို့နဲ့ တွေ့ဆုံခဲ့တာကိုလည်း သူကထောက်ပြခဲ့ပါတယ်။ “မော်စီတုံးကို လက်ဆွဲနှုတ်ဆက်လိုက်ရုံနဲ့ တန်ရာဇက်က ကွန်မြူနစ်ဖြစ်သွားတာလား”လို့ သူက မေးခွန်းထုတ်ခဲ့ပါတယ်။
ဒါ့အပြင် ဖိလစ်ပိုင်အစိုးရနဲ့ မိုရိုအစ္စလာမ် လွတ်မြောက်ရေးတပ်ဦး (MILF)တို့အကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာရော၊ ထိုင်းနိုင်ငံ တောင်ပိုင်းငြိမ်းချမ်းရေးဖြစ်စဉ်တွေမှာပါ မလေးရှားနိုင်ငံကကြားဝင်စေ့စပ်ပေးသူတစ်ဦးအနေနဲ့ပါဝင်ခဲ့တာတွေကိုပါ သူကထပ်လောင်းပြောကြားခဲ့ပါတယ်။
အလားတူပဲ မလေးရှားနိုင်ငံက အမေရိကန်သမ္မတတစ်ဦးကို အပြည့်အဝ သံတမန်ရေးရာဂုဏ်ပြုမှုတွေနဲ့ လက်ခံဧည့်ခံခဲ့ခြင်းဟာ အီရတ်နဲ့ အာဖဂန်နစ္စတန် စစ်ပွဲတွေအပေါ် ဝါရှင်တန်ရဲ့ မူဝါဒတွေကိုဖြစ်စေ၊ ဂါဇာ ပဋိပက္ခမှာ အစ္စရေးကိုထောက်ပံ့နေတာတွေကိုဖြစ်စေ မလေးရှားအစိုးရက ထောက်ခံအားပေးနေတယ်လို့ အဓိပ္ပာယ်မသက်ရောက်ဘူးလို့ဆိုပါတယ်။
“ဒီဖြစ်ရပ်အားလုံးမှာ ဆွေးနွေးညှိနှိုင်းဖို့တံခါးဖွင့်ပေးခဲ့တာဟာ စားပွဲဝိုင်းမှာပါဝင်တဲ့ပါတီအားလုံးနဲ့ ကျွန်တော်တို့အစဉ်အမြဲသဘောတူလို့ မဟုတ်ဘဲ ဆက်သွယ်ရေးလမ်းကြောင်းတွေအားလုံးပိတ်သွားရင် ပဋိပက္ခတွေကို ဘယ်လိုမှဖြေရှင်းလို့မရနိုင်လို့ပါပဲ” လို့ သူကပြောပါတယ်။

အဓိကရည်မှန်းချက်ကို အာရုံစိုက်ဖို့
မလေးရှားနိုင်ငံအနေနဲ့ ဒီဆွေးနွေးပွဲတွေကနေ ဘာတွေလိုချင်နေလဲဆိုတာက ပိုပြီးအရေးကြီးတဲ့မေးခွန်းဖြစ်တယ်လို့ ကာမေးလ်ကဆိုပါတယ်။ အဲဒီအထဲမှာ အကြမ်းဖက်မှုတွေရပ်တန့်ဖို့၊ အာဆီယံရဲ့ ဘုံသဘောတူညီချက် ၅ ချက်ကိုအကောင်အထည်ဖော်ဖို့၊ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေရယူနိုင်ဖို့နဲ့ အားလုံးပါဝင်တဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေလုပ်ဆောင်နိုင်ဖို့ စတာတွေပါဝင်တယ်လို့ သူက ပြောပါတယ်။ ဒါ့အပြင် နှစ်နိုင်ငံဆွေးနွေးမှုတွေရဲ့ရည်ရွယ်ချက်ကတော့ မြန်မာနိုင်ငံသားတွေကိုပြန်လည်ပို့ဆောင်တဲ့အခါတိုင်း ဆန္ဒအလျောက်၊ ဘေးကင်းလုံခြုံစွာနဲ့ ဂုဏ်သိက္ခာရှိရှိလုပ်ဆောင်နိုင်ဖို့သေချာစေရန်ဖြစ်တယ်လို့လည်း ထပ်လောင်းပြောပါတယ်။
“ရက်စက်ကြမ်းကြုတ်မှုတွေကို ကျွန်တော်တို့ရှုတ်ချနိုင်သလို တစ်ဖက်မှာလည်း အဲဒါတွေကိုရပ်တန့်ပိုင်ခွင့်ရှိတဲ့သူတွေနဲ့ စကားပြောလို့ရပါတယ်။ အဲဒီနှစ်ခုဟာ တစ်ခုနဲ့တစ်ခုဆန့်ကျင်နေတာမဟုတ်ပါဘူး”
“သံတမန်ရေးဆိုတာငြိမ်းချမ်းရေး၊ ဒေသတွင်းလုံခြုံရေးနဲ့ လူ့အသက်တွေအရေးကြီးချိန်မှာ ကျွန်တော်တို့သဘောမတူတဲ့အဖွဲ့အစည်းတွေနဲ့ ရဲရဲဝံ့ဝံ့ စကားပြောဆိုခြင်းပါပဲ”လို့ သူကပြောပါတယ်။

စောစောပိုင်းတုန်းကတော့ မင်းအောင်လှိုင်ရဲ့မလေးရှားခရီးစဉ်အတွင်း တရားဝင်ဧည့်ခံပေးခြင်းအားဖြင့် မြန်မာနိုင်ငံအပေါ် အာဆီယံရဲ့ ရပ်တည်ချက်ကို ဝန်ကြီးချုပ် အန်ဝါက နိုင်ငံရေးအရအားနည်းသွားစေခဲ့တယ်လို့ ချားလ်စ် ဆန်တီယာဂိုကဝေဖန်ခဲ့ဖူးပါတယ်။ စစ်ခေါင်းဆောင်ကိုဖိတ်ခေါ်ဧည့်ခံတာဟာ ကုလသမဂ္ဂကအသိအမှတ်မပြုတဲ့ အစိုးရတရပ်ကိုတရားဝင်သလိုဖြစ်သွားစေနိုင်ပြီး အာဆီယံရဲ့ ဘုံသဘောတူညီချက် ၅ ချက်ကိုပါပိုပြီးအားနည်းသွားစေနိုင်တယ်လို့ သူကထောက်ပြခဲ့တာဖြစ်ပါတယ်။
ဝေဖန်မှုတွေနဲ့ပတ်သက်ပြီး ဝန်ကြီးချုပ် အန်ဝါကတော့ ဒုက္ခသည် အကျပ်အတည်းကိုဖြေရှင်းဖို့အတွက် မြန်မာနိုင်ငံနဲ့ထိတွေ့ဆက်ဆံဖို့ လိုအပ်ကြောင်း ဒါပေမဲ့ မလေးရှားနဲ့အာဆီယံအနေနဲ့ စစ်တပ်ဦးဆောင်တဲ့ အစိုးရကိုအသိအမှတ်ပြုဖို့အသင့်မဖြစ်သေးဘူးဆိုတဲ့ရပ်တည်ချက်ကိုတော့ ဆက်လက်ထိန်းသိမ်းထားဆဲဖြစ်ကြောင်း ခုခံပြောဆိုထားပါတယ်။
အခုမလေးရှားနိုင်ငံကိုရောက်ရှိနေတဲ့ အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ဟာ ဝန်ကြီးချုပ် အန်ဝါနဲ့တွေ့ဆုံဆွေးနွေးမယ့် အဓိက အကြောင်းအရာတွေထဲမှာ မြန်မာနိုင်ငံသားတွေကိုပြန်လည်ပို့ဆောင်မယ့် ကိစ္စရပ်တွေလည်းပါဝင်နေပါတယ်။
ဒီဖိတ်ခေါ်မှုအပေါ် နိုင်ငံတကာနဲ့ Human Rights Watch (HRW) ကဲ့သို့သော လူ့အခွင့်အရေးအဖွဲ့အစည်းတွေဘက်ကတော့ စစ်ခေါင်းဆောင်ကို တရားဝင်မှု (Legitimacy)ပေးသလိုဖြစ်သွားနိုင်တယ်ဆိုပြီး ပြင်းပြင်းထန်ထန်ဝေဖန်ကန့်ကွက်နေကြပါတယ်။ သို့သော်လည်း မလေးရှားအစိုးရဘက်ကမူ ဒီလိုဖိတ်ခေါ်တွေ့ဆုံခြင်းဟာ စစ်ကောင်စီရဲ့လုပ်ရပ်တွေကိုအသိအမှတ်ပြုခြင်း (Recognition)လုံးဝမဟုတ်ဘဲ၊ ပြည်တွင်းမှာလွန်ကဲလာနေတဲ့ ဒုက္ခသည်အကျပ်အတည်းကိုလက်တွေ့ကျကျဖြေရှင်းနိုင်ရန်အတွက် သံတမန်ရေးရာအရဆက်သွယ်ညှိနှိုင်းမှု (Engagement) ပြုလုပ်ခြင်းသာဖြစ်ကြောင်း တုံ့ပြန်ထားပါတယ်။
ဆိုလိုတာကတော့ လူ့အခွင့်အရေးအရရှုတ်ချရမယ့်အပိုင်းကိုရှုတ်ချနေမှာဖြစ်သော်လည်း၊ လက်တွေ့မြေပြင်က ဒုက္ခသည်ပြဿနာပြေလည်ရေးအတွက်မူ လက်ရှိအာဏာရှိနေသူတွေနဲ့ စကားပြောရမယ့် အနေအထားကြောင့် စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ခရီးစဉ် ဖြစ်မြောက်လာခြင်းဖြစ်ကြောင်း သုံးသပ်နိုင်ပါတယ်။
ခရက်ဒစ် - Malaysiakini




Comments