မလေးရှားကရိုဟင်ဂျာတွေ မြန်မာနိုင်ငံပြန်ပို့မယ့်ဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်ရဲ့အဆိုပြုချက်ကို အရပ်ဘက်အဖွဲ့အစည်း ၁၆၆ ဖွဲ့ကန့်ကွက်

နီသွင်/BVJ_စက်တင်ဘာ ၂၄၊ ၂၀၂၆

မြန်မာနိုင်ငံဘက်မှာလုံခြုံရေးအာမခံချက်မရှိသေးဘဲ လူမျိုးသုဉ်းသတ်ဖြတ်မှု အန္တရာယ်တွေရှိနေဆဲဖြစ်တဲ့အတွက် မလေးရှားနိုင်ငံကရိုဟင်ဂျာတွေကို မြန်မာနိုင်ငံဘက်အတင်းအကျပ်ပြန်လည်ပို့ဆောင်မယ့် မလေးရှားဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်ရဲ့အဆိုပြုချက်အပေါ် အရပ်ဘက်အဖွဲ့အစည်းပေါင်း ၁၆၆ ခုနဲ့လူပုဂ္ဂိုလ် ၁၄၀ ကျော်က စက်တင်ဘာ၂၃ ရက်စွဲနဲ့ပူးတွဲကြေညာချက်ထုတ်ပြီး အပြင်းအထန်ကန့်ကွက်ရှုတ်ချလိုက်ပါတယ်။
လူမျိုးသုဉ်းသတ်ဖြတ်မှုတွေဖြစ်ပွားခဲ့တဲ့နေရာဆီကို ရိုဟင်ဂျာတွေကိုအတင်း အကျပ်ပြန်ပို့ဖို့အတွက် မြန်မာစစ်ခေါင်းဆောင်မင်းအောင်လှိုင်နဲ့ပူးပေါင်းဆောင်ရွက်မှုရယူမယ့် မလေးရှားဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်ရဲ့အဆိုပြုချက်ဟာ အလွန်အမင်းစိုးရိမ်စရာကောင်းတယ်လို့ ထုတ်ပြန်ချက်ထဲမှာဖော်ပြထားပါတယ်။
အဲဒီထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး သဘောတူလက်မှတ်ထိုးထားတဲ့ ၁၆၆ဖွဲ့ထဲမှာ ပါဝင်တဲ့ ယူကေအခြေစိုက် Burma Human Rights Network ရဲ့တာဝန်ခံ ကိုကျော်ဝင်းက Burma VJကိုအခုလိုပြောပါတယ်။
“ဒီကိစ္စမှာ အရေးကြီးတဲ့အချက်တစ်ချက်ကိုပြောဖို့လိုတာက ရိုဟင်ဂျာတွေက မြန်မာပြည်ကနေ မလေးရှားကိုတရားဝင်နည်းလမ်းနဲ့ ရောက်သွားကြတဲ့သူတွေ မဟုတ်ပါဘူး။ ထွက်ပြေးရင်းနဲ့စာရွက်စာတမ်းအထောက်အထားမရှိတဲ့ ရွှေ့ပြောင်းနေထိုင်သူ (undocumented migrant)တွေအနေနဲ့ ရောက်သွားကြတာပါ။ပြီးတော့ ဒီလူတွေကသာမန်အထောက်အထားမဲ့ ရွှေ့ပြောင်းနေထိုင်သူတွေမဟုတ်ဘူး။ သူတို့ကလူမျိုးသုဉ်းသတ်ဖြတ်မှုဒဏ်က ထွက်ပြေးလွတ်မြောက်လာသူတွေ (genocide survivor)ဖြစ်ကြပါတယ်။ ဒီလူတွေကို ပြန်ပို့တယ်ဆိုတာက နိုင်ငံတကာဥပဒေနဲ့ ညှိစွန်းပါတယ်။ ဒီဟာကိုလည်း မလေးရှားနိုင်ငံကို နိုင်ငံတကာကဝိုင်းဝန်းသတိပေးနေကြပါတယ်။ ဒီလူတွေကို အကြမ်းဖက်သတ်ဖြတ်ခဲ့တဲ့၊ လူမျိုးသုဉ်းသတ်ဖြတ်ခဲ့တဲ့ စစ်တပ်ရဲ့လက်ထဲကို ပြန်အပ်မယ်ဆိုတာက ဒါဟာတော်တော်လေးမှားယွင်းတယ်လို့ပြောလို့ရပါမယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်တို့လူ့အခွင့်အရေးအဖွဲ့အစည်းတွေအနေနဲ့ကတော့ လူ့အခွင့်အရေးချိုးဖောက်တယ်လို့မြင်လာရင် အသံထွက်ရမှာပါပဲ” လို့ ကိုကျော်ဝင်းကပြောပါတယ်။

ပြီးတော့ မလေးရှားမှာနေထိုင်တဲ့ရိုဟင်ဂျာတွေ ဥပဒေချိုးဖောက်တယ်ဆိုရင်လည်း သက်ဆိုင်ရာနိုင်ငံမှာပြဋ္ဌာန်းထားတဲ့ဥပဒေအတိုင်း အရေးယူဆောင်ရွက်သင့်ပြီး အခုလိုမြန်မာပြည်ကိုပြန်ပို့မယ်ဆိုတာက နိုင်ငံတကာဥပဒေကိုချိုးဖောက်ရာကျကြောင်းကိုလည်း ကိုကျော်ဝင်းကထပ်လောင်း ပြောကြားခဲ့ပါတယ်။
လာမယ့်နှစ်ကျရင် မလေးရှားမှာရွေးကောက်ပွဲရှိတာကြောင့် ပြည်တွင်းထောက်ခံမှုမဲရဖို့အတွက် နိုင်ငံရေးပါတီတွေကြားမှာ ရိုဟင်ဂျာကိစ္စကိုအသုံးချပြီး နိုင်ငံရေးကစားကွက်တွေရှိနေနိုင်တယ်လို့ လေ့လာသုံးသပ်မှုတွေလည်းရှိနေပါတယ်။
သဘောတူလက်မှတ်ထိုးပူးတွဲထုတ်ပြန်ခဲ့တဲ့ အရပ်ဘက်အဖွဲ့အစည်း ၁၆၆ဖွဲ့ထဲမှာ လန်ဒန်အခြေစိုက် ရိုဟင်ဂျာအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Burmese Rohingya Organisation UK (BROUK) အဖွဲ့ပါဝင်နေတာမတွေ့ ရတာကြောင့် BROUKအဖွဲ့ ဥက္ကဋ္ဌကိုထွန်းခင်ကို Burma VJ ကဆက်သွယ်မေးမြန်းထားပေမယ့် တစ်စုံတစ်ရာအကြောင်းပြန်ကြားချက်မရရှိသေးပါဘူး။
စစ်ခေါင်းဆောင်ကို သူ့ကိုယ်သူသမ္မတအဖြစ်ကြေညာခွင့်ပေးခဲ့တဲ့ အတုအ ယောင်ရွေးကောက်ပွဲကိုထောက်ခံအားပေးမှာမဟုတ်ဘူးလို့ မလေးရှားနိုင်ငံက အခုနှစ်အစောပိုင်းမှာကတိကဝတ်ပြုခဲ့ဖူးပေမယ့် အခုအခါမှာတော့ မလေးရှားဝန်ကြီးချုပ်က မလေးရှားနိုင်ငံမှာခိုလှုံနေကြတဲ့ ရိုဟင်ဂျာတွေကို အစုလိုက်အပြုံလိုက် အတင်းအကျပ်နှင်ထုတ်မယ့်ကိစ္စဆွေးနွေးဖို့အတွက် မင်းအောင်လှိုင်ကိုဖိတ်ကြားလိုက်ပြီဖြစ်ကြောင်း ကြေညာခဲ့တာကြောင့် မလေးရှားနိုင်ငံကနိုင်ငံရေးသမားတွေအပြင် အများစုကပါအံ့အားသင့်ခဲ့ကြရပါတယ်။
မလေးရှားဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်အနေနဲ့ - ကော်ဇော်နီခင်းကြိုဆိုမယ့် အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ ရိုဟင်ဂျာတွေအပေါ် ဆက်လက်ကျူးလွန်နေဆဲဖြစ်တဲ့ လူမျိုးသုဉ်းသတ်ဖြတ်မှုကြီးရဲ့ အဓိက တာဝန်ရှိသူဖြစ်တဲ့အတွက် သူ့ကိုဖမ်းဝရမ်းထုတ်ပေးဖို့ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (ICC)က လက်ရှိမှာစဉ်းစားသုံးသပ်နေဆဲဖြစ်တယ်ဆိုတာကို အမှတ်ရနေဖို့အရေးကြီးကြောင်းလည်း အဲ့ဒီထုတ်ပြန်ချက်ထဲမှာဖော်ပြထားပါတယ်။

၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလကုန်အထိစာရင်းတွေအရ မလေးရှားနိုင်ငံမှာ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR)ထံမှတ်ပုံတင်ထားတဲ့ ဒုက္ခသည်နဲ့ ခိုလှုံခွင့်တောင်းခံထားသူ ဦးရေ ၂၁၅,၆၀၀ ကျော်ရှိပါတယ်။
မြန်မာဘက်ကတော့ ရိုဟင်ဂျာ ၅,၀၀၀ ကိုအဆင့်လိုက်ပြန်လက်ခံဖို့ သဘောတူထားပြီး ပထမအသုတ်အနေနဲ့ လူ ၁,၅၀၀ ခန့်ကို စတင်ပြန်လည်ပို့ဆောင်နိုင်ဖို့အတွက် နှစ်နိုင်ငံညှိနှိုင်းဆောင်ရွက်နေကြပါတယ်။ မလေးရှားဝန်ကြီးချုပ်ဘက်ကတော့ ဒုက္ခသည်အရေးနဲ့ပတ်သက်ပြီး ပြည်တွင်းမှာဖိအားတွေမြင့်မားလာတဲ့အတွက် သံတမန်နည်းလမ်းအရ အခုလိုလုပ်ဆောင်ရခြင်းဖြစ်တယ်လို့ဆိုပါတယ်။



Comments