မလေးရှားမှာ လူချင်းတွေ့ဆုံဆွေးနွေးဖို့ အကြံပြုခဲ့တယ်လို့ NUG နိုင်ငံခြားရေးဝန်ကြီး အတည်ပြု
- BVJ
- Apr 24
- 1 min read
BVJ/အေတီ_ ဧပြီ ၁၈ ၊ ၂၀၂၅

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းနဲ့ အာဆီယံအလှည့်ကျဥက္ကဌ မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်တို့ တွေ့ဆုံခဲ့တဲ့ ဒီနေ့ တွေ့ဆုံပွဲမှာ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေနဲ့ ဆက်ဆံရေး တိုးမြှင့်ဆောင်ရွက်နိုင်ရေးအတွက် မလေးရှားနိုင်ငံမှာ လူချင်းတွေ့ ဆုံကြဖို့ ဆွေးနွေးခဲ့တယ်လို့ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က Burma VJ ကို အတည်ပြုပါတယ်။
“မလေးဝန်ကြီးချုပ်ကလည်း စပြောတာပါ၊ ကျမတို့ဝန်ကြီးချုပ်ကလည်း ထိုင်းမှာဖြစ်စေ မလေးမှာဖြစ်စေ လုံခြုံရေးအာမခံရင် လူချင်းတွေ့ဆုံဖို့ အဆင်သင့်ရှိပါတယ်။ မလေးမှာဆိုရင်တော့ ပိုကောင်းတာပေါ့ဆိုတာ ပြောတာပါ” လို့ ဆွေးနွေးခဲ့တဲ့အကြောင်း ဒေါ်ဇင်မာအောင်က ပြောပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းနဲ့ အာဆီယံအလှည့်ကျဥက္ကဌ မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်တို့ ဒီနေ့ ဧပြီ ၁၈ ရက် မနက်ပိုင်းမှာ Teleconference (အွန်လိုင်း) ကနေတဆင့် တွေ့ဆုံဆွေးနွေးမှု လုပ်ဆောင်ခဲ့ပါတယ်။
မလေးရှားဝန်ကြီးချုပ်ဘက်က မလေးရှားအစိုးရအထူးကိုယ်စားလှယ်အဖွဲ့၊ NUG အစိုးရဘက်က ဝန်ကြီးချုပ်မန်းဝင်းခိုင်သန်း၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်၊ သံအမတ်ကြီး ဦးကျော်မိုးထွန်း နဲ့ ဝန်ကြီးချုပ်ရုံး အတွင်းဝန်လဲ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။
အထက်ပါတွေ့ဆုံမှုဟာ NUG အစိုးရနဲ့ အာဆီယံအဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံရဲ့ ကိုယ်စားလှယ်တွေ ပထမဆုံးတရားဝင်တွေ့ဆုံမှုဖြစ်ပါတယ်။
Kommentarer