top of page

မလေးရှားက မြန်မာအများစု မသွားချင်ဘဲ ရောက်နေရတဲ့နေရာ

  • Writer: BVJ
    BVJ
  • 2 days ago
  • 2 min read

နေအောင်


ကွာလာလမ်ပူမြို့လယ်အနီး Ampang Jaya မြို့နယ် Desa Pahlawan Jalanဆိုတဲ့ ရပ်ကွက်မှာရှိတဲ့ မလေးရှားနိုင်ငံ မြန်မာသံရုံး
ကွာလာလမ်ပူမြို့လယ်အနီး Ampang Jaya မြို့နယ် Desa Pahlawan Jalanဆိုတဲ့ ရပ်ကွက်မှာရှိတဲ့ မလေးရှားနိုင်ငံ မြန်မာသံရုံး

“ မြန်မာနိုင်ငံကို တရားဝင်ပြန်ရောက်ဖို့ သက်သေလုပ်ပေးနိုင်တာ သည်တနေရာပဲရှိတယ်”


Jalan Ampang Hilir ဆိုတဲ့ နာမည်ကို မလေးရှားနိုင်ငံကို ရောက်နေကြတဲ့ မြန်မာနိုင်ငံသား ရွှေ့ ပြောင်းလုပ်သား တော်တော်များများ သိကြပါတယ်။ အဲ့သည့် လမ်းနာမည်ကို ကြားလိုက် ရတယ်ဆိုရင်ပဲ သက်ပြင်းရှည်ရှည် ဆွဲတတ်ကြပါတယ်။ သူတို့ရဲ့ မဖြစ်မနေ သွားရောက်ဆောင်ရွက် ရမယ့် ရုံးကိစ္စလုပ်ငန်းတွေအတွက် အဆင့်နိမ့် ခွဲခြားဆက်ဆံခံရတော့မယ့် နိမိတ်ပုံတွေ မနက်ခင်း အစောဆုံးအချိန်ကနေ ညမှောင်တဲ့ အချိန်ထိ အဲ့သည့်လမ်းမပေါ်မှာရှိနေတဲ့ ခြံဝန်းတခုထဲက ပူလောင်နေတဲ့ ခန်းမကြီးထဲမှာ သူတို့နာမည်တွေ QR No တွေကို ခေါ်ဖို့ စောင့်မျှော်နေရမယ့် အကြောင်း သူတို့ အတွေးထဲ ရောက်လာလို့ပဲ ဖြစ်ပါတယ်။

 

ဟုတ်ပါတယ်။ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံရဲ့ နိုင်ငံ့ကိုယ်စားပြုဖြစ်တဲ့ မြန်မာနိုင်ငံသံရုံးဟာ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့လယ်အနီး Ampang Jaya မြို့နယ် Desa Pahlawan Jalanဆိုတဲ့ ရပ်ကွက် Ampang Hilir ဆိုတဲ့ လမ်းမကြီးပေါ်မှာရှိပါတယ်။ သံရုံးရဲ့ ခြံအမှတ်ကတော့ ၂၈၉ ဖြစ်ပါ တယ်။

“မသွားချင်ပေမယ့် သွားကို သွားရမှာ။ မြန်မာနိုင်ငံကို တရားဝင်ပြန်ရောက်ဖို့ သက်သေလုပ်ပေး နိုင်တာ သည်တနေရာပဲ အမတို့မှာရှိတာကိုး။ အဲ့ရုံးက လူတွေရဲ့ အကြောင်းကို ရှေ့ကသွားဖူးတဲ့ လူတွေရဲ့ တဆင့်စကားနဲ့တင် မရောက်ချင်ခဲ့တာ” လို့ ပဲခူးတိုင်းရွှေကျင်မြို့နယ်ကနေ မလေးရှား နိုင်ငံ ဂျိုးဟိုးမြို့က ဟိုတယ်တခုမှာ သန့်ရှင်းရေး ဝန်ထမ်းအလုပ် လုပ်ကိုင်နေတဲ့ မလှမြင့်( အမည်လွှဲ) ကပြောပါတယ်။ သူဟာ အသက် ၄၈နှစ်ရှိပါပြီ။ ၂၀၂၂ ခုနှစ်မှာ ထိုင်းနိုင်ငံ မဟာချိုင်မြို့မှာ အလုပ်လုပ်ကိုင်ခဲ့တဲ့သူဟာ နောက်တနှစ်အကြာ(၂၀၂၃) ခုနှစ်မှာ မလေးရှားနိုင်ငံကို တရားမဝင်လမ်းကြောင်းကနေ ဝင်ရောက်လာခဲ့ပြီး အလုပ်လုပ်ကိုင်နေခဲ့တာပါ။


သူရတဲ့ လစာဟာ မလေးရှားရင်းဂစ်ငွေ ၁၇၀၀ ( မြန်မာကျပ်ငွေ ၁,၆၅၀,၀၀၀ နီးပါး) ပါ။ သူ့ရဲ့ အခန်းငှားရမ်းခ၊ စားသောက်စားရိတ်၊ အင်တာနက် ဖုန်းဘေလ် တလစာ ကုန်ကျငွေကို ရင်းဂစ် ၇၀၀ ထက်မကျော်အောင် စီမံရင်း ထိုင်းနဲ့ မလေးရှားနိုင်ငံတွေကို တရားမဝင်နည်းနဲ့ ဝင်ရောက်ခဲ့တဲ့ ကုန်ကျစားရိတ်တွေကို တဖြေးဖြေးချင်း ဖဲ့ဆပ်ခဲ့ရသူပါ။ “ထိုင်းလာတာလည်း အကြွေးနဲ့ပဲ။ အလုပ်ကတော့ မဟာချိုင်က ပေါတယ်။ တရားမဝင်လာပေမယ့် ဘတ်ဖွင့်တဲ့ အချိန်ကျတော့ လုပ်လိုက်တယ်။ ဘတ်ရိုက်တဲ့ စားရိတ်၊ ပွဲစားကို ပေးရတဲ့ စားရိတ်က ရတဲ့ငွေနဲ့ လုံးချာလိုက်နေတာနဲ့ စိတ်တော်တော်ပျက်လာပြီး အဲ့ပွဲစားကနေ တဆင့် မလေးရှားနိုင်ငံကို ကူးလာခဲ့တာ။ သိန်း ၅၀ လောက် အကြွေးထပ်တင်သွားတယ်။” လို့ သူကပြောပါတယ်။


 

မလှမြင့်ဟာ မလေးရှားနိုင်ငံကနေ မြန်မာနိုင်ငံကို တရားဝင်ပြန်လည်ရောက်ရှိဖို့ အတွက် ကိုယ်တိုင်ဆောင် ရွက်ဖို့ အခက်အခဲရှိခဲ့တာကြောင့် ဝန်ဆောင်မှုပေးသူ (မြန်မာနိုင်ငံသား ပွဲစား) ကတဆင့် လုပ်ကိုင်ဆောင်ရွက်ခဲ့တာကြောင့် ကုန်ကျစားရိတ်စုစုပေါင်း ရင်းဂစ်ငွေ ၂၈၀၀ ပေးခဲ့ရပါတယ်။ အဲ့သည့် ငွေဟာ မလေးရှား ကနေ ရန်ကုန်ကို ပြန်တဲ့ လေယာဉ်လက်မှတ်၊ မြန်မာသံရုံးကို လိုက်ပါပို့ဆောင်ခြင်း၊ မလေးရှား လူဝင်မှုကြီးကြပ်ရေးရုံးကို ပို့ဆောင်ပေးခြင်း၊ လေဆိပ်ကို ပို့ဆောင်ပေးခြင်းနဲ့ မြန်မာနိုင်ငံကို ပြန်ဖို့အတွက် လုပ်ငန်းဆောင်ရွက်နေချိန်မှာ ဝန်ဆောင်မှု ပေးတဲ့သူ (ပွဲစား) ကစီစဉ်ပေးတဲ့ နေရာမှာ နေထိုင်ခွင့်နဲ့ စားသောက်ရေးစားရိတ်တွေ အတွက် ပေးရတာလို့ ဆိုပါတယ်။ ကျန်တဲ့ ရုံးကိစ္စတွေကိုတော့ ကာယကံရှင်ကိုယ်တိုင်ကပဲ ဆောင်ရွက်ရတာပါ။

“စုမိလို့ ပြန်တာတော့မဟုတ်ဘူး။ ကြောက်လို့ပြန်ရတာ။ မြန်မာမှာလည်း ပိုဆိုးမယ်ဆိုတာ သိပေမယ့် တခြားရွေးစရာ မရှိတော့ဘူးကွယ်” လို့ မလှမြင့်က မှတ်ချက်ပြုပါတယ်။

 

“နိုင်ငံသား ဖြစ်တည်မှု အသိအမှတ်ပြုတဲ့ကတ် (Certificate of Identity (C of I)  ကိုလျှောက်တာ ကိုယ်တိုင်လျှောက်လို့ရတယ်။ မလေးရှားကို တရားမဝင်ရောက်နေသူတွေ၊ သတ်မှတ်ကာလထက် ကျော်လွန်ပြီး (Over Stay) နေတဲ့သူတွေ အပြင် မလေးရှားမှာ အလည်ပတ်စ်ပို့ ( PV) စာအုပ်နဲ့ လည်ပတ်ရင်း စာအုပ်ပျောက်သွားတဲ့ သူတွေလျှောက်လို့ရတယ်။ ကိုယ့်ဘာသာကိုယ်လုပ်ရင် ကုန်ကျစားရိတ်က ဘာမှမရှိဘူး။ အများဆုံး မလေးရှားငွေ ၁၅၀၀ အပြင် မပိုဘူး။ တချို့တွေက ပညာရေး အားနည်းတာကြောင့် ကြောက်ကြတော့ ပွဲစားတွေအားကိုးကြတယ်။ အဲ့လိုနဲ့ ပိုပေးကြ ရတယ်။” မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှာ ၁၀ နှစ်ကျော်ကြာနေထိုင်ပြီး အလုပ်လုပ်ကိုင်နေတဲ့ အသက် ၄၂ နှစ်အရွယ် ကိုကျော် က ပြောပါတယ်။

 

၂၀၂၅ ခုနှစ် နိုဝင်ဘာလကနေ ၂၀၂၆ ခုနှစ် ဇန်နဝါရီ လကုန်ထိ မလေးရှားကနေ မြန်မာနိုင်ငံကို ပြန်ဖို့ကြိုးစားနေကြတဲ့ မြန်မာနိုင်ငံသားတွေ အလွန်များပြားနေတာကြောင့် မြန်မာ့လေ ကြောင်း လိုင်းတွေမှာ လေယာဉ်လက်မှတ်တွေ ရဖို့ ခက်ခဲနေပါတယ်။ မြန်မာနိုင်ငံမှာ  စစ်ကော်မရှင်က ကျင်းပနေတဲ့ ရွေးကောက်ပွဲကို အကြောင်းပြုပြီး ပြန်ဖို့ စဉ်းစားတာလားလို့ Burma VJ Media က မေးမြန်းတဲ့ အပေါ်ကိုတော့ တော်တော်များများက ငြင်းဆိုကြပါတယ်။

“အဓိက သည် (မလေးရှား)မှာ အဖမ်းအဆီးအရမ်းကြမ်းတယ်။ နေ့တိုင်း နီးပါးဖမ်းနေတယ်။ အနေကြပ်လာတာ ပေါ့နော်။ အော်ပရာစီ (Operation) မရှိရင်တောင် လမ်းမှာရဲနဲ့တွေ့ရင် ရင်းဂစ် ၅၀၀ တခါတလေ ၁၀၀၀ လောက် ပေးနေရတော့ တော်တော်အဆင်မပြေဖြစ်လာတယ်။ အောက်(ထိုင်း)ကနေသွားရင် ပြန်ဝင်လို့ရနိုင်ပေမယ့် ဖမ်းမိရင် ပိုဆိုးကုန်မှာဆိုးလို့ CI နဲ့ပြန်ဖို့ လုပ်တာပါ” လို့ ကျောက်ပန်းတောင်းမြို့နယ်သား တယောက်က ပြန်ဖြေပါတယ်။


 

မြန်မာသံရုံးက Certificate of Identify ( C of I ) ကို ပထမ စာရွက်အနေနဲ့ ထုတ်ပေးနေရာမှ ယခုနောက်ပိုင်းမှာ စာအုပ်(အစိမ်း) နဲ့ ပြောင်းလဲ ထုတ်ပေးလာပါတယ်။ အဲ့သည့်အတွက် စာအုပ်ကြေး ရင်းဂစ် ၅၀ နဲ့ ဓာတ်ပုံအတွက် ရင်းဂစ် ၅၀ ပေးရပါတယ်။ ပေးရတဲ့ ရင်းဂစ်ငွေ ၁၀၀ အတွက် ဘာပြေစာမှ မရတတ်ပါဘူး။ မြန်မာပြည်ကို ပြန်ရောက်သွားတဲ့ တချို့ မြန်မာနိုင်ငံ သားတွေက စာရွက်စာတမ်း အတုတွေကို အသုံးပြုခဲ့တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ နောက်ပိုင်းမှာ (C of I) လျှောက်တဲ့သူတွေကို ပိုမိုတင်းကြပ်တာတွေကို သံရုံးဝန်ထမ်းတွေက လုပ်ဆောင်နေကြပါတယ်။


ရပ်ကွက်ထောက်ခံစာ၊ သန်ခေါင်စာရင်း စတာတွေကို မြန်မာနိုင်ငံဘက်မှာရှိနေတဲ့ မိသားစုဝင်က ဓာတ်ပုံရိုက်ပြီး ပို့ပေးကြပါတယ်။ မလေးရှားမှာ ရှိတဲ့သူက Photo copy ဆိုင်မှာ ပြန်ထုတ်ပြီး သံရုံးကို တင်ပြရပါတယ်။ သံရုံးဝန်ထမ်းတွေဘက်က မသင်္ကာဘူးလို့ ယူဆရင် မြန်မာနိုင်ငံဘက်က မိသားစုဝင်တွေဆီ Viber ကတဆင့် ရုပ်သံဖုန်းခေါ်ဆိုစေပြီး စစ်ဆေးတာမျိုးတွေလည်း လုပ်ကြတာ ကြောင့် ပုံမှန်ထက်ပိုပြီး ကြန့်ကြာတာကို ကိုယ်တိုင်ရောက်ခဲ့တဲ့ Burma VJ  သတင်းထောက်က မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။ 

အာဏာသိမ်း မြန်မာစစ်တပ်ရဲ့ အင်တာနက် ဖြတ်တောက်မှု၊ VPN အသုံးပြုမှသာ တချို့သော ဆက်သွယ်ရေး ကြားသုံး Apps တွေကို အသုံးပြုနိုင်မှုတွေအပြင် နည်းပညာတိုးတက်မှုကို လိုက်မမှီတဲ့ ဒေသတွေမှာ နေထိုင်နေကြတဲ့မိသားစုတွေရှိတဲ့ သူတွေကတော့ ဖုန်းခေါ်ဆိုမှု ရဖို့အတွက် နာရီနဲ့ချီကြာအောင် စောင့်ဆိုင်း နေကြရတာကိုလည်း တွေ့ခဲ့ရပါတယ်။

 

အဲ့သည့်အတွက်လည်း မြန်မာသံရုံးရဲ့ လုပ်ငန်းချိန်ကို ပုံမှန် မနက် ၉ နာရီကနေ ညနေ ၄:၃၀ ချိန်ကနေ သတ်မှတ်ထားတဲ့ တနေ့တာလူဦးရေ ပြီးမြောက်တဲ့ထိ အချိန်တိုးလုပ် ဆောင်ပေးနေ တာတွေ့ခဲ့ရပါတယ်။ တချို့နေ့တွေမှာ ည ၈နာရီကျော်ထိ သံရုံးကိစ္စတွေကို ဆောင်ရွက်ပါတယ်။ ပြန်ကြတဲ့ မြန်မာနိုင်ငံသား အများစုဟာ မလေးရှားနိုင်ငံမှာ အခြေခံအလုပ်တွေလုပ်ကိုင်နေကြတဲ့ သူတွေဖြစ်တာကြောင့် ရုံးလုပ်ငန်းစဉ်တွေနဲ့ အကျွမ်းတဝင်မရှိကြသလို သိသင့်တဲ့အရာတွေကို မေးမြန်းဖို့ သတ္တိလည်း နည်းပါးကြပါတယ်။ အဲ့တာကြောင့်လည်း သံရုံးက ဝန်ထမ်းတွေက အော်ဟစ်တဲ့အခါ မျက်နှာငယ်ရတာမျိုးကို တော်တော်များများ ကြုံရပါတယ်။

 

 သို့သော်လည်း လေအေးပေးစက်တွေ တပ်စင်ထားတဲ့ အခန်းထဲက ပညာပြနေတဲ့ မြန်မာ သံရုံးဝန်ထမ်းတွေက မိမိနာမည်ခေါ်မယ့်အလှည့်ကို ပန်ကာလေပူတွေအောက်မှာ ထိုင်ရင်း ကိုယ့်မွေးရပ်မြေကို ပြန်ရောက်ဖို့အတွက် နိုင်ငံသားဖြစ်တည်မှု အသိမှတ်ပြုတဲ့ကတ် (Certificate of Identify (C of I) ကတ်ရဖို့ ဆက်ပြီး စောင့်ဆိုင်း နေကြရဦးမှာ ဖြစ်ပါတယ်။

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page