top of page

ရဲဘော်သက်တန့်ရဲ့ ဆန္ဒတစ်ခု

  • Writer: BVJ
    BVJ
  • Jan 30
  • 1 min read

အယ်နာ/BVJ_ဇန်နဝါရီ ၃၀၊ ၂၀၂၆

PRF တပ်ဖွဲ့ဝင်ဖြစ်သင်တန်းပြုလုပ်ခဲ့ကြောင်း ၂၀၂၅၊ ဇူလိုင် ၃ရက်ကကြေညာထားပုံ။
PRF တပ်ဖွဲ့ဝင်ဖြစ်သင်တန်းပြုလုပ်ခဲ့ကြောင်း ၂၀၂၅၊ ဇူလိုင် ၃ရက်ကကြေညာထားပုံ။

မနက်ခင်းတွေက ရဲဘော်သက်တန့်အတွက် အရင်လိုအဓိပ္ပာယ်မရှိတော့ပါဘူး။ ပုံမှန်မဟုတ်တဲ့ အခြေအနေနဲ့ နိုးထလာရမှာကိုပဲ သူစိတ်ပျက်အားငယ်နေပါပြီ။

လူတစ်ယောက်ရဲ့နေ့တဒူဝကိစ္စလေးတွေမှာကို သူ့အတွက်ကြီးမားတဲ့အခက်အခဲနဲ့ စိန်ခေါ်မှုတွေက စောင့်ကြိုနေပါတယ်။


ဘယ်ဘက်လက်တစ်ဖက်ဖြတ်ထားရတာမို့ မျက်နှာသစ်တာ၊ အိမ်သာသွားတာစတဲ့ကိစ္စတွေမှာ ပုံမှန်လူတစ်ယောက်လိုမဆောင်ရွက်နိုင်တာကြောင့် အချိန်ပိုကြာသလို စိတ်ပိုင်းဆိုင်ရာလည်း ထိခိုက်အားငယ်ရပြန်ပါတယ်။ ဘယ်ဘက်သွားနဲ့မေးရိုး လုံးဝပျက်စီးထားတာကြောင့် စားချင်တဲ့အရာစားလို့မရတဲ့အပြင် မှန်ကြည့်မိတိုင်းလည်း ကိုယ့်ကိုယ်ကိုတခြားလူတစ်ယောက်လို မြင်နေမိတာအခါခါပါ။ ဒီလို ဒုက္ခတွေ၊ဝေဒနာတွေကနေ သူအမြန်ဆုံးလွတ်မြောက်ချင်နေပါပြီ။


အသက် ၂၄ နှစ်အရွယ် ရဲဘော်သက်တန့်ဟာ စစ်တပ်အာဏာမသိမ်းခင်ကာလက မိသားစုနဲ့အတူ တောင်သူလုပ်ငန်းလုပ်ကိုင်ခဲ့သူဖြစ်ပြီး လူငယ်တွေကြားခေတ်စားတဲ့ MLBB ဂိမ်းဆော့ရတာကို နှစ်သက်တဲ့လူငယ်တစ်ယောက်ပါ။ မိသားစုဝင် လေးယောက်ထဲမှာအငယ်ဆုံးသားလည်းဖြစ်ပါတယ်။


ရဲဘော်သက်တန့်ဟာ ကျောင်းသားလူငယ်တွေအများစုနဲ့ဖွဲ့စည်းထားတဲ့ ပြည်သူ့တော်လှန်ရေးတပ်ဦး-PRF ကို ၂၀၂၄ ဇူလိုင်လမှာရောက်ရှိခဲ့ပါတယ်။

တပ်ဦးကိုရောက်ပြီး တနှစ်အကြာမှာ အာဏာသိမ်းစစ်အုပ်စုကိုတိုက်ခိုက်ခိုက်တဲ့တိုက်ပွဲအတွင်းမှာ ရဲဘော်သက်တန့်ရဲ့ ဘယ်ဘက်လက်နဲ့မျက်နှာအစိတ်အပိုင်းနေရာတွေ ထိခိုက်ဒဏ်ရာ‌ရရှိခဲ့ပါတယ်။


ပြီးခဲ့တဲ့နှစ် ၂၀၂၅၊ ဇူလိုင် ၁၇ရက်ကဖြစ်ပွားခဲ့တဲ့ မကွေးတိုင်း ၊ ဆိပ်ဖြူမြို့နယ် လက်ဆည်ကျေးရွာမှာရှိတဲ့ ရဲစခန်းသိမ်းတိုက်ပွဲမှာ ဒဏ်ရာရခဲ့တာပါ။ ရဲ ၂၅ဦးခန့်နဲ့ အထိုင်ချတပ်စွဲထားတဲ့ လက်ဆည်နယ်မြေရဲစခန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေက မနက်အစောပိုင်း(၀၄:၃၀)နာရီကစတင်တိုက်ခိုက်ခဲ့ကြတာပါ။


တိုက်ပွဲအတွင်း ရန်သူ့အထိုင်စခန်းနဲ့ရန်သူဘန်ကာတွေကို တဆင့်ချင်းတိုက်ခိုက်ချေမှုန်းခဲ့ရာကနေ စခန်းတွင်းကရဲတန်းလျား(၄)ဆောင်၊ ဘန်ကာ(၄)ခု အထိသိမ်းပိုက်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် ပင်မအဆောက်အဦး(၁)ဆောင်နဲ့ ဘန်ကာ (၂)ခုသာ ဆက်သိမ်းဖို့ကျန်နေချိန်မှာ လက်နက်ခဲယမ်းနည်းပါးလာတာ၊ ရန်သူ့စစ်ကူအင်အား အလျင်အမြန်ရာက်ရှိလာတာတွေကြောင့် ပြန်လည်ဆုတ်ခွာခဲ့ကြပါတယ်။

အဲ့ဒီတိုက်ပွဲအတွင်းမှာ PDO/PDA စစ်ဦးစီး‌ရေးချုပ် ရဲဘော်နဂါး(၃၆ နှစ်)နဲ့ PRFတပ်စုမှူး ရဲဘော်ထွန်းခ(ခ)ရဲဘော်စိုင်းနောင်(၁၉ နှစ်)တို့ ကျဆုံးခဲ့တာပါ။

ရဲဘော်စိုင်းနောင် (ခ) ရဲဘော်ထွန်းခ ကျဆုံးခြင်းဈာပနအခမ်းအနားပြုလုပ်နေပုံ။
ရဲဘော်စိုင်းနောင် (ခ) ရဲဘော်ထွန်းခ ကျဆုံးခြင်းဈာပနအခမ်းအနားပြုလုပ်နေပုံ။

ရဲဘော်သက်တန့်ကတော့ တိုက်ပွဲကြားပိတ်မိပြီးကျည်ထိမှန်ထားတဲ့ မဟာမိတ်ရဲဘော်တစ်ဦးကို ရဲဘော်ရဲဘက်စိတ်အပြည့်အဝနဲ့ ဝင်ရောက်ကယ်ယူချိန်မှာ ရန်သူ့ကျည်ဟာ ရဲဘော်သက်တန့်ရဲ့ ဘယ်ဘက်လက်ဖျံကိုဖောက်ထွင်းပြီး ဘယ်ဘက်မေးရိုးကိုထိမှန်ခဲ့တာပါ။ အဲ့ဒီဒဏ်ရာကြောင့်ပဲ ဘယ်ဘက်လက်ဖြတ်တောက်ခဲ့ရသလို မျက်နှာ၊ ဘယ်ဘက်မေးရိုးနဲ့ သွားတွေလည်းပျက်စီးခဲ့ရပါတယ်။

သူကယ်ဖို့ကြိုးစားခဲ့တဲ့ ပြည်သူ့ဒီမိုကရက်တစ်အဖွဲ့/ ပြည်သူ့ဒီမိုကရက်တစ်တပ်တော်(PDO / PDA) မဟာမိတ်တပ်ဖွဲ့ကရဲဘော်ကလည်း တိုက်ပွဲမှာပဲကျဆုံးခဲ့ပြီး ရုပ်အလောင်း(Dead Body)တောင်ပြန်မရခဲ့ပါဘူး။


ရဲဘော်သက်တန့်ရဲ့ထိခိုက်ဒဏ်ရာတွေကိုတော့ မိုးတွင်းကာလလမ်းခရီးအခက်အခဲတွေကြောင့် ဆေးကုသမှု အပြည့်အဝပေးနိုင်တဲ့နေရာတွေကို အချိန်မီပို့ဆောင်ဖို့မဖြစ်နိုင်တဲ့အတွက် အနီးအနားကဆေးရုံမှာပဲဆေးကုသပေးခဲ့ပါတယ်။

ရဲဘော်သက်တန့် ကျည်ထိမှန်ပြီးနောက် မြင်တွေ့ရပုံ။
ရဲဘော်သက်တန့် ကျည်ထိမှန်ပြီးနောက် မြင်တွေ့ရပုံ။

ကျည်ထိမှန်ဒဏ်ရာတွေကြောင့် ရဲဘောက်သက်တန့်တယောက် အသက်ဘေးကနေလွတ်မြောက်ခဲ့ပေမယ့် အသက်ရှူရကျပ်တာ၊ အစာစားရခက်ခဲတာ၊ မောပန်းလွယ်တာစတဲ့ နောက်ဆက်တွဲဝေဒနာတွေခံစားရတဲ့အပြင် နေ့စဉ်လှုပ်ရှားသွားလာမှုတွေမှာလည်း အခက်အခဲများစွာ ကြုံတွေ့နေရပါတယ်။

လက်ရှိမှာ ရဲဘော်သက်တန့်အတွက် လိုအပ်တဲ့ကုသမှုတွေဆောင်ရွက်နိုင်ဖို့ မိခင်တပ်ရင်းဖြစ်တဲ့ ပြည်သူ့တော်လှန်ရေးတပ်ဦး-PRFက လုပ်ဆောင်နေပါတယ်။ ကျွမ်းကျင်ပညာရှင်တွေနဲ့တိုင်ပင်တဲ့အခါ ဒဏ်ရာအခြေအနေအရ အဆင့်ဆင့် ခွဲစိတ်ကုသရမှာဖြစ်တဲ့အတွက် ခွဲစိတ်စားရိတ်၊ဆေးဝါးစားရိတ်နဲ့ နောက်ဆက်တွဲ ကျန်းမာရေးစောင့်ရှောက်မှုတွေအတွက် ကျပ်သိန်းလေးရာနဲ့ ငါးရာကြားကုန်ကျမှာ ဖြစ်တယ်လို့ PRFကပြောပါတယ်။


ဒါကြောင့် ရဲဘော်သက်တံ့ အရေးပေါ် ဆေးကုသစားရိတ်အတွက် တပ်ရင်းက လူထုဆီမှာ အကူအညီတောင်းခံထားပါတယ်။ အခုလ ဇန်နဝါရီ ၂၆ ရက်ကနေ ဖေဖော်ဝါရီ ၂၆ ရက်အထိ တလတာကာလအတွင်း အရေးပေါ်ဆေးကုသစရိတ်ထည့်ဝင်ပေးကြဖို့ကို PRFကပြည်သူတွေဆီအကူအညီ တောင်းခံထားတာလည်းဖြစ်ပါတယ်။ ရရှိလာတဲ့ရန်ပုံငွေအားလုံးကို ရဲဘော်သက်တန့်ရဲ့ကျန်းမာရေး ပြန်လည်ကောင်းမွန်တဲ့အထိ လိုအပ်တဲ့ခွဲစိတ်မှုတွေအတွက်ပဲ သီးသန့်သုံးစွဲမယ်လို့လည်း ပြောထားပါတယ်။

ရဲဘော်သက်တန့် လက်ရှိအခြေအနေ
ရဲဘော်သက်တန့် လက်ရှိအခြေအနေ

အခုလိုကြုံနေရတဲ့ ဒုက္ခတွေ၊ ခံစားနေရတဲ့ဝေဒနာတွေကနေ အမြန်ဆုံးလွတ်မြောက်ချင်တဲ့ ရဲဘော်သက်တန့်အတွက် လိုအပ်တဲ့ခွဲစိတ်မှုတွေလုပ်နိုင်ဖို့ကအကြီးမားဆုံးမျှော်လင့်ချက်ပါ။


"သူကတော့ကျန်းမာရေးကိုသေ‌သေချာချာကုသပြီး ပုံမှန်အနေအထားမဟုတ်တောင် ကျန်းကျန်းမာမာနဲ့ တိုက်ပွဲပြန်ဝင်နိုင်တဲ့ အခြေအနေဖြစ်ချင်တာ"လို့ PRFရဲ့တာဝန်ရှိသူတစ်ဦးက ရဲဘော်သက်တန့်ရဲ့ဆန္ဒနဲ့ပတ်သက်ပြီး BVJ ကိုပြောပြခဲ့တာပါ။

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page