top of page

ထရမ့်-ရှီ ဘေဂျင်းတွေ့ဆုံပွဲနှင့် ထိုင်ဝမ်အရေး

  • Writer: BVJ
    BVJ
  • May 15
  • 3 min read

အေတီ/BVJ


 ထိုင်ဝမ်အရေးဟာ  "အနီရောင်မျဉ်းတွေထဲက အနီဆုံးမျဉ်း"  ဖြစ်ကြောင်း ရမ့်ကို ရှီကျင့်ဖျင်က  အချက်ပြလိုက်တာဖြစ်ပါတယ်။
ထိုင်ဝမ်အရေးဟာ "အနီရောင်မျဉ်းတွေထဲက အနီဆုံးမျဉ်း"  ဖြစ်ကြောင်း ရမ့်ကို ရှီကျင့်ဖျင်က အချက်ပြလိုက်တာဖြစ်ပါတယ်။

ဘေဂျင်းမြို့မှာပြုလုပ်တဲ့နှစ်နိုင်ငံတွေ့ဆုံပွဲမှာ တရုတ်သမ္မတ ရှီကျင့်ဖျင်က ထိုင်ဝမ်အရေးဟာ အမေရိကန်-တရုတ်ဆက်ဆံရေးမှာအရေးအကြီးဆုံးကိစ္စဖြစ်ကြောင်း ထရမ့်ကိုပြောကြားခဲ့ပါတယ်။ “အကယ်၍ ဒီကိစ္စကို စနစ်တကျမကိုင်တွယ်နိုင်ရင် နှစ်နိုင်ငံထိပ်တိုက်တွေ့ဆုံမှုတွေ သို့မဟုတ် ပဋိပက္ခတွေဖြစ်လာနိုင်ပြီး အမေရိကန်-တရုတ်ဆက်ဆံရေးတခုလုံး အလွန်အန္တရာယ်များတဲ့အခြေအနေကို တွန်းပို့သလိုဖြစ်သွားလိမ့်မယ်လို့ " သတိပေးခဲ့ကြောင်း တရုတ်အစိုးရမီဒီယာတွေမှာဖော်ပြပါတယ်။

 

ဒီစာသားတွေကိုကြည့်ရင် ရှီကျင့်ဖျင်က ထိုင်ဝမ်အရေးကိုအလဲအထပ်လုပ်လို့မရတဲ့ကိစ္စအဖြစ် ထရမ့်ကို တည့်တည့်ကြီး သတိပေးလိုက်တာတွေ့ရပါတယ်။ ထရမ့်ဘက်ကလည်း ပုံမှန်ထက်ထူးခြားစွာနှုတ်ဆိတ်နေတာက တရုတ်နဲ့တခြားသော (ကုန်သွယ်ရေးကဲ့သို့) ကိစ္စရပ်တွေမှာညှိနှိုင်းဖို့အတွက် ထိုင်ဝမ်အရေးကို ခဏဘေးဖယ်ထားတဲ့သဘောလို့ ယူဆနိုင်ပါတယ်။ထိုင်ဝမ်အရေးဟာ နှစ်နိုင်ငံကြားတင်းမာမှုတွေ မဖြစ်စေဖို့အတွက် ထိပ်သီးဆွေးနွေးပွဲမှာထည့်ဆွေးနွေးရမယ့် ခေါင်းစဥ်ဖြစ်လာလိမ့်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုက တရုတ်ကိုမသွားခင် ပြီးခဲ့တဲ့အပတ်ကပြောခဲ့ပေမယ့် ကြာသပတေးနေ့ကပြုလုပ်တဲ့ ဆွေးနွေးပွဲမှာတော့ ထရမ့်က ထိုင်ဝမ်အရေးထည့်သွင်းဆွေးနွေးခဲ့တဲ့ အထောက်အထားမတွေ့ရပါဘူး။  

 

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ရှီကျင့်ဖျင်နဲ့တွေ့ဆုံမှုကို "ထူးကဲတဲ့ "တွေ့ဆုံမှုအဖြစ်ချီးကျူးခဲ့ပေမယ့်၊ ကြာသပတေးနေ့ မွန်းလွဲပိုင်းခေါင်းဆောင်တွေတွေ့ဆုံပြီးပြန်လည်ထွက်ခွာလာချိန်မှာ ထိုင်ဝမ်အရေးနဲ့ ပတ်သက်ပြီးမေးတဲ့မေးခွန်းတွေကိုပြန်မဖြေဘဲ ရှောင်ဖယ်သွားပါတယ်။နောက်ပိုင်း အိမ်ဖြူတော်ကထုတ်ပြန်တဲ့အစည်းအဝေး အစီရင်ခံစာ (Readout)ထဲမှာလည်း ထိုင်ဝမ်အကြောင်းထည့်သွင်းဖော်ပြထားတာမတွေ့ရပါဘူး။

 

တရုတ်နိုင်ငံက ထိုင်ဝမ်ကိုသူတို့နိုင်ငံရဲ့ပိုင်နက်နယ်မြေအဖြစ်သတ်မှတ်ထားပေမယ့် ထိုင်ဝမ်ဘက်ကတော့ သီးခြားလွတ်လပ်တဲ့နယ်မြေအဖြစ် သူတို့ကိုယ်သူတို့လက်ခံရှုမြင်ထားပါတယ်။အမေရိကန်က ထိုင်ဝမ်နဲ့မဟုတ်ဘဲ ဘေဂျင်းနဲ့ပဲတရားဝင် သံတမန်ဆက်ဆံရေးရှိထားပေမယ့် ဆယ်စုနှစ်များစွာအတွင်းဒီကိစ္စကို သံတမန်ရေးရာအရ ဟန်ချက်ညီအောင်ထိန်းညှိထားပါတယ်။အမေရိကန်နဲ့ထိုင်ဝမ်ကြားမှာ တရားဝင်သံတမန်ဆက်ဆံရေးမရှိ‌‌ပေမယ့် အမေရိကန်ဟာထိုင်ဝမ်ရဲ့အရေးပါဆုံး နိုင်ငံတကာထောက်ခံအားပေးသူဖြစ်သလို အဓိကလက်နက်ရောင်းချသူလည်းဖြစ်ပါတယ်။လက်နက်ရောင်းချမှုတွေရပ်တန့်ဖို့ တရုတ်ဘက်က အစဉ်တစိုက်တောင်းဆိုနေပြီး အမြဲတစေဒေါသတကြီးတုံ့ပြန်လေ့ရှိပါတယ်။ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလမှာ အမေရိကန်ကထိုင်ဝမ်ကို ဒေါ်လာ ၁၁ ဘီလီယံဖိုးလက်နက်ရောင်းချမယ့်အစီအစဉ် ထုတ်ပြန်ခဲ့တဲ့အတွက် တရုတ်အစိုးရကို အလွန်အမင်းဒေါသထွက်စေခဲ့ပါတယ်။


အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က  ရှီကျင့်ဖျင်နဲ့တွေ့ဆုံမှုကို "ထူးကဲတဲ့ " တွေ့ဆုံမှုအဖြစ် ချီးကျူးခဲ့
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ရှီကျင့်ဖျင်နဲ့တွေ့ဆုံမှုကို "ထူးကဲတဲ့ " တွေ့ဆုံမှုအဖြစ် ချီးကျူးခဲ့

မေလ၁၂ရက်နေ့မှာကျင်းပခဲ့တဲ့ ကိုပင်ဟေဂင် ဒီမိုကရေစီထိပ်သီးအစည်းအဝေး (Copenhagen Democracy Summit)ကိုပေးပို့တဲ့ ထိုင်ဝမ်သမ္မတလိုင်ချင်းတယ်ရဲ့ ဗီဒီယိုမိန့်ခွန်းထဲမှာ အမေရိကန်ရဲ့ လက်နက်ရောင်းချမှုကိုကျေးဇူးတင်ကြောင်း အခုပြောကြားခဲ့ပါတယ်။


"လုံခြုံရေးအတွက် မယိမ်းယိုင်တဲ့ကတိကဝတ်ရဲ့ အစိတ်အပိုင်းတစ်ခုအနေနဲ့ ကျွန်တော်တို့ရဲ့ ကာကွယ်ရေးစွမ်းရည်မြှင့်တင်နိုင်ဖို့ကူညီပေးတဲ့အတွက် အမေရိကန်ပြည်ထောင်စုကိုကျေးဇူးတင်ပါတယ်"

လွန်ခဲ့တဲ့ ဆယ်စုနှစ်သုံးခုခန့်က တရုတ်ဒုံးကျည်ရဲ့ ခြိမ်းခြောက်မှုတွေကြားထဲမှာ ထိုင်ဝမ်ဟာပထမဆုံး လွတ်လပ်တဲ့သမ္မတရွေးကောက်ပွဲကို ကျင်းပနိုင်ခဲ့ကြောင်း၊ ထိုင်ဝမ်ဟာ အာရှမှာအရေးပါသော ဒီမိုကရေစီ မီးရှူးတန်ဆောင် ဖြစ်ကြောင်း သူရဲ့မိန့်ခွန်းထဲမှာထည့်ပြောခဲ့ပါတယ်။၁၉၉၆ ခုနှစ် မတ်လမှာထိုင်ဝမ်မှာ ပထမဆုံးအကြိမ် လွတ်လပ်တဲ့သမ္မတရွေးကောက်ပွဲကျင်းပနိုင်ခဲ့တာကို ထိုင်ဝမ်သမ္မတက ရည်ညွှန်းတာဖြစ်ပါတယ်။ ထိုင်ဝမ်ဟာ အချုပ်အခြာအာဏာပိုင်တဲ့ လွတ်လပ်တဲ့နိုင်ငံတစ်ခုပါ"လို့  လိုင်က တရုတ်ကိုဒေါသထွက်စေမယ့်စကားလုံးတွေ သုံးနှုန်းပြောဆိုခဲ့ပါတယ်။

 

တရုတ်ရဲ့ ဖိအားပေးမှုနဲ့ တုံ့ပြန်မှု

တရုတ်အစိုးရက ထိုင်ဝမ်သမ္မတလိုင်ချင်းတယ်ကိုအလွန်မုန်းတီးပြီး  "ခွဲထွက်ရေးသမား" (Separatist)လို့  သမုတ်ထားပါတယ်။ လိုင်ဘက်က အကြိမ်ကြိမ်ကမ်းလှမ်းခဲ့တဲ့ ဆွေးနွေးမှုတွေကိုလည်းငြင်းပယ်ထားပါတယ်။

 

ထိုင်ဝမ်အစိုးရ နိုင်ငံတကာမှာ အထီးကျန်ဖြစ်အောင် တရုတ်ကဖိအားပေးမှုတွေ ပိုမိုလုပ်ဆောင်လာနေတာတွေကိုလည်း လတ်တလောတွေ့နေရပါတယ်။ပြီးခဲ့တဲ့လက ထိုင်ဝမ် သမ္မတ အာဖရိကတောင်ပိုင်း အဲ့စ်ဝါတီနီ (Eswatini) နိုင်ငံကို သွားရောက်ဖို့ကြိုးပမ်းခဲ့တဲ့အချိန်မှာလည်း နိုင်ငံသုံးနိုင်ငံက သူ့ရဲ့လေယာဉ်ဖြတ်သန်းခွင့်ကို ပိတ်ပင်ခဲ့ပါတယ်။ ဒီလိုဖြစ်လာတာဟာ တရုတ်အစိုးရဲ့ ဖိအားပေးမှုကြောင့်ဖြစ်ကြောင်း ထိုင်ဝမ်အစိုးရက ပြစ်တင်ရှုတ်ချခဲ့ပါတယ်။

 

ထိုင်ဝမ်ပြည်သူတွေဟာ နိုင်ငံတကာနဲ့ ဆက်ဆံခွင့်ရှိကြောင်း၊ ထိုင်ဝမ်ကို အထီးကျန်အောင် လုပ်ဆောင်တဲ့ ဘယ်လိုကြိုးပမ်းမှုမျိုးကမှ သူတို့ရဲ့ စိတ်ပိုင်းဖြတ်မှုကိုပြောင်းလဲနိုင်မှာမဟုတ်ကြောင်း ထိုင်ဝမ်သမ္မတက အခိုင်အမာပြောကြားခဲ့ပါတယ်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက အဲ့ကိစ္စနဲ့ပတ်သက်ပြီး ချက်ချင်းတုံ့ပြန်ပြောကြားတာ မတွေ့ရသေးပါဘူ။သံတမန်ရေးမှာတင်မက စစ်ရေးအရလည်း ထိုင်ဝမ်ဟာဖိအားတွေရင်ဆိုင်နေရပြီး၊ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလက ထိုင်ဝမ်ကျွန်းပတ်လည်မှာ တရုတ်ကအကြီးစား စစ်ရေးလေ့ကျင့်မှုတွေ နောက်ဆုံးအကြိမ် ပြုလုပ်ခဲ့ပါတယ်။


ထိုင်ဝမ်ဆက်ဆံရေးအက်ဥပဒေ ကို ၁၉၇၉ခုနှစ် ဧပြီလ ၁၀ရက်နေ့မှာ အမေရိကန်က ပြဋ္ဌာန်းခဲ့ပါတယ်
ထိုင်ဝမ်ဆက်ဆံရေးအက်ဥပဒေ ကို ၁၉၇၉ခုနှစ် ဧပြီလ ၁၀ရက်နေ့မှာ အမေရိကန်က ပြဋ္ဌာန်းခဲ့ပါတယ်

 အမေရိကန်ရဲ့ "တရုတ်တစ်နိုင်ငံတည်းမူဝါဒ”

 

အမေရိကန်က တရုတ်အစိုးရကိုတရားဝင်အစိုးရအဖြစ် အသိအမှတ်ပြု (Recognize) လုပ်ခဲ့ပေမယ့်  "ထိုင်ဝမ်ဟာ တရုတ်ရဲ့အစိတ်အပိုင်းဖြစ်တယ်" ဆိုတဲ့ တရုတ်ရဲ့ရပ်တည်ချက်ကိုတော့ သိရှိကြောင်း (Acknowledge) သာဖော်ပြပြီး အတည်ပြုတာမျိုးမလုပ်ပါဘူး။အမေရိကန်က "တရုတ်နှစ်နိုင်ငံ" ရှိတာကို လက်မခံပေမယ့် ထိုင်ဝမ်ကို တရုတ်ကအတင်းအဓမ္မသိမ်းယူတာကိုလည်းလက်မခံတဲ့ ကြားနေလမ်းစဉ် ကျင့်သုံးနေပါတယ်။

 

၁၉၇၉ ခုနှစ်မှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံကို တရုတ်နိုင်ငံရဲ့တခုတည်းသော တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုပြီးနောက် ထိုင်ဝမ်ဆက်ဆံရေးအက်ဥပဒေ ကို ၁၉၇၉ခုနှစ် ဧပြီလ ၁၀ရက်နေ့မှာပြဋ္ဌာန်းခဲ့ပါတယ်။ ဒီဥပဒေဟာ အမေရိကန်က တရုတ်ပြည်သူ့သမ္မတနိုင်ငံ (PRC)ကို တရားဝင်အစိုးရအဖြစ်အသိ အမှတ်ပြုလိုက်ချိန်မှာ ထိုင်ဝမ်ကိုလုံးဝပစ်ပယ်မထားခဲ့ဘူးဆိုတာကိုပြသတဲ့ ဥပဒေဖြစ်ပါတယ်။ အဆိုပါ ဥပဒေအရ အမေရိကန်ကို ထိုင်ဝမ်နဲ့ စီးပွားရေး၊ ယဉ်ကျေးမှုနဲ့ လုံခြုံရေးဆက်ဆံရေးတွေ ဆက်လက်လုပ်ဆောင်ခွင့်ပြုထားပါတယ်။ ၁၉၇၉ခုနှစ်က ပြဌာန်းခဲ့တဲ့ အက်ဥပဒေဟာ ထိုင်ဝမ်အပေါ် အမေရိကန်ရဲ့မူဝါဒ အဓိကအစိတ်အပိုင်းတစ်ခုအဖြစ် အခုအချိန်ထိရှိနေဆဲဖြစ်ပါတယ်။

 

ဒါပေမယ့် တရုတ်က ထိုင်ဝမ်ကိုတိုက်ခဲ့ရင် အမေရိကန်ကဝင်ကူမလား၊မကူဘူးလား ဆိုတာကို တိတိကျကျ ဘယ်တော့မှမပြောပါဘူး။ ဒီလို "ဝေဝေဝါးဝါး" လုပ်ထားခြင်းအားဖြင့် တရုတ်ကိုလည်းမတိုက်ရဲအောင်၊ ထိုင်ဝမ်ကိုလည်း လွတ်လပ်ရေးမကြေညာရဲအောင် ထိန်းထားတဲ့သဘောလို့ယူဆရပါတယ်။

 

ထိုင်ဝမ် သမိုင်းကြောင်းနဲ့ လက်ရှိ တရားဝင်အမည်

 

အရင်က ဖော်မိုဆာ (Formosa) ကျွန်းလို့ လူသိများတဲ့ ထိုင်ဝမ်ကျွန်းဟာ ၁၆၀၀ ပြည့်နှစ်တွေအတွင်း ဒတ်ချ်နဲ့ စပိန်တို့ ခေတ္တအုပ်စိုးခြင်းမပြုခင်ကတည်းက ဒေသခံတိုင်းရင်းသား ထောင်နဲ့ချီနေထိုင်ခဲ့တဲ့နေရာဖြစ်ပါတယ် ။ ချင် (Qing) မင်းဆက်ဟာ ၁၆၈၄ ခုနှစ်မှာ ထိုင်ဝမ်ကို ဖူကျန့်ပြည်နယ်ရဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် သတ်မှတ်ခဲ့ပြီး ၁၈၈၅ ခုနှစ်ရောက်မှသာ သီးခြားတရုတ်ပြည်နယ်တစ်ခုအဖြစ် ကြေညာခဲ့ပါတယ်။

 

ဂျပန်နဲ့စစ်ဖြစ်ပြီး ချင်မင်းဆက် ရှုံးနိမ့်ခဲ့ပြီးနောက် ၁၈၉၅ ခုနှစ်မှာ ထိုင်ဝမ်ဟာ ဂျပန်ကိုလိုနီဖြစ်ခဲ့ပါတယ်။ ၁၉၄၅ ခုနှစ် ဒုတိယကမ္ဘာစစ်အပြီးမှာ တရုတ်သမ္မတနိုင်ငံ (Republic of China - ROC) အစိုးရထံ ပြန်လည်လွှဲပြောင်းပေးခဲ့ပါတယ်။

 

၁၉၄၉ ခုနှစ်မှာ မော်စီတုန်းရဲ့ ကွန်မြူနစ်တပ်ဖွဲ့တွေကို ရှုံးနိမ့်ခဲ့တဲ့ the Republic of China government(ROC) အစိုးရဟာ ထိုင်ဝမ်ကိုထွက်ပြေးတိမ်းရှောင်ခဲ့ပြီး မြို့တော်ကို ထိုနေရာကိုရွှေ့ပြောင်းခဲ့ပါတယ်။အဲ့ဒါကြောင့် "Republic of China" (တရုတ်သမ္မတနိုင်ငံ) ဆိုတဲ့အမည်ဟာ ဒီနေ့တိုင်ထိုင်ဝမ်ကျွန်းရဲ့ တရားဝင်အမည်အဖြစ် ရှိနေဆဲဖြစ်ပါတယ်။

 

မော်စီတုန်းက တရုတ်ပြည်သူ့သမ္မတနိုင်ငံ (People's Republic of China - PRC)ကိုတည်ထောင်ခဲ့ပြီး ROC ရဲ့ ဆက်ခံသူအဖြစ် ထိုင်ဝမ်အပါအဝင် တရုတ်တပြည်လုံးအတွက် တခုတည်းသောတရားဝင်အစိုးရဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။


ထိုင်ဝမ်ဟာ အချုပ်အခြာအာ ဏာပိုင်တဲ့ လွတ်လပ်တဲ့ နိုင်ငံတစ်ခုပါ"လို့  ထိုင်ဝမ်သမ္မတ လိုင်ချင်းတယ်က ပြော
ထိုင်ဝမ်ဟာ အချုပ်အခြာအာ ဏာပိုင်တဲ့ လွတ်လပ်တဲ့ နိုင်ငံတစ်ခုပါ"လို့  ထိုင်ဝမ်သမ္မတ လိုင်ချင်းတယ်က ပြော

ထိုင်ဝမ်ရဲ့  နိုင်ငံတကာ သံတမန်အဆင့်အတန်း

 

ဆယ်စုနှစ်များစွာကြာအောင် ထိုင်ဝမ်အခြေစိုက် ROCအစိုးက သူတို့ဟာတရားဝင်တရုတ်အစိုးရဖြစ် ကြောင်း အခိုင်အမာဆိုခဲ့ပါတယ်။ဒါပေမယ့် ၁၉၇၁ ခုနှစ်မှာ တရုတ်အစိုးရက ကုလသမဂ္ဂမှာရှိတဲ့ ထိုင်ဝမ်နေရာကို လွှဲပြောင်းရယူခဲ့ပါတယ်။

 

လက်ရှိမှာ Belize ဘီလိဇ်နဲ့ Tuvalu တူဗာလူကဲ့သို့သော ဖွံ့ဖြိုးဆဲနိုင်ငံငယ်လေးနှစ်နိုင်ငံအပါအဝင် နိုင်ငံပေါင်း ၁၂ နိုင်ငံကသာ ထိုင်ဝမ်နဲ့တရားဝင်သံတမန်ဆက်သွယ်မှုရှိပါတယ်။ ဒါပေမယ့် အနောက်နိုင်ငံကြီးအများစုနဲ့  အမေရိကန်နိုင်ငံရဲ့ မဟာမိတ်နိုင်ငံတွေက ထိုင်ဝမ်ပတ်စပို့ကို အသိအမှတ်ပြုခြင်း၊ သူတို့နိုင်ငံတွေရဲ့ မြို့တော်တွေမှာလည်း သံရုံးသဖွယ်ရုံးခန်းတွေဖွင့်လှစ်ခွင့်ပြုထားတာမျိုးတွေ ထိုင်ဝမ်နဲ့အလွတ်သဘောနီးကပ်တဲ့ ဆက်ဆံရေးတွေရှိနေကြပါတယ်။ ထိုင်ဝမ်နိုင်ငံသားတွေဟာ သူတို့ရဲ့ပတ်စပို့ကိုအသုံးပြုပြီး နိုင်ငံအများစုကိုလွတ်လပ်စွာသွားလာနိုင်ကြပါတယ်။

 

အမေရိကန်နိုင်ငံက ၁၉၇၉ ခုနှစ်မှာ ထိုင်ဝမ်နဲ့တရားဝင်ဆက်ဆံရေးဖြတ်တောက်ခဲ့ပေမယ့် ထိုင်ဝမ်ကျွန်းကို ခုခံကာကွယ်ဖို့ လက်နက်တွေထောက်ပံ့ပေးဖို့ ဥပဒေအရတာဝန်ရှိနေပါတယ်။ ပြီးတော့ အမေရိကန်အစိုးရရဲ့  "တရုတ်တစ်နိုင်ငံတည်း" မူဝါဒအရ ထိုင်ဝမ်ရဲ့ အချုပ်အခြာအာဏာနဲ့ပတ်သက်ပြီး တရားဝင်ရပ်တည်ပေးတာမျိုးလည်းမရှိပါဘူး။ တရုတ်နိုင်ငံကမူ ထိုင်ဝမ်ကို သူတို့ထိန်းချုပ်မှုအောက်သွင်းဖို့  လက်နက်အားကိုးတာကို စွန့်လွှတ်မှာမဟုတ်ဘူးလို့ပြောထားပါတယ်။တရုတ်ကထိုင်ဝမ်ကို ဟောင်ကောင်လိုမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်မြင့်မားစွာပေးမယ့် "နိုင်ငံတစ်ခု၊ စနစ်နှစ်ခု" ပုံစံကမ်းလှမ်းထားပေမယ့် ထိုင်ဝမ်ရှိ မည်သည့်အဓိက နိုင်ငံရေးပါတီကမှ အဲ့ဒီစနစ်ကိုလက်မခံကြပါဘူး။

 

ထိုင်ဝမ်ရဲ့ လူထုသဘောထားစစ်တမ်းတွေအရ ထိုင်ဝမ်လူမျိုးအများစုဟာ တရုတ်နဲ့ဆက်ဆံရေးကို လက်ရှိအခြေအနေ (Status Quo)ကိုသာထိန်းသိမ်းထားလိုကြောင်း ထပ်တလဲလဲပြသခဲ့ကြပြီးပါပြီ။ ဒါ့အပြင် ၁၉၇၁ ခုနှစ်ကအတည်ပြုခဲ့တဲ့ ကုလသမဂ္ဂ ဆုံးဖြတ်ချက် ၂၇၅၈အရ ထိုင်ဝမ်ဟာတရုတ်နိုင်ငံရဲ့ အစိတ်အပိုင်းဖြစ်ကြောင်း ကမ္ဘာကတရားဝင်အသိအမှတ်ပြုထားပြီးသားဖြစ်တယ်လို့ တရုတ်ကပြောနေပါတယ်။ ထိုဆုံးဖြတ်ချက်ထဲမှာ PRCအစိုးရဟာ တရုတ်ပြည်ရဲ့တခုတည်းသောတရားဝင်အစိုးရဖြစ်ကြောင်း ဖော်ပြထားပါတယ်။

 

 ထိုင်ဝမ်က  လွတ်လပ်တဲ့နိုင်ငံ ဖြစ်နေပြီလား

 

ထိုင်ဝမ်ပြည်သူတွေက သူတို့ရဲ့ ခေါင်းဆောင်တွေကို သူတို့ကိုယ်တိုင် ရွေးကောက်ကြပြီး၊ အစိုးရမှာလည်း ကိုယ်ပိုင်စစ်တပ်၊ကိုယ်ပိုင်ပတ်စပို့၊ကိုယ်ပိုင်ငွေကြေးတွေနဲ့ နယ်နိမိတ်တစ်ခုကိုပါ အခိုင်အမာထိန်းချုပ်ထားနိုင်တာကြောင့် နိုင်ငံအများစုကတရားဝင်အသိအမှတ်မပြုသေးပေမယ့်လည်း လက်တွေ့မှာ (De Facto) လွတ်လပ်တဲ့နိုင်ငံအဖြစ် တည်ရှိနေပါတယ်။

 

ထိုင်ဝမ်အစိုးရကမူ Republic of Chinaဟာ အချုပ်အခြာအာဏာပိုင်နိုင်ငံဖြစ်ကြောင်း၊ PRCအစိုးရအနေနဲ့ ထိုင်ဝမ်ကို တခါမှအုပ်ချုပ်ခဲ့ဖူးတာမရှိတဲ့အပြင် ခေါင်းဆောင်တွေရွေးချယ်ရာမှာလည်း ပါဝင်ပတ်သက်မှုမရှိတဲ့အတွက် တရုတ်အစိုးရအနေနဲ့ သူတို့ကိုယ်စားပြောဆိုခွင့်မရှိဘူးလို့ ပြောနေပါတယ်။


သမ္မတ လိုင်ချင်းတယ်နဲ့ရော်နယ်ရေဂင် ဖောင်ဒေးရှင်းနဲ့ အင်စတီကျု ဥက္ကဋ္ဌဒေးဗစ်ထရူလီယိုတို့ ၂၀၂၅ခုနှစ်မှာ ထိုင်ပေမှာတွေ့ဆုံခဲ့
သမ္မတ လိုင်ချင်းတယ်နဲ့ရော်နယ်ရေဂင် ဖောင်ဒေးရှင်းနဲ့ အင်စတီကျု ဥက္ကဋ္ဌဒေးဗစ်ထရူလီယိုတို့ ၂၀၂၅ခုနှစ်မှာ ထိုင်ပေမှာတွေ့ဆုံခဲ့

 

"ထိုင်ဝမ်သမ္မတနိုင်ငံ" (Republic of Taiwan)လို့  ကြေညာနိုင်ပါသလား။

အဲ့လိုပြုလုပ်ဖို့အလွန်ခက်ခဲလှပြီး သမ္မတလိုင်ချင်းတယ် (Lai Ching-te)ရဲ့ ရိုးရှင်းတဲ့ ကြေညာချက်တစ်ခုတည်းနဲ့မရနိုင်ဘဲ လွှတ်တော်မှာဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမှာဖြစ် သလို၊လူထုဆန္ဒခံယူပွဲလုပ်ဖို့လည်း လိုအပ်မှာဖြစ်ပါတယ်။


ဥပဒေပြင်ဆင်ချက်ကို လွှတ်တော်အမတ်တွေရဲ့ အနည်းဆုံး ၇၅ ရာခိုင်နှုန်းကထောက်ခံရမှာဖြစ်ပြီး လက်ရှိမှာ အာဏာရဒီမိုကရက်တစ်တိုးတက်ရေးပါတီ (DPP)နဲ့ အဓိကအတိုက်အခံ ကူမင်တန် (KMT) ပါတီတို့ အမတ်နေရာ တူညီလုနီးပါးရှိနေကြပါတယ်။


၂၀၁၆ ခုနှစ်ကတည်းက အာဏာရလာတဲ့ DPPပါတီဟာ ဖွဲ့စည်းပုံကိုပြင်ဆင်ဖို့မကြိုးပမ်းခဲ့ပါဘူး။ KMT ပါတီကမူ "Republic of China" အမည်ကိုပြောင်းလဲဖို့ကြိုးစားတဲ့ ဘယ်လိုကြိုးပမ်းမှုမျိုးကိုမဆို ပြင်းပြင်းထန်ထန်ကန့်ကွက်ထားပါတယ်။

 

ပုံစံတကျ လွတ်လပ်ရေးရယူခြင်းကိုတားဆီးဖို့ တရုတ်မှာဥပဒေရှိလား

 

၂၀၀၅ ခုနှစ်မှာ တရုတ် လွှတ်တော်က "ခွဲထွက်မှုဆန့်ကျင်ရေးဥပဒေ" (Anti-Secession Law) ကိုအတည်ပြုခဲ့ပါတယ်။ ထိုဥပဒေအရ ထိုင်ဝမ်ကတရုတ်ပြည်မကြီးကခွဲထွက်တာ သို့မဟုတ် "ငြိမ်းချမ်းစွာ ပြန်လည်ပေါင်းစည်းရေးဖြစ်နိုင်ခြေတွေ လုံးဝကုန်ဆုံးသွားမယ်ဆိုရင်" ထိုင်ဝမ်ကို စစ်ရေးအရအရေးယူဖို့ ပြဌာန်းထားပါတယ်။ဒါပေမယ့် ထိုဥပဒေမှာဝေဝါးနေပြီး အသေးစိတ်အချက်အလက်တွေ ဖော်ပြထားခြင်းမရှိပါဘူး။

 

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page