top of page

မယ်လာနီယာထရမ့် ကြားဝင်စေ့စပ်ပေးမှုကြောင့် စားနပ်ရိက္ခာအကျပ်အတည်း ကြုံနေရတဲ့ ယူကရိန်းမြို့မှာ ရုရှားနဲ့ ယူကရိန်းတို့ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုရရှိ

Writer: BVJ
BVJ
7 minutes ago
2 min read

သူရ/BVJ- ၂၄ အောက်တိုဘာ၊၂၀၂၆


၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၁၉ ရက်နေ့က ဝါရှင်တန်ဒီစီရှိ အိမ်ဖြူတော် နှင်းဆီဥယျာဉ်မှာကျင်းပတဲ့ အခမ်းအနားတစ်ခုကို အမေရိကန်သမ္မတကတော် မယ်လနီယာထရမ့် တက်ရောက်နေစဉ်။
၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၁၉ ရက်နေ့က ဝါရှင်တန်ဒီစီရှိ အိမ်ဖြူတော် နှင်းဆီဥယျာဉ်မှာကျင်းပတဲ့ အခမ်းအနားတစ်ခုကို အမေရိကန်သမ္မတကတော် မယ်လနီယာထရမ့် တက်ရောက်နေစဉ်။

အမေရိကန် သမ္မတကတော် မီလာနီယာ ထရမ့်ဟာ ရုရှားထိန်းချုပ်ထားတဲ့ အိုလက်ရှ်ကီ (Oleshky) မှာ ရုရှားနဲ့ ယူကရိန်းတို့အကြား အပစ်အခတ်ရပ်စဲရေး ရရှိအောင် ဆောင်ရွက်ပေးနိုင်ခဲ့ပြီး အဲဒီအပစ်ရပ်စဲရေးဟာ လာမယ့် ကြာသ ပတေးနေ့မှာ စတင်မှာဖြစ်ကြောင်း အိမ်ဖြူတော်က သောကြာနေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။


ရုရှားစစ်တပ်ရဲ့ စစ်ဦးစီးချုပ် ဗာလာရီ ဂီရာစီမော့ဗ် (Valery Gerasimov) ကတော့ အဓိက လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကူညီရေးလုပ်ငန်းတွေ စတင်နိုင်ဖို့အတွက် လာမယ့် အင်္ဂါနေ့ ဒေသစံတော်ချိန် မနက် ၄ နာရီကစပြီး ရုရှားတပ်တွေ ပစ်ခတ်မှု ရပ်ဆိုင်းထားမယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ တယ်လီဂရမ်ချန်နယ်မှာ ပြောကြားခဲ့ပါတယ်။ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလကတည်းက ရုရှားတပ်တွေ သိမ်းပိုက်ထားတဲ့ အဲဒီ ယူကရိန်းတောင်ပိုင်းမြို့က မြို့ခံတွေဟာ အစားအသောက် ပြတ်လပ်မှု ပြဿနာနဲ့ အကြီးအကျယ် ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။

"အိုလက်ရှ်ကီမြို့ထဲကို လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ ဝင်ရောက်နိုင်ဖို့နဲ့ သတ်မှတ်ထားတဲ့ လုံခြုံတဲ့ လမ်းကြောင်းကနေ အရပ်သားတွေကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးနိုင်ဖို့အတွက် နှစ်နိုင်ငံလုံးက အဲဒီမြို့မှာ စစ်ရေးလှုပ်ရှားမှုတွေအားလုံး ခေတ္တရပ်ဆိုင်းထားဖို့ သဘောတူခဲ့ကြပါတယ်" လို့ အိမ်ဖြူတော်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။


ယူကရိန်းဘက်က ထိပ်တန်း ဆွေးနွေးညှိနှိုင်းသူ ဒေးဗစ် အာရာခါမီယာ (David Arakhamia) ကတော့ အပစ်အခတ် စတင်ရပ်စဲတာနဲ့ လူသားချင်းစာနာမှုဆိုင်ရာ ကူညီရေးလုပ်ငန်းတွေကို စတင်သွားမယ်လို့ တယ်လီဂရမ်မှာ ပြောခဲ့ပါတယ်။


မီလာနီယာ ထရမ့်နဲ့ ပုပ်ရဟန်းမင်းကြီး လီယိုတို့ ပါဝင်ကူညီခဲ့တဲ့ ကာလရှည် ဆွေးနွေးမှုတွေရဲ့ ရလဒ်ဖြစ်တဲ့ ဒီသဘောတူညီချက်ဟာ မြို့ခံတွေ ထွက်ခွာနိုင်ဖို့နဲ့ အကူအညီတွေ မြို့ထဲသွင်းနိုင်ဖို့အတွက် လူသားချင်းစာနာမှုဆိုင်ရာ ဘေးကင်းရေး လမ်းကြောင်းတစ်ခုကို ဖန်တီးပေးနိုင်မှာဖြစ်တယ်လို့လည်း သူက ဆိုပါတယ်။ ရုရှားအစိုးရကလည်း ဒီသဘောတူညီချက်ကို ကြိုဆိုခဲ့ပါတယ်။ သဘောတူညီချက် ရရှိအောင် ဆောင်ရွက်ပေးခဲ့တဲ့ မီလာနီယာ ထရမ့်ရဲ့ အခန်းကဏ္ဍကို ချီးကျူးခဲ့ပြီး သမ္မတ ဒေါ်နယ်ထရမ့်နဲ့ ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်တို့ဟာလည်း အသေးစိတ်အချက်အလက်တွေကို ဆွေးနွေးခဲ့ကြတယ်လို့ ပြောပါတယ်။


ပူတင်က ပုပ်ရဟန်းမင်းကြီးကို ဒီကိစ္စမှာ ပူးပေါင်းဆောင်ရွက်ဖို့ အသင့်ရှိကြောင်း ပြောကြားခဲ့ပြီးနောက် အိုလက်ရှ်ကီမြို့ရဲ့ လူသားချင်းစာနာမှု အခြေအနေတွေကို သက်သာရာရစေဖို့ ဆောင်ရွက်နေကြောင်း ကရင်မလင်နန်းတော်က ဒီသီတင်းပတ် အစောပိုင်းမှာ ပြောခဲ့တာပါ။ ၂၀၂၂ ခုနှစ်မှာ ရုရှားက ယူကရိန်းကို ကျူးကျော်စဉ်ကစလို့ ဖြစ်ပွားခဲ့တဲ့ ဒီစစ်ပွဲကို အဆုံးသတ်ဖို့ သမ္မတ ထရမ့်က ယူကရိန်းသမ္မတ ဇယ်လန်စကီးကို ပူတင်နဲ့ သဘောတူညီချက်ရယူဖို့ ဖိအားပေးနေချိန်မှာပဲ ဒီဖြစ်ပေါ်တိုးတက်မှုတွေ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

ယူကရိန်းကလေးငယ်တွေကို ကူညီဖို့ သမ္မတကတော် ကြိုးပမ်း ခဲ့

စစ်ပွဲအတွင်း ရုရှားဘက်က ခေါ်ဆောင်သွားခြင်းခံရတဲ့ ယူကရိန်းကလေးငယ်တွေကို မိသားစုတွေထံ ပြန်ပို့ပေးနိုင်ဖို့အတွက် မီလာနီယာ ထရမ့်ဟာ တက်တက်ကြွကြွ ကြိုးပမ်းပေးခဲ့သူ ဖြစ်ပါတယ်။

"အိုလက်ရှ်ကီမြို့ရဲ့ အခြေအနေဟာ အတော်လေး ဆိုးရွားနေပါတယ်။ စစ်ပွဲရဲ့ ရှေ့တန်းစစ်မျက်နှာစာမှာ ရှိနေပြီး ဘေးအန္တရာယ်ကျရောက်လုနီးပါး ဖြစ်နေတဲ့ မြို့ပါ။ ကျန်ရစ်သူ အများစုဟာ ဆေးဝါး၊ အစားအသောက်နဲ့ သန့်ရှင်းတဲ့ သောက်သုံးရေ ရရှိဖို့ အရေးပေါ် လိုအပ်နေတဲ့ လူကြီးပိုင်းတွေ ဖြစ်ကြပါတယ်" လို့ မီလာနီယာ ထရမ့်က ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။


၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂၄ ရက်နေ့မှာထုတ်ပြန်ခဲ့တဲ့ ဒရုန်းဗီဒီယိုက ရိုက်ယူထားတဲ့ ရုရှားထိန်းချုပ်ထားတဲ့ ယူကရိန်းနိုင်ငံ၊ ခါဆန်ဒေသ၊ အိုလက်ရှ်ကီရှိ မြို့ လမ်းမတစ်ခုပေါ်က မြင်ကွင်း
၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂၄ ရက်နေ့မှာထုတ်ပြန်ခဲ့တဲ့ ဒရုန်းဗီဒီယိုက ရိုက်ယူထားတဲ့ ရုရှားထိန်းချုပ်ထားတဲ့ ယူကရိန်းနိုင်ငံ၊ ခါဆန်ဒေသ၊ အိုလက်ရှ်ကီရှိ မြို့ လမ်းမတစ်ခုပေါ်က မြင်ကွင်း

ဒီအပစ်အခတ် ရပ်စဲမှုကြောင့် နှစ်နိုင်ငံလုံးက စစ်ဘက်မဟုတ်တဲ့ အဖွဲ့တွေဟာ မြို့ခံတွေဆီ သွားရောက်တွေ့ဆုံနိုင်မှာဖြစ်ပြီး ရုရှား သို့မဟုတ် ယူကရိန်း ဘက်ကို ထွက်ခွာလိုသူတွေအတွက် သယ်ယူပို့ဆောင်ရေး လုပ်ငန်းတွေကို ညှိနှိုင်း ဆောင်ရွက်ပေးနိုင်မှာဖြစ်ကြောင်း၊ အမည်မဖော်လိုတဲ့ အမေရိကန် မီဒီယာအဖွဲ့တစ်ခုကလည်း ဒီလုပ်ငန်းစဉ်တွေကို မှတ်တမ်းတင်ဖို့ ကူညီဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း ပထမသမ္မတကတော်က ပြောပါတယ်။


လက်ယာယိမ်း သတင်းဌာနတစ်ခုဖြစ်တဲ့ Newsmax ကတော့ ဒီကူညီပေးမှု အားထုတ်မှုတွေကို မှတ်တမ်းတင်ဖို့ သူတို့ရဲ့ သတင်းရိုက်ကူးရေးအဖွဲ့တွေ "သီးသန့် ရိုက်ကူးခွင့်" ရရှိမှာဖြစ်တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။


ယူကရိန်း ထိန်းချုပ်ထားတဲ့ ခါဆွန် (Kherson) မြို့နဲ့ ဒီနီပရို (Dnipro) မြစ်တစ်ဖက်ကမ်းမှာ ရှိတဲ့ အိုလက်ရှ်ကီမြို့မှာ စစ်မဖြစ်ခင်က လူဦးရေ ၂၄,၀၀၀ နီးပါး ရှိခဲ့ပေမဲ့ ခုချိန်မှာတော့ ကလေးငယ် ၅၀ ခန့်အပါအဝင် (အများစုမှာ လူကြီးပိုင်းများဖြစ်ကြပြီး) လူဦးရေ ၁,၇၀၀ ကနေ ၂,၀၀၀ ဝန်းကျင်ပဲ ကျန်တော့တယ်လို့ အိမ်ဖြူတော်က ဆိုပါတယ်။ ၂၀၂၃ ခုနှစ် ကာခေါဗ်ကာ (Kakhovka) ရေကာတာ ပျက်စီးသွားပြီးနောက် မြို့ရဲ့ ၉၀ ရာခိုင်နှုန်းခန့်ဟာ ရေလွှမ်းမိုးခံခဲ့ရကြောင်းလည်း အိမ်ဖြူတော်က ဖော်ပြခဲ့ပါတယ်။


ဒေသတွင်း အပစ်အခတ် ရပ်စဲရေးဆိုင်ရာ စည်းမျဉ်းတွေကို သတ်မှတ်ဖို့အတွက် မီလာနီယာ ထရမ့်နဲ့ သူ့ရဲ့ ကိုယ်စားလှယ်တို့ဟာ ရုရှားနဲ့ ယူကရိန်း ခေါင်းဆောင်ပိုင်းတို့နဲ့ တိုက်ရိုက် ညှိနှိုင်းဆောင်ရွက်ခဲ့တာ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

"ဘေးလွတ်ရာ ရွှေ့ပြောင်းချင်တဲ့ မြို့ခံတွေကို စနစ်တကျ ကူညီပေးသွားမှာဖြစ်ပြီး သူတို့ သွားချင်တဲ့ နေရာအထိ သယ်ယူပို့ဆောင်ပေးသွားမှာပါ။ အချို့က ရုရှားဘက်ကို သွားချင်ကြသလို အချို့ကလည်း ယူကရိန်းဘက်ကို သွားချင်ကြလိမ့်မယ်လို့ မျှော်လင့်ရပါတယ်" လို့ မီလာနီယာ ထရမ့်က ပြောကြားခဲ့ပါတယ်။


ခရက်ဒစ် - Reuters


Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page