အမေရိကန်နိုင်ငံသား စတီဖင် ဟက်ဘတ်ကို ရုရှားကပြန်လွှတ်ပေး

အီးကေ/BVJ_အောက်တိုဘာ ၂၁၊၂၀၂၆

အမေရိကန်နိုင်ငံသား စတီဖင် ဟက်ဘတ် (Stephen Hubbard) ကို ပြန်လွှတ်ပေးလိုက်ပြီဖြစ်ကြောင်း ရုရှားနိုင်ငံပိုင်မီဒီယာတွေက သတင်းဖော်ပြပါတယ်။ ယူကရိန်းဘက်ကနေပါဝင်တိုက်ခိုက်ခဲ့တယ်ဆိုပြီး ထောင်ဒဏ်ချမှတ်ခံထားရတဲ့ အသက် ၇၄ နှစ်အရွယ် အမေရိကန်နိုင်ငံသားကိုပြန်လွှတ်ပေးဖို့ သဘောတူညီခဲ့ပြီဖြစ်ကြောင်း ရုရှားသမ္မတ ဗလာဒီမာ ပူတင်ကပြောကြားလိုက်တယ်လို့ နိုင်ငံပိုင်မီဒီယာတွေကဆိုပါတယ်။
စင်ပီတာစဘတ် (St Petersburg)မြို့မှာ အမေရိကန်အထူးကိုယ်စားလှယ် စတိဗ် ဝစ်ကော့ဖ်နဲ့တွေ့ဆုံဆွေးနွေးချိန်အတွင်း စတီဖင် ဟက်ဘတ်ကို ပူလ်ကိုဗို (Pulkovo)လေဆိပ်ကိုခေါ်ဆောင်သွားခဲ့ပြီဖြစ်ကြောင်း ပူတင်ကပြောပါတယ်။
မူလက မစ်ရှီဂန် (Michigan)ပြည်နယ်က အလယ်တန်းပြဆရာဟောင်းတစ်ဦးဖြစ်တဲ့ ဟက်ဘတ်ဟာ ၂၀၂၄ ခုနှစ်မှာ ရုရှားအစိုးရက ထောင်ဒဏ် ၇ နှစ်နီးပါးချမှတ်ခံခဲ့ရသူဖြစ်ပါတယ်။
ရုရှားက ယူကရိန်းကိုအပြည့်အဝကျူးကျော်ဝင်ရောက်ပြီး မကြာမီမှာပဲ ယူကရိန်းအရှေ့ပိုင်း အီဇီယမ် (Izyum)မြို့မှာ စတီဖင် ဟက်ဘတ် ဖမ်းဆီးခံခဲ့ရပြီး ကာကွယ်ရေးတပ်ဖွဲ့တစ်ခုမှာတာဝန်ထမ်းဆောင်ခဲ့တယ်ဆိုတဲ့စွပ်စွဲချက်နဲ့ ထောင်ဒဏ်ချမှတ်ခံခဲ့ရတာဖြစ်ပါတယ်။
အမေရိကန်နိုင်ငံခြားရေးဌာနကတော့ ဟက်ဘတ်ကို "တရားမဝင် ဖမ်းဆီးထိန်းသိမ်းခံထားရသူ"လို့အစောပိုင်းကသတ်မှတ်ခဲ့ပြီး အင်္ဂါနေ့မှာပဲ သမ္မတ ဒေါ်နယ်ထရမ့်က ပူတင်နဲ့ဆွေးနွေးပွဲမှာသူ့ရဲ့အမှုကိုတင်ပြခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။
CBS News ရဲ့ဖော်ပြချက်အရ ဟက်ဘတ်ဟာကျန်းမာရေးအခြေအနေ ဆိုးရွားနေပြီး ဆေးကုသမှုခံယူနိုင်ဖို့ တက္ကဆီပြည်နယ်ကိုလေယာဉ်နဲ့ ခေါ်ဆောင်သွားဖို့ရှိတယ်လို့ သိရပါတယ်။
ရုရှားနိုင်ငံပိုင် မီဒီယာတွေရဲ့ဖော်ပြချက်အရ ဝစ်ကော့ဖ်ဟာ ဟက်ဘတ်ကိုလွှတ်ပေးတဲ့အတွက်ကြောင့်လည်းကောင်း ဒီလအစောပိုင်းက ရုရှားဒီဇယ်ဆီတင်သွင်းဖို့ အမေရိကန်နဲ့သဘောတူညီချက်ရရှိခဲ့တဲ့အတွက်ကြောင့်လည်းကောင်း ထရမ့်ရဲ့ကိုယ်စားကျေးဇူးတင်ရှိကြောင်း ပူတင်ကိုပြောကြားခဲ့တယ်လို့ သိရပါတယ်။
အဲ့ဒီသဘောတူညီချက်အရ ပထမဆုံးတင်ပို့မယ့်ကုန်စည်ဟာ "၂ ရက် သို့မဟုတ် ၃ ရက်အတွင်း"ထွက်ခွာမှာဖြစ်ကြောင်း တက်စ် (TASS) သတင်းဌာနကိုကိုးကားပြီး ပူတင်ကဆွေးနွေးပွဲမှာပြောကြားခဲ့ပါတယ်။
ရုရှားနဲ့အမေရိကန်ကြားက ဒီဇယ်ဆီသဘောတူညီချက်ဟာ ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လန်းစကီးကို အလွန်အမင်းဒေါသထွက်စေခဲ့ပြီး အမေရိကန်နဲ့ယူကရိန်းကြားက သံတမန်ရေးရာဆက်ဆံရေးတွေပိုမိုယိုယွင်းလာစေခဲ့ပါတယ်။
စင်ပီတာစဘတ်မြို့မှာ ဗုဒ္ဓဟူးနေ့ကပြုလုပ်ခဲ့တဲ့ ရုရှားသမ္မတပူတင်နဲ့ အမေရိကန်အထူးကိုယ်စားလှယ် စတိဗ် ဝစ်ကော့ဖ်တို့ရဲ့ဆွေးနွေးပွဲအတွင်းမှာ အတူတကွလက်တွဲဆောင်ရွက်ခြင်းအားဖြင့် ဘာတွေလုပ်ဆောင်နိုင်တယ်ဆိုတာကို ယူကရိန်းအတွက် ဒီသဘောတူညီချက်ကသက်သေပြချက်တခုဖြစ်ကြောင်း ဝစ်ကော့ဖ်ကပြောကြားခဲ့တာကို ရုရှားအစိုးရပိုင် သတင်းဌာနက ထုတ်လွှင့်ခဲ့ပါတယ်။
ခရက်ဒစ် - ဘီဘီစီ




Comments