ဗြိတိန်ချားလ်စ်ဘုရင်ကြီး စာအုပ်လက်ဆောင်ပေးတဲ့ကိစ္စ နိုင်ငံတကာအသိအမှတ်ပြုရဖို့ စစ်အုပ်စုကအသုံးချသွားနိုင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်သားငယ် ကိုထိန်လင်းသတိပေး

သူရ/BVJ_ အောက်တိုဘာ ၂၂၊ ၂၀၂၆

ဗြိတိန်ချားလ်စ်ဘုရင်က ဒေါ်အောင်ဆန်းစုကြည်ထံစာအုပ်လက်ဆောင် ပို့ပေးခဲ့တဲ့ကိစ္စဟာ အာဏာသိမ်းစစ်အုပ်စုအုပ်ချုပ်ရေးပုံမှန်အခြေအနေရောက်နေသလိုမျိုး စစ်အုပ်စုကိုအသိအမှတ်ပြုသလိုမျိုးဖြစ်သွားနိုင်တဲ့အတွက်သတိထားသင့်ကြောင်း သားငယ်ဖြစ်သူကိုထိန်လင်း (ကင်မ်အဲ့ရစ်)က ယူကေနိုင်ငံထုတ် The Telegraphသတင်းစာကိုပြောပါတယ်။
ချားလ်စ်ဘုရင်ကြီးကပေးပို့ခဲ့တဲ့ "The Land Gardeners: Soil to Table" နဲ့ "Soil: The World at Our Feet" စတဲ့ မြေဆီလွှာနဲ့ဥယျာဉ်ခြံစိုက်ပျိုးရေးဆိုင်ရာ စာအုပ်နှစ်အုပ်၊အိတ်ပိတ်စာအိတ်တစ်အိတ်နဲ့ သံတမန်ရေးရာစာအိတ်တစ်စောင်တို့ကို ဒေါ်အောင်ဆန်းစုကြည်ထံ သွားရောက်ပေးအပ်ခဲ့ကြောင်း အာဏာသိမ်းစစ်အုပ်စုရဲ့သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူက အောက်တိုဘာ ၁၉ ရက်မှာဓာတ်ပုံတွေနဲ့တကွ ထုတ်ပြန်ခဲ့ပါတယ်။
မိခင်ဖြစ်သူဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေးအတွက် လှုပ်ရှားမှုတွေတောက်လျှောက်လုပ်ဆောင်နေတဲ့ ကင်မ် အဲရစ်ကမိခင်ဖြစ်သူထံ သတိတရနဲ့စာအုပ်တွေပို့ပေးခဲ့တဲ့ ဗြိတိန်ဘုရင်ကြီးရဲ့ဖေးမကူညီလိုတဲ့ သဘောထားကို နားလည်လက်ခံကြိုဆိုကြောင်း၊ ဒါပေမယ့် အခုလိုထုတ်ပြန်ပြသမှုတွေကိုစစ်အုပ်စုကအသုံးချပြီး နိုင်ငံတကာရဲ့တရားဝင်အသိအမှတ်ပြုမှုရယူဖို့နဲ့ ပုံမှန်အခြေအနေရောက်ရှိနေပြီဖြစ်ကြောင်း လှည့်စားဖန်တီးဖို့ အမြတ်ထုတ်သွားနိုင်ခြေရှိကြောင်းသတိပေးပြောကြားခဲ့ပါတယ်။
"စစ်အစိုးရအနေနဲ့ ဒီလိုမျိုးရွေးချယ်ထုတ်ပြန်ပြသမှုတွေကိုအသုံးချပြီး ပုံမှန်အခြေအနေတစ်ခုလိုဖန်တီးဖို့ ဒါမှမဟုတ် နိုင်ငံတကာရဲ့တရားဝင်အသိအမှတ်ပြုမှုကိုရယူဖို့ ကျွန်တော်တို့လုံးဝခွင့်မပြုသင့်ပါဘူး။ ကျွန်တော့်မိခင်ရရမယ့် အခြေခံလူ့အခွင့်အရေးတွေကတော့ ဆက်လက်ချိုးဖောက်ခံနေရဆဲပါပဲ"လို့ သူကပြောကြားခဲ့ပါတယ်။
အာရှလူ့အခွင့်အရေးနဲ့အလုပ်သမားရေးရာအဖွဲ့ ဒါရိုက်တာ ဖီးလ် ရောဘတ်ဆင်ကလည်း မြန်မာနိုင်ငံမှာအခုအချိန်ထိ လူထုရဲ့ချစ်ခင်လေးစားမှုကိုခံနေရဆဲဖြစ်တဲ့ဒေါ်အောင်ဆန်းစုကြည်ကို စစ်အုပ်စုက ကမ္ဘာ့အသိုက်အဝန်းရဲ့ တရားဝင်အသိအမှတ်ပြုမှုကိုရရှိဖို့အတွက် "ဝါဒဖြန့်လက်နက်တစ်ခုအနေနဲ့ အသုံးချနေပါတယ်"လို့ The Telegraphကို ပြောကြားခဲ့ပါတယ်။
ပြီးတော့ ဗြိတိသျှတော်ဝင်မိသားစုအနေနဲ့ အခုလိုနိုင်ငံရေးကစားကွက်ထဲမှာပါဝင်ပတ်သက်နေခြင်းဟာ ထူးဆန်းနေကြောင်း ပြည်သူလူထုရဲ့ တရားဝင်ရွေးချယ်တင်မြှောက်မှုခံထားရသူတစ်ဦးကို နိုင်ငံကိုဦးဆောင်ခွင့်ပေးရမယ့်အစား ဥယျာဉ်စိုက်ပျိုးရေးဘက်ကိုဦးလှည့်ခိုင်းနေသလိုမျိုးဖြစ်နေတာက မြန်မာပြည်သူတွေအတွက်လုံးဝအကောင်းမြင်စရာမရှိနိုင်ကြောင်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။
အာဏာသိမ်းစစ်အုပ်စုခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ အတုအယောင်ရွေးကောက်ပွဲအပြီး နိုင်ငံတကာအထီးကျန်ဆန်နေမှုကို အဆုံးသတ်ရန် အိမ်နီးချင်းနိုင်ငံများဆီသွားရောက်ခြင်းနဲ့ အာဆီယံအဖွဲ့ကြီးကပါ "သတိပြုချင့်ချိန်ကာပြန်လည်ထိတွေ့ဆက်ဆံတဲ့" မူဝါဒဘက်သို့ ဦးတည်လာနေကြောင်း The Telegraph သတင်းဆောင်းပါးထဲမှာ ဖော်ပြထားပါတယ်။
လန်ဒန်မြို့အခြေစိုက် (Burma Campaign UK) အဖွဲ့ ဒါရိုက်တာ Mark Farmaner မာ့ခ် ဖာမနာကလည်း ဗြိတိသျှအစိုးရရဲ့မူဝါဒဟာကြီးမားတဲ့ ပြောင်းလဲမှုတစ်ရပ်ရှိလာခဲ့ကြောင်း ဗြိတိသျှအစိုးရဝန်ကြီးတွေဟာ မြန်မာစစ်တပ်ကိုအရေးယူပိတ်ဆို့ရမည့်အစား လန်ဒန်ရှိစစ်အုပ်စုထိန်းချုပ်ထားတဲ့ သံရုံးရဲ့ယာယီသံအမတ်ကြီး ဦးဝင်းဇေယျာထွန်းနဲ့တွေ့ဆုံခြင်း၊ ဓာတ်ပုံရိုက်ကူးခြင်းနဲ့ကုန်သွယ်ရေးကိစ္စတွေ ဆွေးနွေးလာခြင်းတို့ကြောင့် ပုံမှန်အခြေအနေကိုပြန်လည်ရောက်ရှိရေးဆီဦးတည်နေပြီဖြစ်ကြောင်း The Telegraph သတင်းစာကိုပြောကြားခဲ့ပါတယ်။
နေပြည်တော်မှာအကျဉ်းကျခံနေရတဲ့ မိခင်ဖြစ်သူဒေါ်အောင်ဆန်းစုကြည်ဆီကိုသတိတရနဲ့စာအုပ်တွေပို့ပေးခဲ့တဲ့ ဗြိတိန်ရဲ့တတိယမြောက် ချားလ်စ်ဘုရင်ကြီးကို သားငယ်ကိုထိန်လင်းက Burma VJ မီဒီယာကတဆင့်ကျေးဇူးတင်ကြောင်းထုတ်ဖော်ပြောခဲ့ပြီး မိခင်ဖြစ်သူပြန်လည်လွတ်မြောက်ရေးအတွက် အားလုံးဝိုင်းဝန်းတောင်းဆိုပေးကြဖို့ကိုလည်း တိုက်တွန်းထားပါတယ်။
ခရက်ဒစ် - The Telegraph




Comments