မနိုဘယ်အေး ကျဆုံးခြင်း တစ်နှစ်ပြည့်အခမ်းအနားကို မဲဆောက်မြို့မှာ ပြုလုပ်
- BVJ

- Feb 10, 2025
- 1 min read
စစ်ပွဲအတွင်း ထိခိုက်သေဆုံးခဲ့ရသူတွေကို ကူညီထောက်ပံ့ဖို့အတွက် နိုဘယ်အေး ဖောင်ဒေးရှင်းထူထောင်
BVJ/အိုင်းရစ် _ ဖေဖော်ဝါရီ ၈ ၊ ၂၀၂၅

ပဲခူးတိုင်း သနပ်ပင်မြို့နယ် ကျိုက်လတ်ရွာအနီးမှာ စစ်ကောင်စီတပ်ရဲ့ ပစ်သတ်မှုကြောင့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၈ ရက်က သေဆုံးခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသူဟောင်း မနိုဘယ်အေး ကျဆုံးခြင်း တစ်နှစ်ပြည့်အခမ်းအနားကို ဒီနေ့ ဖေဖော်ဝါရီ ၈ ရက်က မဲဆောက်မြို့ တစ်နေရာမှာ ပြုလုပ်ခဲ့ပါတယ်။
၂၀၂၄ ခုနှစ် ဇန်နဝါရီ ၂၉ ရက်က ပဲခူးတိုင်း ဝေါမြို့နယ် ညောင်ခါးရှည်ဂိတ်မှာ မနိုဘယ်အေးနဲ့အတူ ရဲဘော်လေးခွင်း (ခ) အောင်ကိုဟိန်းကို စစ်ကောင်စီက ဖမ်းဆီးခဲ့တာလည်း ဖြစ်ပါတယ်။ ဖမ်းဆီးခံရပြီး တစ်ပတ်ကျော်အကြာ ဖေဖော်ဝါရီ ၈ ရက်မှာ ဝေါမြို့နယ် တရားရုံးကနေ ရုံးထုတ်ရမန်ယူပြီးအပြန် ထွက်ပြေးဖို့ ကြိုးစားတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ သနပ်ပင်မြို့နယ် ကျိုက်လတ်ရွာအနီးမှာ စစ်ကောင်စီက မနိုဘယ်အေးနဲ့ ရဲဘော်လေးခွင်းတို့ကို ပစ်သတ်ခဲ့တာလည်း ဖြစ်ပါတယ်။
တော်လှန်ရေးကာလအတွင်း စစ်ကောင်စီ ပစ်သတ်မှုကြောင့် ကျဆုံးခဲ့ရတဲ့ မနိုဘယ်အေး တစ်နှစ်ပြည့် အခမ်းအနားကို မနိုဘယ်အေးရဲ့ မိသားစုဝင်များက ဦးဆောင်ပြုလုပ်ခဲ့တာဖြစ်ပြီး နိုင်ငံရေးအကျဉ်းသားဟောင်းတွေနဲ့ ဖိတ်ကြားတဲ့ ဧည့်သည်တွေလည်း တက်ရောက်ခဲ့ကြပါတယ်။ မနိုဘယ်အေး ကျဆုံးခြင်း တစ်နှစ်ပြည့်အခမ်းအနားနဲ့အတူ နိုဘယ်အေးဖောင်ဒေးရှင်ကို စတင်ထူထောင်ကြောင်းနဲ့ မြန်မာစစ်ရေးပဋိပက္ခအတွင်း ထိခိုက်ဒဏ်ရာရသူတွေနဲ့ သေဆုံးခဲ့ရသူတွေရဲ့ မိသားစုဝင်တွေကို ကူညီထောက်ပံ့နိုင်ဖို့အတွက် ရည်ရွယ်ထားကြောင်း မနိုဘယ်အေးရဲ့မောင်ဖြစ်သူ ကိုထက်မြက်က ပြောပါတယ်။
“၂၀၂၁ ခုနှစ်ကနေ အခုချိန်အထိ ပြည်တွင်းစစ်အတွင်း အကြောင်းမျိုးမျိုးနဲ့ သေဆုံးခဲ့တဲ့ ရဲဘော်တွေ၊ ပြည်သူတွေ အားလုံးရဲ့ စာရင်းတွေကို မှတ်တမ်းတင် ပြုစုဖို့ ပထမအဆင့်အနေနဲ့ ကျွန်တော်တို့ ကြိုးစားပါမယ်။ ဒုတိယတစ်ခုကတော့ ပြည်တွင်းစစ်ကြောင့် သေဆုံးခဲ့ရသူတွေရဲ့နောက်မှာ ကျန်ရစ်ခဲ့သူတွေရဲ့ လူမမယ်အရွယ် ကလေးတွေရဲ့ ပညာရေးကို ထောက်ပံ့နိုင်ဖို့ ကြိုးစားပါမယ်။ နောက်တစ်ချက်က ပြည်တွင်းစစ်ကြောင့် ကိုယ်လက်အင်္ဂါ စွန့်လွှတ်ခဲ့ရသူတွေအတွက် သူတို့ဘဝ ရပ်တည်နိုင်ဖို့ ကျွန်တော်တို့ တတ်နိုင်တဲ့ဟာကို ပံ့ပိုးသွားပါမယ်”လို့ နိုဘယ်အေးဖောင်ဒေးရှင်း ထူထောင်ခြင်းနဲ့ပတ်သက်ပြီး ကိုထက်မြက်က ရှင်းလင်းပြောပြပါတယ်။
ပြည်တွင်းစစ်ကြောင်း ကိုယ်လက်အင်္ဂါစွန့်လွှတ်ခဲ့ရသူတွေကို အသက်မွေးဝမ်းကျောင်းပညာရပ် တစ်ခုခု သင်ကြားတတ်မြောက်အောင်၊ အသက်မွေးဝမ်းကျောင်းလုပ်နိုင်တဲ့အဆင့်ထိရရှိအောင် ပံ့ပိုးကူညီသွားမှာဖြစ်တယ်လို့ နိုဘယ်အေး ဖောင်ဒေးရှင်း စတင်တည်ထောင်သူ ကိုထက်မြက်က ပြောပါတယ်။ နိုဘယ်အေးဖောင်ဒေးရှင်းက ရရှိလာတဲ့ အကျိုးအမြတ်တွေကိုလည်း ပွင့်လင်းမြင်သာစွာ ဆက်လုပ်ဆောင်သွားမှာဖြစ်ပြီး ပြည်တွင်းစစ်ကြောင့် ထိခိုက်ဒဏ်ရာရသူတွေနဲ့ သေဆုံးခဲ့ရသူတွေရဲ့ မိသားစုဝင်တွေအတွက် ထောက်ပံ့အသုံးပြုသွားမယ်လို့လည်း သိရပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်နဲ့ လက်အောက်ခံအဖွဲ့တွေရဲ့ သတ်ဖြတ်မှု၊ လေကြောင်းတိုက်ခိုက်မှုနဲ့၊ လက်နက်ကြီးပစ်ခတ်မှုတို့ကြောင့် သေဆုံးခဲ့သူ ၆၂၀၀ ကျော်အထိရှိခဲ့ပြီး လက်ရှိအချိန်ထိ ဖမ်းဆီးခံထားရသူပေါင်း ၂၁၇၉၃ ဦးအထိ ရှိနေတယ်လို့လည်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားပါတယ်။
ဓာတ်ပုံ - Burma VJ and Aung Aung


























Comments