top of page

မန္တလေးပြိုကျအဆောက်အဦးတွေအောက်ကနေ ကလေးငယ်တွေအပါအဝင် သေဆုံးသူ ၈ ဦး ရုပ်အလောင်းကို ငလျင် ၁၃ရက်မြောက်တွင် ရှာတွေ့

  • Writer: BVJ
    BVJ
  • Apr 18
  • 1 min read

BVJ/ယူဂရင်း_ ဧပြီ ၁၁၊ ၂၀၂၅

ဓါတ်ပုံ-MFS
ဓါတ်ပုံ-MFS

မတ်လ ၂၈ရက်က အင်အားပြင်းငလျင်ကြောင့် မန္တလေးမြို့ ၊ Great Wall Hotel၊ Sky Villaနဲ့ ၇ထပ်တိုက်တို့ ပြိုကျမှုအတွင်း ပျောက်ဆုံးနေသူတွေကို ထပ်မံရှာဖွေရာကနေ မနေ့က ဧပြီ ၁၀ရက်မှာ ကလေး (၄)ဦးနဲ့အမျိုးသမီးတွေအပါအဝင် ရုပ်အလောင်း (၈)ခုကို ရှာဖွေတွေ့ရှိခဲ့တယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က အသိပေးထုတ်ပြန်ပါတယ်။


Sky Villa အဆောက်အဦးပြိုကျတဲ့နေရာကနေ မနက် ၁၁နာရီကျော်မှာ အမျိုးသမီးတစ်ဦး၊ ၁၂နာရီအချိန်မှာ အမျိုးသမီးတစ်ဦးနဲ့ နေ့လယ် သုံးနာရီကျော်မှာ အမျိုးသမီးတစ်ဦးတို့ရဲ့ ရုပ်အလောင်းတွေ၊ ၈၃လမ်း၊ (၂၇×၂၈) လမ်းကြား၊ ကြယ်တိုက်ဝင်းအတွင်းရှိ RCC (၇)ထပ် အဆောက်အဦးပြိုကျတဲ့နေရာကနေ နေ့လယ် တစ်နာရီကျော်မှာ အမျိုးသမီးတစ်ဦးနဲ့ ကလေး(မ)တစ်ဦးတို့ရဲ့ ရုပ်အလောင်းတွေကို ရှာဖွေတွေ့ရှိခဲ့တာဖြစ်ပါတယ်။


Great Wall Hotel ပြိုကျမှုအတွင်းကနေ ညနေ ၆နာရီကျော်အချိန်မှာ အမျိုးသားတစ်ဦး၊ ကလေး(၃)ဦးတို့ကို မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ ရုရှားကယ်ဆယ်ရေးအဖွဲ့တို့က ရှာဖွေတွေ့ရှိခဲ့တာပါ။ အဲ့ဒီအမျိုးသားနဲ့ ကလေးသုံးဦးဟာ မနှင်းနှင်းရွှေရဲ့ အမျိုးသားနဲ့ (၂)နှစ်နဲ့(၇)နှစ်အရွယ် သမီးငယ်လေးတို့ဖြစ်ပြီး နောက်ထပ်ကလေးတစ်ယောက်ဟာ အိမ်အကူကလေးဖြစ်တယ်လို့ ကာယကံရှင်မိသားစုတွေက လူမှုကွန်ရက်(Facebook)မှာ အသိပေးထားပါတယ်။

ဂရိတ်ဝေါလ်ဟိုတယ် ပြိုကျမှုအတွင်း ဧပြီ ၁၀ရက်တွင် ရှာဖွေကယ်ဆယ်ရေးလုပ်နေပုံများနှင့် ဟိုတယ်ပြိုကျမှုအတွင်း ဧပြီ ၁၀ရက် ညနေ ၆နာရီကျော်တွင် ရုပ်အလောင်းရှာတွေ့ခဲ့တဲ့ ကလေးငယ်နှစ်ဦးနဲ့ ဖခင် (ဓါတ်ပုံ-Hnin Hnin Shwe)
ဂရိတ်ဝေါလ်ဟိုတယ် ပြိုကျမှုအတွင်း ဧပြီ ၁၀ရက်တွင် ရှာဖွေကယ်ဆယ်ရေးလုပ်နေပုံများနှင့် ဟိုတယ်ပြိုကျမှုအတွင်း ဧပြီ ၁၀ရက် ညနေ ၆နာရီကျော်တွင် ရုပ်အလောင်းရှာတွေ့ခဲ့တဲ့ ကလေးငယ်နှစ်ဦးနဲ့ ဖခင် (ဓါတ်ပုံ-Hnin Hnin Shwe)

“မျှော်လင့်ချက်မဲ့ပြီး ဆုတောင်းမပြည့်ခဲ့ပါဘူးဟာ။ ကလေး ၂ယောက်ကော အိမ်အကူကလေးကိုရော အစ်ကိုက အပေါ်ကမိုးထားပေးတာတဲ့။ သူအပေါ်ကနေမိုးပြီး တောင့်ခံထားရှာတာတဲ့။ အမြန်သာရှာခွင့်ရရင် နင်မသေလောက်ဘူးဟာ။ ချက်ချင်းပေးရှာတယ်ပြောတဲ့ဟာတွေ သွားကြည့်ကြနော် DB ကပုံတောင်မပျက်သေးဘူး၊ ကလေးတွေအိပ်နေသလိုပဲ”လို့ သေဆုံးသူမိသားစုဝင်တစ်ဦးဖြစ်တဲ့ Kandi K ရေးထားပါတယ်။


မန္တလေးမြို့လယ်က ၇လွှာအမြင့်ရှိ ဂရိတ်ဝေါလ်ဟိုတယ်ဟာ တည်းခိုသူများပြီး ငလျင်လှုပ်ခတ်ချိန်မှာ လူ နှစ်ရာဝန်းကျင်ထက်မနည်းရှိနိုင်တယ်လို့ခန့်မှန်းထားကြပေမယ့် ဟိုတယ်က ထပ်မံပြိုကျနိုင်တဲ့ အန္တရာယ်ရှိအဆောက်အအုံဖြစ်လို့ဆိုပြီး ရှာဖွေကယ်ဆယ်ရေးတွေကို မတ်လ၃၁ရက်မှာ ရပ်နားခဲ့ပါတယ်။ အဲ့ဒီနောက် အထဲပိတ်မိနေသူတွေရဲ့မိသားစုဝင်တွေက တောင်းဆိုတာကြောင့် ဧပြီ၃ရက်မှာ ရှာဖွေရေးပြန်လည်စတင်ခဲ့ပြီး ဧပြီ ၆ရက်မှာ ဟိုတယ်ကို အပြီးသတ်ဖြိုချခဲ့ပါတယ်။


၇.၇အင်အားရှိငလျင်ကြောင့် ဂရိတ်ဝေါလ်ဟိုတယ် ပြိုကျမှုအတွင်းမှာ ပိတ်မိသူတွေကို အချိန်မီကယ်တင်နိုင်ခြင်း မရှိတာကြောင့် မသေသင့်ဘဲသေဆုံးကုန်ကြရတယ်ဆိုတဲ့ ဝေဖန်မှုတွေလည်း ထွက်ပေါ်နေတာပါ။


Comments


BVJ Facebook background.jpg
BVJ-Logo-001.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma.[2] The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country,[4] physically or over the Internet.

© 2025 by burmavj media

bottom of page