မန္တလေး Sky Villa ပြိုကျအဆောက်အအုံအောက်မှာ ငွေကျပ်သိန်း ၈၀၀ ကျော်နဲ့ ရွှေထည်ပစ္စည်းများ တွေ့ရှိ
- BVJ
- May 6
- 1 min read
BVJ/ထက်အောင် _ မေ ၆ ၊ ၂၀၂၅

အင်အားပြင်းငလျင်ကြောင့် ပြိုကျပျက်စီးခဲ့တဲ့ မန္တလေး Sky Villa အဆောက်အအုံ အပျက်အစီးတွေအောက်မှာ မြန်မာငွေသိန်း ၈၀၀ ကျော်၊ ရွှေထည်ပစ္စည်းတွေနဲ့ နိုင်ငံခြားသုံးငွေတွေကိုလည်း ရှာဖွေတွေ့ရှိခဲ့တယ်လို့ မြန်မာနိုင်ငံ မီးသတ်ဌာနက (MFSD) က ဒီနေ့ မေလ ၆ ရက်မှာ ထုတ်ပြန်လာပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းလျင်ကြောင့် အောင်မြေသာစံမြို့နယ်၊ လမ်း ၆၀၊ ၂၂ လမ်းနဲ့ ၂၃ လမ်းကြားရှိ ၁၁ ထပ်မြင့် Sky Villa အဆောက်အအုံ ပြိုကျခဲ့ချိန် အသက်ရှင်ကျန်ရစ်သူ ၅၀ ဝန်းကျင်သာရှိခဲ့ပြီး အခုလဆန်းပိုင်းအထိ သေဆုံးအလောင်း ၁၁၂ ခုကို မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က ရှာဖွေတွေ့ရှိထားတာလည်း ဖြစ်ပါတယ်။
ရုပ်အလောင်းတွေ ကျန်ရှိနေသေးတဲ့ Sky Villa အဆောက်အဦ အဆောင် (B)၊ အဆောင် (C) နဲ့ အဆောင် (D) တို့ကို ဒီနေ့ မေလ ၆ ရက်မှာ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က ယန္တရားတွေနဲ့ ဖယ်ရှားရှင်းလင်းနေချိန် အဆောင် (B) အခန်းအမှတ် I9 ကနေ မြန်မာငွေကျပ် ၈၃၀၀၀၀၀၀ ၊ အမေရိကန်ဒေါ်လာ ၁၀၀ တန် ၃၀၀ ရွက် (ဒေါ်လာ ၃၀၀၀၀) ၊ တရုတ်ငွေ ယွမ် ၁၆၀ ၊ ထိုင်းဘတ်ငွေ ၁၄၀ တို့ကို တွေ့ရှိခဲ့တာလည်း ဖြစ်ပါတယ်။
ဒါ့အပြင် ရွှေသား ၁၀ ကျပ်သား အတုံး ၁၀ တုံး၊ ၁ ကျပ် ၄ ပဲတုံး ၂ တုံး၊ ၁ ကျပ် ၃ ပဲတုံး ၁ တုံး၊ ရွှေဆွဲကြိုး ၃၀ ကုံး၊ လက်ကောက် + ဟန်းချိန်း ၂၆ ကုံး၊ လက်စွပ် ၃၅ ကွင်း၊ နားကပ် ၁၃ ရံ၊ ဆွဲသီး ၅ ခု၊ ကျောက်စိမ်းပန်းပု ၂ ခု၊ ပုလဲပုတီး ၂ ကုံး၊ ကျောက်စိမ်းပါ လက်စွပ် ၁ ကွင်း၊ iPhone ၁ လုံး၊ iPad ၁ လုံး၊ မှတ်ပုံတင် ၃ ခု၊ ဘဏ်စာအုပ် ၉ အုပ်၊ LV ပိုက်ဆံအိတ် ၁ လုံး၊ အရေးကြီးစာရွက်စာတမ်းတွေကို ပိုင်ရှင်ကိုယ်စား မောင်တော်စပ်သူထံ လွှဲပြောင်းပေးခဲ့တယ်လို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် အဆောင် (B) အခန်းအမှတ် J9 ကနေ ရွှေဆွဲကြိုး ၂ ကုံး၊ စိန်နဲ့ မြလက်စွပ် ၁ ကွင်း၊ စိန်နားကပ် ၁ ရံ၊ စိန်လက်စွပ် ၂ ကွင်း၊ စိန်ဟန်းချိန်း ၁ ကုံး၊ နာရီ ၁ လုံး၊ Macbook ၁ လုံး၊ iPad ၁ လုံးနဲ့ အဝတ်အစားအိတ် ၂ အိတ်တို့ကို ထပ်မံတွေ့ရှိခဲ့တာကြောင့် ပစ္စည်းလက်ခံလွှဲပြောင်းရေးအဖွဲ့ကနေတဆင့် ပိုင်ရှင်ထံ လွှဲပြောင်းပေးခဲ့တယ်လို့လည်း သိရပါတယ်။
သုခဒိုင်းမွန်းစိန်တိုက်ပိုင်ရှင် ဒေါ်မိုးသီတာရွှေ၊ သမီးအကြီး၊ သားမက်နဲ့ မြေးမလေးတို့ သေဆုံးခဲ့တယ်လို့ ဒေါ်မိုးသီတာရွှေရဲ့ သမီးငယ်ဖြစ်သူကလည်း မတ်လ ၃၀ ရက်နေ့က လူမှုကွန်ရက် Facebook မှာ ရေးသားထားပါသေးတယ်။
Sky Villa အဆောက်အအုံမှာ လူ ၄၀၀ ဝန်းကျင်ခန့် နေထိုင်တယ်လို့ ကယ်ဆယ်ရေးလုပ်ဆောင်နေသူတွေရဲ့ပြောဆိုမှုကို Mandalay Free Press က မေလ ၃ ရက်နေ့မှာ ဖော်ပြထားပြီး အဆောက်အအုံအောက်မှာ သေဆုံးရုပ်အလောင်း ၂၀၀ ဝန်းကျင်ခန့် ရှိနေနိုင်သေးတယ်လို့လည်း ဆိုပါတယ်။
Comments