မင်းလှမြို့နယ် ဆားချောင်းရွာနဲ့ ဇရစ်မြောင်ရွာမှာ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်က ၁၆ ဦး သေဆုံး
- BVJ
- Apr 30
- 1 min read
BVJ/ထက်အောင် _ ဧပြီ ၂၈ ၊ ၂၀၂၅

ပဲခူးတိုင်း အနောက်ခြမ်း သာယာဝတီခရိုင် မင်းလှမြို့နယ် ဆားချောင်းရွာနဲ့ ဇရစ်မြောင်ရွာမှာ စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၁၆ ဦး သေဆုံးခဲ့တယ်လို့ တောင်ပိုင်းစစ်ဒေသ အမှတ် ၂ စစ်ဒေသခွဲထံက သိရပါတယ်။
မနေ့ ဧပြီ ၂၇ ရက်က မင်းလှမြို့နယ် ငမိုးရိပ်ကျေးရွာကနေ ဇရစ်မြောင်ကျေးရွာဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီအင်အား ၇၀ ခန့်ပါ စစ်ကြောင်းနဲ့ ပဲခူးတိုင်းစစ်ဌာန ဗျူဟာ ၂၂ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) အပါအဝင် မဟာမိတ်ပူးပေါင်းတပ်တွေ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တာလည်း ဖြစ်ပါတယ်။
“ဇရစ်မြောင်ရွာဘက်မှာ စပြီးတော့ ထိတွေ့မှုဖြစ်တဲ့ စကစစစ်ကြောင်းကတော့ အင်အား ၇၀ ပါတယ်။ နောက်ပိုင်းမှာ သူတို့ပူးပေါင်းလာတဲ့ သူတို့နဲ့ ပူးပေါင်းစစ်ကြောင်းကတော့ အားလုံးပေါင်းရင် အင်အား ၁၂၀ နဲ့ သူတို့ တပ်ပြန်ဆုတ်ထားတယ်။ စကစ ဘယ်တပ်ရင်းတွေလဲဆိုတာကိုတော့ ကျွန်တော်တို့ အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး” လို့ တောင်ပိုင်းစစ်ဒေသ စစ်ဒေသခွဲ ၂ ပြောရေးဆိုခွင့်ရှိသူ စောဒိုရှင်းကလည်း Burma VJ ကို ပြောပါတယ်။
စစ်ကောင်စီအင်အား ၇၀ ပါ စစ်ကြောင်းက ကနဦးက ဆားချောင်းကျေးရွာကို ရောက်ရှိနေပြီး ငမိုးရိပ်ကျေးရွာကို ဧပြီ ၂၇ ရက် မနက်အစောပိုင်းမှာ စစ်ကြောင်းထိုး ဝင်ရောက်လာတာဖြစ်ပါတယ်။ အဲဒီနောက် ငမိုးရိပ်ကျေးရွာကနေတဆင့် ဇရစ်မြောင်ကျေးရွာကို စစ်ကြောင်းထိုးဝင်ရောက်လာချိန် ဒေသကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၁၀ ဦး သေဆုံးခဲ့တာလည်း ဖြစ်ပါတယ်။
ထိတွေ့တိုက်ပွဲအတွင်း အထိနာခဲ့တဲ့ စစ်ကောင်စီတပ် ပြန်လည်ဆုတ်ခွာသွားချိန် Mi35 တိုက်ခိုက်ရေးရဟတ်ယာဉ် ၁ စီး၊ ဂျက်ဖိုက်တာ ၂ စီးနဲ့ လေကြောင်းပစ်ကူပေးခဲ့တယ်လို့လည်း သိရပါတယ်။ ထိတွေ့တိုက်ပွဲအတွင်း စစ်ကောင်စီထံက လက်နက်ခဲယမ်းနဲ့ စစ်ဘက်အသုံးအဆောင်ပစ္စည်းတွေကို မဟာမိတ်ပူးပေါင်းတပ်တွေက သိမ်းဆည်းရရှိခဲ့ပါသေးယ်။
ဧပြီ ၂၆ ရက်ကလည်း ထောက်ကြန့်ကျေးရွာအုပ်စု ဆားချောင်းကျေးရွာကို ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၂ တို့က ဆားချောင်းကျေးရွာအနီးမှာ စောင့်ကြိုတိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီဘက်က ၆ ဦး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိခဲ့သေးတယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ က ထုတ်ပြန်ထားပါသေးတယ်။
Comentarios