မင်းတပ်မြို့သိမ်းတိုက်ပွဲမှာ စစ်ကောင်စီ ဗိုလ်မှူးကြီးတစ်ဦးအပါအဝင် စစ်သုံ့ပန်း ၁၀၀ နီးပါးဖမ်းဆီးရမိခဲ့
- Zayar Oo
- Dec 23, 2024
- 1 min read
မင်းတပ်မြို့သိမ်းတိုက်ပွဲအတွက် AA တပ်ဖွဲ့က စစ်ဘက်ဆိုင်ရာအကူအညီတွေပေးအပ်ခဲ့
BVJ/အိုင်းရစ် _ ဒီဇင်ဘာ ၂၂ ၊ ၂၀၂၄

ချင်းပြည်နယ် မင်းတပ်-ဖလမ်းမြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီ စစ်သုံ့ပန်းအများအပြား ဖမ်းဆီးရမိခဲ့ပြီး ဟောင်ဝစ်ဇာလက်နက်ကြီးတွေအပါအဝင် လက်နက်ခဲယမ်းအများအပြားကိုလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။ မြို့သိမ်းတိုက်ပွဲအတွင်း အာရက္ခတပ်တော် (AA) ကလည်း စစ်ဘက်ဆိုင်ရာ အကြံဉာဏ်တွေ၊ လက်နက်ခဲယမ်း အကူအညီတွေလည်း ပေးခဲ့တယ်လို့ ချင်းညီနောင်အဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
မင်းတပ်မြို့အခြေစိုက် စစ်ကောင်စီ နောက်ဆုံးလက်ကျန်စခန်းတစ်ခုဖြစ်တဲ့ အမှတ် ၂၇၄ ခြေလျင်တပ်ရင်းကို ချင်းညီနောင် ပူးပေါင်းတပ်ဖွဲ့က အခုလ ဒီဇင်ဘာ ၂၁ ရက်မှာ အပြီးသတ်သိမ်း ယူနိုင်ခဲ့ပြီးနောက် မင်းတပ်မြို့တစ်ခုလုံးကို ချင်းညီနောင်အဖွဲ့က ထိန်းချုပ်နိုင်ခဲ့ပါတယ်။
မင်းတပ်မြို့သိမ်းတိုက်ပွဲအတွင်း ခလရ ၂၇၄ က ဗိုလ်မှူးကြီးအဆင့် တာဝန်ရှိသူတစ်ဦးကို ဖမ်းဆီးရမိထားပြီး စခန်းစွန့်ခွာထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ချင်းညီနောင် ပူးပေါင်းတပ်ဖွဲ့က လိုက်လံဖမ်းဆီးခဲ့ချိန် စစ်သုံ့ပန်း ရာဂဏန်းနီးပါးရှိတယ်လို့ သိရပါတယ်။
“စစ်ကောင်စီ ဗိုလ်မှူးကြီးတစ်ဦးနဲ့ ရာနဲ့ချီတဲ့ သုံ့ပန်းတွေ ဖမ်းဆီးရမိပါတယ်” လို့ ချင်းကာကွယ်ရေးတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုယောမန်ကလည်း Burma VJ ကို အတည်ပြုပြောပါတယ်။
မင်းတပ်-ဖလမ်း မြို့သိမ်းတိုက် ပွဲဖော်ဆောင်နေချိန်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၇၀ နီးပါးလည်း လက်နက်ချ အလင်းဝင်မှုတွေရှိခဲ့ပါသေးတယ်။ မင်းတပ်မြို့သိမ်းတိုက်ပွဲအတွင်း နိုင်ငံရေးအကျဉ်းသား ၁၃ ဦးကိုလည်း ကယ်ထုတ်နိုင်ခဲ့တယ်လို့ ချင်းညီနောင်အဖွဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ချင်းညီနောင်စစ်ဆင်ရေး (Operation CB) အဖြစ် ဖော်ဆောင်နေတဲ့ မင်းတပ်-ဖလမ်း မြို့သိမ်းတိုက်ပွဲအတွင်း ချင်းညီနောင်နဲ့ မဟာမိတ်တပ်ဖွဲ့ တွေဖြစ်တဲ့ Yaw Defense Force (YDF) ၊ Yaw Army (YA) နဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) မုံရွာခရိုင် တပ်ရင်း ၃ တို့က ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။
မြို့သိမ်းတိုက်ပွဲ စစ်ဆင်ရေးအတွင်း အသက်ပေးသွားကြတဲ့ တော်လှန်ရေးရဲဘော်များနဲ့ ကိုယ်လက်အင်္ဂါ စွန့်လွှ တ်ခဲ့ရသူတွေကို လေးစားဂုဏ်ပြုကြောင်းနဲ့ ကျန်ရှိနေတဲ့ စစ်ကောင်စီတပ်စခန်း တွေကို အပြီးသတ်သိမ်းပိုက်နိုင်ရေးအတွက် ဆက်လက်လုပ် ဆောင်သွားမယ်လို့ ချင်းညီနောင်အဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။




Comments