မင်းတပ်နဲ့တီးတိန် လေကြောင်းဗုံးကြဲခံရပြီး မိသားစု နှစ်စုနဲ့ ဓမ္မဆရာတစ်ဦး ပွဲချင်းပြီး သေဆုံးခဲ့
- BVJ
- Apr 18
- 1 min read
BVJ/ဇော်_ဧပြီ ၁၀၊ ၂၀၂၅

ချင်းပြည်နယ် မင်းတပ်မြို့ကို စစ်ကောင်စီတပ်က မနေ့က ဧပြီ ၉ ရက်နေ့မှာ လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ရှစ်လသားအရွယ် ကလေးငယ် (၁)ဦးနဲ့ (၇)နှစ်သား ကလေးငယ်အပါအဝင် ဒေသခံ(၆)ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ချင်းပြည်နယ်၊ မင်းတပ်မြို့၊ တိုက်နယ်အမှတ်(၄) ဖွီကျေးရွာကို ဧပြီ(၉)ရက်နေ့ ညကိုးနာရီဝန်းကျင်မှာ လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် မိသားစုတစ်ခုထဲက ကလေးငယ်တွေအပါအဝင် (၆)ဦး သေဆုံးခဲ့ပြီး သက်ကြီးရွယ်အိုနဲ့ ကလေးငယ်အပါအဝင် ဒေသခံ(၉)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။
“ည (၉) နာရီကျော်မှာ နှစ်လုံးတွဲနဲ့ နှစ်ကြိမ်ပစ်သွားတာ၊ ဓမ္မအမှုတော်ဆောင် (၁)ဦး၊ (၇) နှစ်သားနဲ့ (၈) လသားအရွယ်ကလေး (၂) ဦးရယ်၊ သက်ကြီးရွယ်အို (၂) ဦးရယ်၊ မသန်စွမ်း(၁) ဦးရယ် စုစုပေါင်း (၆) ဦး သေဆုံးခဲ့တယ်။ ပြီးတော့ (၉)ဦးထိခိုက်ဒဏ်ရာရခဲ့တယ်။ သက်ကြီးရွယ်အိုနဲ့ ကလေးငယ်တွေများတယ်”လို့ မင်းတပ်မြို့ ဒေသခံတစ်ဦးက Burma VJ ကို ပြောပါတယ်။
စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ကျေးရွာတွင်းက AG ဘုရားကျောင်းအပါအဝင် အသင်းတော်နေအိမ်တွေရော ဒေသခံနေအိမ်ရော စုစုပေါင်း (၁၀) လုံးကျော်ပျက်စီးခဲ့တယ်လို့သိရပါတယ်။
အလားတူပဲ တီးတိန်မြို့ကိုလည်း ဆိုင်းဇန်ကျေးရွာကို မြေပြင်တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့ စစ်ကောင်စီက ဧပြီလ (၉) ရက်ညသန်းခေါင်ယံမှာ လေကြောင်းကနေ ဗုံးကြဲတာကြောင့် တအိမ်ထဲနေ မိသားစုဝင် (၆) ဦးပွဲချင်းပြီး သေဆုံးခဲ့ရသလို သေဆုံးသူထဲမှာ ကလေးငယ်တွေလည်းပါဝင်တယ်လို့ ဒေသတွင်းမီဒီယာတွေမှာ ဖော်ပြပါတယ်။
ဆိုင်းဇန်ကျေးရွာဟာ တီးတိန်နဲ့ခုနှစ်မိုင်ခန့်ဝေးကွာပြီး ဖုန်း၊ အင်တာနက်လိုင်း မရရှိတာကြောင့် လေကြောင်းကနေ နောက်ထပ်လာတိုက်ခိုက်မှာကို ဒေသခံတွေကစိုးရိမ်ကာ တိမ်းရှောင်ထွက်ပြေးနေကြရတယ်လို့ သိရပါတယ်။
ချင်းပြည်နယ် ဖလမ်းမြို့ကို ချင်းညီနောင်နဲ့ မဟာမိတ်တပ်ဖွဲ့တွေက အောင်မြင်စွာသိမ်းပိုက်ပြီးကြောင်း မနေ့ကကြေညာပြီးနောက်မှာ တိုက်ပွဲမရှိတဲ့နေရာတွေကို စစ်ကောင်စီကလေကြောင်းတိုက်လာတာပါ။
စစ်ကောင်စီအနေနဲ့ အခုလ ၂၂)ရက်အထိ တနိုင်ငံလုံးအပစ်ရပ်ပြီး ငလျင်ကယ်ဆယ်ရေးကို ဆောင်ရွက်မယ်လို့ ကြေညာထားပေမယ့် ငလျင်ဒဏ်သင့်ဒေသတွေအပါအဝင် တိုင်းရင်းသားဒေသတွေကို လေကြောင်းဗုံးကြဲတာတွေ ဆက်တိုက်လုပ်ဆောင်နေတာပါ။
Comments