ပလက်ဝဗုံးကြဲခံရမှုအတွင်း ၁ နှစ်ကလေးငယ်အပါအဝင် ၅ ယောက်သေဆုံး

ယူဂရင်း/BVJ_သြဂုတ် ၂၅၊ ၂၀၂၆

အာရက္ခတပ်တော်-AAကထိန်းချုပ်ထားတဲ့ ချင်းပြည်နယ်၊ပလက်ဝမြို့နယ်အတွင်းက စိမ်းညှင်းဝကျေးရွာကို မနေ့က သြဂုတ် ၂၄ရက် မနက် ၁၁နာရီအချိန်ကျော်မှာ အာဏာသိမ်းစစ်တပ်က လေကြောင်းကနေဗုံးကြဲခဲ့တာကြောင့် အသက် ၁ နှစ်အရွယ်ကလေးငယ်နဲ့ မူလတန်းကျောင်းသားတစ်ဦးအပါအဝင် ငါးဦးသေဆုံးခဲ့တယ်လို့ AAကသတင်းထုတ်ပြန်ပါတယ်။
ဂျက်တိုက်လေယာဉ်နှစ်စင်းနဲ့ကြဲချခဲ့တဲ့ဗုံးသီးဟာ စိမ်းညှင်းဝကျေးရွာအတွင်းက ဘုန်းကြီးကျောင်းနဲ့ ကျေးရွာအတွင်းကိုကျခဲ့တာကြောင့် ဘုန်းကြီးကျောင်းအတွင်းစာသင်နေတဲ့ မူလတန်းကျောင်းသား၊အမျိုးသမီးသုံးဦးနဲ့ ၁ နှစ်ကလေးငယ်တို့ပွဲချင်းပြီးသေဆုံးခဲ့ရသလို နောက်ထပ် မူလတန်းကျောင်းသား ၈ ဦး အပါအဝင် ၁၇ ဦးဒဏ်ရာရခဲ့တယ်လို့သိရပါတယ်။

ထိခိုက်ဒဏ်ရာရသွားသူတွေထဲမှာလည်း ဒဏ်ရာပြင်းထန်သူတွေ ၆ဦးအထိရှိပြီး အဲ့ဒီထဲမှာလည်း မူလတန်းကျောင်းသား၊ကျောင်းသူတွေပါဝင်တာကြောင့် သေဆုံးသူတွေထပ်ရှိလာနိုင်တယ်လို့ AA က ပြောထားပါတယ်။

ဗုံးကြဲမှုကြောင့် ရွာထဲကလူနေအိမ် ၁၇လုံးနဲ့ဘုန်းကြီးကျောင်းဆောင်အချို့လည်း ပျက်ဆီးသွားခဲ့တယ်လို့ အာရက္ခတပ်တော်ရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။




Comments