မကွေးထောင်ပစ်ခတ်မှုအတွင်း နိုင်ငံရေးအကျဉ်းသား နှစ်ဦး သေဆုံး
- BVJ
- Apr 24
- 1 min read
BVJ/ဇော်_ဧပြီ ၁၈၊ ၂၀၂၅

မကွေးအကျဉ်းထောင် ထောင်ဗူးဝနဲ့ ကင်းမျှော်စင်ကနေ သေနတ်ပစ်ခတ်မှုကြောင့် နိုင်ငံရေးအကျဉ်းသား အနည်းဆုံး (၂) ဦးသေဆုံးခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)က ဒီနေ့ ဧပြီ ၁၈ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
ဧပြီ ၁၃ ရက်နေ့ ညနေ ခြောက်နာရီဝန်းကျင်က မကွေးအကျဉ်းထောင်အတွင်းမှာ အကျဉ်းဦးစီးဝန်ထမ်းတွေနဲ့ အကျဉ်းသားတွေကြား တင်းမာမှုအချို့ဖြစ်ပွားခဲ့ပြီး ထောင်ဗူးဝနဲ့ ကင်းမျှော်စင်ကနေ သေနတ်နဲ့ ပစ်ခတ်ခဲ့တာကြောင့် နိုင်ငံရေးအကျဉ်းသား အမျိုးသား (၂) ဦးသေဆုံးခဲ့ပြီး (၅) ဦးကျော်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
အကျဉ်းထောင်နဲ့ အနီးတဝိုက်မှာ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီလက်အောက်ခံတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့တာကြောင့် အကျဉ်းသားတချို့နဲ့ ထောင်ဝန်ထမ်းတွေကြား ထောင်တွင်းအခြေအနေတင်းမာမှု ဖြစ်ပွားခဲ့တယ်လို့လည်း သိရပါတယ်။
“နိုင်ငံရေးအကျဉ်းသား အကျဉ်းသူ နှစ်အနည်းငယ်ကျခံရတဲ့သူတွေက လွတ်သွားကြတယ်။ ထောင်ထဲမှာကျန်တာက နှစ်ကြီးကျခံထားရတဲ့သူတွေ၊ တစ်သက်တစ်ကျွန်းတွေ၊ သေဒဏ်တွေ။ တော်လှန်ရေးပြီးမှ လွတ်လာမယ့် အခြေအနေနဲ့ အကျဉ်းကျခံနေရတာဖြစ်တယ်။ ဒါ့ကြောင့် နိုင်ငံရေးအကျဉ်းသား အကျဉ်းသူတွေရဲ့စိတ်ထဲမှာ ငါတို့ရဲ့ လွတ်မြောက်ရေးက ငါတို့ကြိုးစားမှ ရမှာပါလားဆိုတဲ့ စိတ်တချို့လည်း ဖြစ်နေတာမျိုး ရှိနိုင်တယ်။ ဒါ့ကြောင့် ထောင်ရဲ့ ပုရဝဏ်အနားမှာ ပစ်ခတ်သံကြားရတဲ့အခါ မိမိတို့ရဲ့ လွတ်မြောက်ရေးကို မိမိတို့ကြိုးစားရမယ်ဆိုတဲ့ အတွေးတွေကြောင့် အခုလို တင်းမာမှုတွေဖြစ်ခဲ့တယ်လို့ ကျွန်တော်တို့က နားလည်ထားပါတယ်” လို့ PPNM မှ တာဝန်ရှိသူ ကိုသိုက်ထွန်းဦးက Burma VJ ကိုပြောပါတယ်။
လတ်တလောမှာတော့ နိုင်ငံရေးအကျဉ်းသားတွေကို ထောင်တွင်းစစ်ဆေးမှုပြုလုပ်တာတွေရှိနေပြီးတော့ စစ်ဆေးမှုနဲ့ပတ်သက်ပြီး တော်လှန်ရေးတပ်တွေ တိုက်ခိုက်လို့ စစ်ဆေးနေတဲ့ အခြေအနေမျိုးမဟုတ်ဘဲ ထောင်တွင်းတင်းမာမှုအခြေအနေနဲ့ပတ်သက်ပြီး စစ်ဆေးနေတာဖြစ်တယ်လို့ ကိုသိုက်ထွန်းဦးက ပြောပါတယ်။
ဧပြီ ၁၃ ရက်နေ့ ညနေ ခြောက်နာရီဝန်းကျင်မှာ မကွေးထောင်ရဲ့ မျက်နှာချင်းဆိုင်မှာရှိတဲ့ ရဲတပ်ရင်း (၂၅) နဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တို့ နှစ်နာရီကြာတိုက်ပွဲဖြစ်ပွားခဲ့ပြီး ရဲတပ်သားအချို့ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။
Comments