မြဝတီက ထိုင်းကုန်စည်ပိတ်ပင်ရေးဆန္ဒပြမှုကို ဂရုမစိုက်ကြောင်း ထိုင်းဒုဝန်ကြီးချုပ်ပြော
- BVJ

- Feb 10, 2025
- 1 min read
BVJ/Moore _ ဖေဖော်ဝါရီ ၁၀ ၊ ၂၀၂၅

ပြီးခဲ့တဲ့ရက်ပိုင်းက မြဝတီမြို့နယ်အတွင်းမှာ စစ်ကောင်စီထောက်ခံသူတွေဆန္ဒပြခဲ့တဲ့ ထိုင်းကုန်စည် ဝင်ရောက်မှုပိတ်ပင်ရေးနဲ့ပတ်သက်ပြီး ထိုင်းဘက်ကစိုးရိမ်မှုမရှိဘဲ ဒါနဲ့ပတ်သက်ပြီး ဂရုစိုက်အလေးမထားဘူးလို့ ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်လည်းဖြစ်၊ ကာကွယ်ရေးဝန်ကြီးလည်းဖြစ်တဲ့ ဖွန်သမ်ဝီချရာချိုင်းက ဒီနေ့ ဖေဖော်ဝါရီ ၁၀ ရက်မှာ ပြောကြားပါတယ်။
အွန်လိုင်းငွေကြေးလိမ်လည်မှု (ကျားဖြန့်) ဂိုဏ်းအန္တရာယ်ကနေ ထိုင်းနိုင်ငံသားတွေ ဘေးကင်းဖို့နဲ့ လုံခြုံရေးကိုသာ ထိုင်းအစိုးရအနေနဲ့ အလေးထားဂရုစိုက်မှာဖြစ်တယ်လို့လည်း ဒုဝန်ကြီးချုပ်က ပြောပါတယ်။ ဒါ့အပြင် မြဝတီမြို့နယ်က မြန်မာပြည်သူအချို့ ထိုင်းကုန်စည်ဝင်ရောက်မှု ပိတ်ပင်ရေး ဆန္ဒပြမှုနဲ့ပတ်သက်ပြီး ထိုင်းအစိုးရရဲ့ လုပ်ဆောင်ချက်တွေ ယိမ်းယိုင်သွားမှာ မဟုတ်ဘူးလို့လည်း ဆိုပါတယ်။
မြန်မာနယ်စပ် မြို့နယ် ၃ ခုက နေရာ ၅ ခုကို ကျားဖြန့်ဂိုဏ်း နှိမ်နင်းရေးစီမံချက်နဲ့ လောင်စာဆီ၊ လျှပ်စစ်နဲ့ အင်တာနက်ဆက်သွယ်ရေးကို ဖေဖော်ဝါရီ ၅ ရက်က ဖြတ်တောက်ခဲ့ပြီးနောက် ထိုင်းကုန်စည်ဝင်ရောက်မှုပိတ်ပင်ရေးကို ဆန္ဒပြမှု စစ်ကောင်စီထောက်ခံသူတချို့က အခုလ ဖေဖော်ဝါရီ ၈ ရက်နေ့က လုပ်ဆောင်ခဲ့တာပါ။

“သူတို့အနေနဲ့ သေသေချာချာ စဉ်းစားသင့်တယ်။ သူတို့တွေအားလုံးက ထိုင်းကပို့ကုန်တွေနဲ့ အစားအသောက်တွေကို အများဆုံး အသုံးပြုနေကြရတာ။ မဟုတ်ရင် အစားအသောက်နဲ့ တခြားဟာတွေ ရရှိဖို့အတွက် သူတို့အနေနဲ့ သူတို့ဘာသာ လုပ်ဆောင်ဖြေရှင်းရလိမ့်မယ်” လို့ ဖွန်သိမ်ဝီချရာချိုင်းက ပြောပါတယ်။
ထိုင်းအစိုးရအနေနဲ့ လက်ရှိကြုံတွေ့နေရတဲ့ ကျားဖြန့်ဂိုဏ်းပြဿနာတွေကို အာရုံစိုက်ပြီး သေသေချာချာ လုပ်ဆောင်သွားမှာဖြစ်သလို ဒီပြဿနာတွေကို ပြတ်ပြတ်သားသား ဖြေရှင်းသွားမယ်ဖြစ်တယ်လို့လည်း ဒုဝန်ကြီးချုပ်က ဆက်ပြောပါတယ်။

ထိုင်းနိုင်ငံဘက်က မြန်မာနိုင်ငံဘက်ခြမ်း နယ်စပ်နေရာအချို့ကို လျှပ်စစ်နဲ့ လောင်စာဆီ ဖြတ်တောက်ခဲ့ပြီးနောက် မြဝတီမြို့နယ်၊ တာချီလိတ်မြို့နယ်နဲ့ ဘုရားသုံးဆူဒေသတို့က ပြည်သူတွေအနေနဲ့ လျှပ်စစ်နဲ့ လောင်စာဆီအကျပ်အတည်းတွေ ကြုံတွေ့နေရတာလည်း ဖြစ်ပါတယ်။
မြန်မာနယ်စပ်ဒေသတွေက ပြည်သူတွေဟာ ထိုင်းပို့ကုန်နဲ့ အစားအသောက်တွေကို အများဆုံးမှီခို အသုံးပြုနေရတာဖြစ်ပြီး ထိုင်းပို့ကုန် တင်သွင်းမှုကို ပိတ်ပင်ပါက ဒေသခံပြည်သူတွေသာ အခက်အခဲ ကြုံရမှာဖြစ်ပြီး လက်ရှိထက် အခြေအနေပိုမိုဆိုးရွားသွားမှာလည်းဖြစ်တယ်လို့လည်း ဒုဝန်ကြီးချုပ်က ပြောထားပါတယ်။
Ref: Bangkok Post




Comments