top of page

အယွန်ဂင်သောင်ဖြစ်စဉ်နဲ့ ဖိလစ်ပိုင်နဲ့တရုတ်ကြားက တင်းမာမှု

  • Writer: BVJ
    BVJ
  • 3 days ago
  • 1 min read

အီးကေ/BVJ

ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး မာရီယာ ထရီဆာ လာဇာရိုဟာ ဒီနေ့ဗုဒ္ဓဟူးနေ့မှာ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနဲ့တွေ့ဆုံချိန်မှာ အယွန်ဂင်သောင် (Ayungin Shoal)ဖြစ်စဉ်နဲ့ China Daily ရဲ့ “မျောက်” ဗီဒီယိုကိစ္စတွေနဲ့ ပတ်သက်ပြီးပြင်းထန်စွာကန့်ကွက်ကြောင်း ထပ်လောင်းပြောကြားခဲ့ပါတယ်။


ဒီတွေ့ဆုံပွဲကို မနီလာမှာကျင်းပတဲ့ အာဆီယံဆက်စပ်အစည်းအဝေးတွေရဲ့ ကြားဖြတ်အစီအစဉ်အဖြစ်ပြုလုပ်ခဲ့တာပါ။တံခါးပိတ်တွေ့ဆုံပွဲအတွင်း ဝန်ကြီးနှစ်ဦးဟာ ဖိလစ်ပိုင်-တရုတ် ဆက်ဆံရေးရဲ့ လက်ရှိအခြေအနေကိုပွင့်လင်းပြီး ပြည့်စုံတဲ့ ဆွေးနွေးမှုတွေပြုလုပ်ခဲ့ကြပါတယ်။ ဒီဆွေးနွေးပွဲမှာ နိုင်ငံရေး၊ လုံခြုံရေး၊ ရေကြောင်းဆိုင်ရာနဲ့ ဥပဒေစိုးမိုးရေးကိစ္စရပ်တွေအပြင် ဒေသတွင်းနဲ့နိုင်ငံတကာအခြေအနေတွေကိုလည်း ထည့်သွင်းဆွေးနွေးခဲ့ပါတယ်။


ဝန်ကြီး လာဇာရိုက တောင်တရုတ်ပင်လယ်နဲ့ပတ်သက်ပြီး ဖိလစ်ပိုင်ရဲ့ တသမတ်တည်းဖြစ်တဲ့ မူဝါဒတွေကိုတင်ပြခဲ့သလို၊ ရေကြောင်းဆိုင်ရာ အခွင့်အရေးနဲ့ ပိုင်ဆိုင်မှုတွေကိုချိုးဖောက်နေတဲ့လုပ်ရပ်တွေအပေါ် စိုးရိမ်ကြောင်း ပြောကြားခဲ့ပါတယ်။ နောက်ပြီး ဘာဟို ဒေ မာဆင်လော့ (Bajo de Masinloc) မှာ ကျန်ရှိနေတဲ့တည်ဆောက်ပုံတွေကိုဖယ်ရှားပေးဖို့ကိုလည်း ထပ်မံတောင်းဆိုခဲ့ပါတယ်။


ဒီတွေ့ဆုံပွဲဟာ ၂နှစ်အတွင်း ဖိလစ်ပိုင်နဲ့တရုတ်ကြား ပထမဆုံးအကြိမ် နိုင်ငံခြားရေးဝန်ကြီးအဆင့်တွေ့ဆုံမှုဖြစ်ပြီး၂၀၂၆၊မတ်လက တရုတ်နိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ နှစ်နိုင်ငံနိုင်ငံခြားရေးဝန်ကြီးဌာနဆွေးနွေးပွဲတွေရဲ့ နောက်ဆက်တွဲအနေနဲ့ ဖြစ်ပေါ်လာတာပါ။


အယွန်ဂင်သောင် (Ayungin Shoal)ဖြစ်စဉ်ဆိုတာ ဖိလစ်ပိုင်နဲ့တရုတ်နိုင်ငံတို့အကြား တောင်တရုတ်ပင်လယ်မှာ နှစ်ပေါင်းများစွာဖြစ်ပွားနေတဲ့ ပိုင်နက်အငြင်းပွားမှုရဲ့ အဓိကဗဟိုချက်တစ်ခုပါ။


အယွန်ဂင်သောင်ဆိုတာ ဘာလဲ

နိုင်ငံတကာမှာတော့ Second Thomas Shoalလို့ ခေါ်တဲ့ အယွန်ဂင်သောဟာ ဖိလစ်ပိုင်နိုင်ငံရဲ့ သီးသန့်စီးပွားရေးဇုန် (EEZ)အတွင်းမှာတည်ရှိတဲ့ သန္တာ ကျောက်တန်းတခုပါ။ ဖိလစ်ပိုင်က ဒါကိုသူတို့ပိုင်နက်လို့ အခိုင်အမာပြောထားပါတယ်။ တရုတ်ကတော့ ဒါဟာသူတို့ရဲ့ “ကိုးကြောင်းပြတ်မြေပုံ” (nine-dash line)အတွင်းမှာပါဝင်တယ်လို့ဆိုပြီး ပိုင်ဆိုင်ကြောင်းပြောဆိုထားပါတယ်။


ဘာကြောင့် အရေးကြီးတာလဲ

ဖိလစ်ပိုင်ဟာ ၁၉၉၉ ခုနှစ်ကတည်းက BRP Sierra Madre လို့ခေါ်တဲ့ စစ်သင်္ဘောဟောင်းကြီးကို ဒီသောင်ပေါ်မှာတင်ထားပြီး (Grounding) သူ့ရဲ့ ကမ်းခြေစောင့်တပ်သားတွေကို အဲဒီသင်္ဘောပေါ်မှာအလှည့်ကျတာဝန်ပေးထားပါတယ်။ ဒီသင်္ဘောဟာ ဖိလစ်ပိုင်ရဲ့ပိုင်နက်ကိုထိန်းချုပ်ထားတဲ့ သင်္ကေတတစ်ခုလိုဖြစ်နေတဲ့အတွက် တရုတ်ကအဲဒီနေရာကို ဖိလစ်ပိုင်လက်လွတ်သွားစေဖို့ အမြဲလိုလို ဖိအားပေးနှောင့်ယှက်နေတာပါ။


ဘာတွေဖြစ်နေတာလဲ

နှစ်ဖက်စလုံးက အဲဒီနေရာကိုထိန်းချုပ်ဖို့ကြိုးစားနေတဲ့အတွက် ထိပ်တိုက်တွေ့မှုတွေခဏခဏဖြစ်ပါတယ်။သင်္ဘောပေါ်မှာရှိနေတဲ့စစ်သားတွေကို ဖိလစ်ပိုင်က ရိက္ခာ၊ ရေနဲ့ဆေးဝါးတွေပုံမှန်သွားပို့ရပါတယ်။ အဲဒီလိုသွားပို့တဲ့အခါ တရုတ်ကမ်းခြေစောင့်သင်္ဘော (CCG) တွေကပိတ်ဆို့တာ၊ ရေပိုက်နဲ့ထိုးတာ၊ သင်္ဘောတွေကိုတိုက်ခိုက်တာတွေလုပ်လေ့ရှိပါတယ်။


မကြာသေးခင်ကဖြစ်စဉ်တွေမှာဆိုရင် တရုတ်ကမ်းခြေစောင့်တပ်ဖွဲ့ဝင်တွေက ဖိလစ်ပိုင် သင်္ဘောသားတွေကိုတုတ်နဲ့ရိုက်တာ၊ ဓားနဲ့ခြိမ်းခြောက်တာမျိုးတွေအထိဖြစ်လာခဲ့ပါတယ်။ ဒါကြောင့် ဖိလစ်ပိုင်ဘက်က “ပြင်းပြင်းထန်ထန် ကန့်ကွက်”တာတွေဆက်တိုက်လုပ်နေရတာပါ။


ဥပဒေကြောင်းအရအခြေအနေနဲ့ ၂၀၁၆ ခုနှစ်ဆုံးဖြတ်ချက်

ဒီကိစ္စမှာ အဓိကကျတဲ့အခြေခံအချက်ကတော့ ၂၀၁၆ ခုနှစ်မှာနယ်သာလန်နိုင်ငံ၊ သည်ဟိဂ် (The Hague) မြို့ရှိ အမြဲတမ်းခုံရုံး (PCA)ကချမှတ်ခဲ့တဲ့ ဆုံးဖြတ်ချက်ဖြစ်ပါတယ်။


အဲဒီခုံရုံးက တောင်တရုတ်ပင်လယ်မှာ တရုတ်နိုင်ငံကပြောဆိုနေတဲ့ "ကိုးကြောင်းပြတ်မြေပုံ" (nine-dash line) ဟာ နိုင်ငံတကာဥပဒေနဲ့ မညီညွတ်ကြောင်းနဲ့ ဖိလစ်ပိုင်ရဲ့ သီးသန့်စီးပွားရေးဇုန် (EEZ)အတွင်းမှာ တရုတ်ရဲ့ သမိုင်းကြောင်းဆိုင်ရာပိုင်ဆိုင်ခွင့်မရှိကြောင်း ဆုံးဖြတ်ခဲ့ပါတယ်။


တရုတ်နိုင်ငံကတော့ ဒီဆုံးဖြတ်ချက်ကို "စက္ကူတစ်ရွက်မျှသာဖြစ်သည်" လို့ဆိုကာ လုံးဝအသိအမှတ်မပြုခဲ့ပါဘူး။ ဒါကြောင့် ဥပဒေကြောင်းအရ ဖိလစ်ပိုင်က နိုင်ထားပေမဲ့ တရုတ်ကလက်တွေ့မြေပြင်မှာလိုက်နာခြင်းမရှိတာကြောင့် ပြဿနာတွေဆက်ဖြစ်နေတာပါ။


အမေရိကန်ရဲ့ ပါဝင်ပတ်သက်မှု

အမေရိကန်နိုင်ငံဟာ ဒီဒေသမှာတိုက်ရိုက်ပါဝင်တိုက်ခိုက်တာမျိုးမလုပ်ပေမဲ့ "Mutual Defense Treaty (MDT) - အပြန်အလှန် ကာကွယ်ရေးစာချုပ်" အရ ဖိလစ်ပိုင်ရဲ့ မဟာဗျူဟာမြောက်မဟာမိတ်ဖြစ်ပါတယ်။ အမေရိကန်နဲ့ ဖိလစ်ပိုင်တို့ရဲ့စာချုပ်အရ ဖိလစ်ပိုင်ရဲ့တပ်ဖွဲ့ဝင်တွေ၊ သင်္ဘောတွေ သို့မဟုတ် လေယာဉ်တွေ ပင်လယ်ပြင်မှာလက်နက်ကိုင်တိုက်ခိုက်ခံရရင် အမေရိကန်က ဝင်ရောက်ကူညီဖို့တာဝန်ရှိပါတယ်။


တရုတ်ရဲ့ လုပ်ရပ်တွေကို အမေရိကန်ကအမြဲရှုတ်ချလေ့ရှိပြီး "စည်းမျဉ်းအခြေပြု နိုင်ငံတကာစနစ် (rules-based international order)" ကို ထိခိုက်စေတယ်လို့ ပြောပါတယ်။ အမေရိကန်ရေတပ်ကလည်း ဒီဒေသမှာ "ရေကြောင်းသွားလာမှု လွတ်လပ်ခွင့် (Freedom of Navigation)"ကိုကာကွယ်ဖို့ သင်္ဘောတွေပုံမှန်လှည့်ကင်းလည်တာမျိုး လုပ်ဆောင်နေပါတယ်။


အမေရိကန်အနေနဲ့ စစ်ပွဲတစ်ခုဖြစ်လာမှာကို ရှောင်ရှားချင်တဲ့အတွက် အခြေအနေကို သံတမန်ရေးအရဖိအားပေးတာမျိုးပဲ အဓိကလုပ်ဆောင်လေ့ရှိပါတယ်။


အာဆီယံနဲ့ နိုင်ငံတကာအသိုင်းအဝိုင်း

အာဆီယံ (ASEAN): အာဆီယံအနေနဲ့တော့ ဒီကိစ္စမှာဘက်လိုက်မှုမရှိအောင် ကြိုးစားနေပေမဲ့ အဖွဲ့ဝင်နိုင်ငံအချင်းချင်း အမြင်မတူတာတွေရှိပါတယ်။ အဓိကအားဖြင့်တော့ "COC (ကျင့်ဝတ်စည်းကမ်း)"ရေးဆွဲဖို့ကိုပဲ အမြဲတမ်း တိုက်တွန်းနေပြီး ပြဿနာတွေကိုငြိမ်းချမ်းစွာဖြေရှင်းဖို့ တောင်းဆိုလေ့ရှိပါတယ်။


ဂျပန်၊ သြစတြေးလျ၊ ကနေဒါနဲ့ ဥရောပသမဂ္ဂ(EU)တို့ကလည်း ဖိလစ်ပိုင်ရဲ့ ရပ်တည်ချက်ကိုထောက်ခံလေ့ရှိပြီး တရုတ်ရဲ့ အင်အားသုံးအနိုင်ကျင့်မှုကို စိုးရိမ်ကြောင်း ထုတ်ဖော်ပြောဆိုကြပါတယ်။


ဥပဒေအရ ဖိလစ်ပိုင်ကနိုင်ထားတယ်၊ အမေရိကန်က ဖိလစ်ပိုင်ကိုကျော ထောက်နောက်ခံပေးထားတယ်၊ ဒါပေမဲ့ တရုတ်ကတော့ သူ့ရဲ့ စစ်အင်အားနဲ့ အနိုင်ယူဖို့ကြိုးစားနေတယ်။ ဒါဟာ “နိုင်ငံတကာ ဥပဒေ” နဲ့ “လက်တွေ့ အင်အားသုံးခြင်း” တို့ကြားကတင်းမာမှုတစ်ခုဖြစ်ပါတယ်။

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page