မုံရွာ၊ ချောင်းဦးနဲ့ ဆားလင်းကြီးမြို့နယ်တို့က ကျေးရွာတွေကို စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် သေဆုံးသူ ၁၃ ဦးထိ ရှိလာ
- BVJ

- Feb 13, 2025
- 1 min read
BVJ/ထက်အောင် _ ဖေဖော်ဝါရီ ၁၃ ၊ ၂၀၂၅

စစ်ကိုင်းတိုင်း မုံရွာမြို့နယ် တောင်ဘက်၊ ချောင်းဦးမြို့နယ်နဲ့ ဆားလင်းကြီးမြို့နယ်တို့က ကျေးရွာတွေကို စစ်ကောင်စီက ဗုံးအလုံးရေ ၈၀ နီးပါးကြဲချပြီး လေကြောင်းဗုံးကြဲတိုက်ခိုက်မှု လုပ်ဆောင်ခဲ့တာကြောင့် ဒေသခံပြည်သူ ၁၃ ဦးထက်မနည်း သေဆုံးခဲ့ပြီး ၂၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
မုံရွာမြို့နယ် တောင်ဘက် ကျေးရွာတွေနဲ့၊ ချောင်းဦးမြို့နယ်နဲ့ ဆားလင်းကြီးမြို့နယ်တို့က ကျေးရွာတွေကို မနေ့ ဖေဖော်ဝါရီ ၁၂ ရက် ညပိုင်း ၉ နာရီ ၅၀ မိနစ်ကနေ ၁၀ နာရီခွဲအထိ Y-12 လေယာဉ်နဲ့ ၉ ကြိမ် ဗုံးအလုံးရေး ၃၀ ကြဲချတိုက်ခိုက်ခဲ့ပြီး နောက်တစ်နေ့ ဖေဖော်ဝါရီ ၁၃ ရက် မနက် ၅ နာရီကနေ ၅ နာရီ ၄၅ မိနစ်အထိမှာလည်း ဗုံးအလုံး ၄၈ လုံး ထပ်မံကြဲချတိုက်ခိုက်ခဲ့တာလည်း ဖြစ်ပါတယ်။
စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်မှုကြောင့် မုံရွာမြို့နယ် ညောင်ဖြူပင်ရွာ၊ ဘုဘရွာ၊ သစ်ဆိမ့်ရွာ၊ ကိုးရှင်းကျွန်းရွာနဲ့ ချောင်းဦးမြို့နယ် ကုလားကြီးရွာ စစ်ဘေးရှောင်စခန်းက ပြည်သူနဲ့ ဆားလင်းကြီးမြို့နယ် ဝဲကြီးရွာက အပြစ်မဲ့ပြည်သူ ၁၃ ဦး သေဆုံးခဲ့ပြီး ၂၀ ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့တာလည်း ဖြစ်ပါတယ်။
စစ်ကောင်စီဗုံးကြဲတိုက်ခိုက်ခဲ့တဲ့နေရာတွေဟာ တိုက်ပွဲဖြစ်ပွားတာမျိုး မရှိသလို မုံရွာမြို့နယ်၊ ချောင်းဦးမြို့နယ်နဲ့ ဆားလင်းကြီးမြို့နယ်အစပ်တို့က ကျေးရွာတွေလည်း ဖြစ်ပါတယ်။ ဒေသခံပြည်သူတွေ အိပ်စက်အနားယူချိန်နဲ့ မနက်အစောပိုင်း အချိန်တွေမှာ လေကြောင်းဗုံးကြဲတိုက်ခိုက်မှု လုပ်ဆောင်ခဲ့တာကြောင့် အခုလို ပြည်သူအများအပြား ထိခိုက်ဒဏ်ရာရ သေဆုံးခဲ့ရတာဖြစ်ပြီး စစ်ကောင်စီရဲ့ စစ်ရာဇဝတ်မှုကျူးလွန်မှုကို ကန့်ကွက်ရှုတ်ချပြီး စစ်အာဏာရှင်စနစ် ကျဆုံးချိန်အထိ တော်လှန်သွားမယ်လို့ စစ်ကိုင်းတိုင်း ပြည်သူ့အကျိုးပြု ကင်းထောက်ကွန်ယက် (SSN) ၊ ဝေဟင် လေကြောင်းကင်းထောက်တမန် (WaiHin)၊ ရေပြင် (YayPyin)၊ SSNTIMES ကွန်ယက်အဖွဲ့တို့ကလည်း ထုတ်ပြန်ထားပါတယ်။




Comments