မူးယစ်ရမ်းကားနဲ့ဖမ်းဆီးထားတဲ့ လူငယ်တချို့ကို စစ်ကောင်စီက စစ်မှုထမ်းတပ်သားအဖြစ် လေ့ကျင့်ရေးတပ်ကို ပို့ဆောင်နေ
- BVJ
- May 7
- 1 min read
BVJ/မြူဆက်_ မေ ၇၊ ၂၀၂၅

ဒီနှစ်မြန်မာ့နှစ်သစ်ကူးသင်္ကြန်ကာလမှာ မူးယစ်ရမ်းကားမှုနဲ့ဖမ်းဆီးခံထားရတဲ့ ရန်ကုန်ကလူငယ်တချို့ကို စစ်မှုထမ်းတပ်သားသစ်အဖြစ် စစ်ကောင်စီတပ်ကခေါ်ယူစုဆောင်းမှုတွေရှိနေတယ်လို့ ဖမ်းဆီးခံရတဲ့ လူငယ်တွေနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
အခုစုဆောင်းခံရတဲ့လူငယ်တွေဟာ ရဲစခန်းမှာအဖမ်းခံရပြီးမှ တပ်သားသစ်စုဆာင်းတဲ့နေရာတွေကို အပို့ခံရတာဖြစ်တယ်လို့ မိသားစုနဲ့နီးစပ်သူတွေကလည်း ပြောပါတယ်။
"ရပ်ကွက်ထဲက ကလေးတယောက်သင်္ကြန်နောက်ဆုံးရက်မှာ အဖမ်းခံရတာ။ လူငယ်ဆိုတော့သင်္ကြန်မှာ သောက်စားတာရှိတာပေါ့။ အိမ်မှာမူးပြီးရမ်းတာ အဲ့ဒါကိုဘယ်သူတိုင်လိုက်လဲမသိဘူး မူးယစ်ရမ်းကားနဲ့ ရဲကလာဖမ်းသွားတယ်။ လိုက်တဲ့အချိန်ကျ စခန်းမှာမရှိတော့ဘူး စစ်မှုထမ်းဖို့တပ်သားသစ်လေ့ကျင့်ရေးကိုပို့လိုက်ပြီ ပြောတယ်"လို့ သင်္ဃန်းကျွန်းမြို့နယ်နေသူတစ်ဦးက ပြောပါတယ်။
မူးယစ်ရမ်းကားမှုနဲ့ဖမ်းဆီးထားတဲ့သူတွေကို စစ်မှုထမ်းဖို့ပို့ဆောင်ခံရတာနဲ့ပတ်သက်ပြီး သက်ဆိုင်ရာမိသားစုကို အကြောင်းကြားတာမျိုးလည်း မရှိဘူးလို့သိရပါတယ်။
"သူတို့ပို့ပြီးမှသိရတာ။ အဆက်အသွယ်နဲ့ စုံစမ်းပြီးလိုက်တော့ တွေ့လို့တော့ရတယ်။ ပြန်ခေါ်လို့တော့မရဘူး။ ဖမ်းခံရတဲ့ကလေးကတော့ သူ့ကို ဒီကနေထုတ်ပေးဖို့ငိုပြီးပြောတယ်။ ပိုက်ဆံနဲ့ထုတ်ပါမယ်ဆိုလည်း မရဘူး။ အောက်မှာထဲကညှိရမှာ၊ တပ်သားသစ်လေ့ကျင့်ရေးထဲ စာရင်းပါပြီးရင် ထုတ်လို့မရတော့ဘူးလို့ပြောတယ်။ တလလေ့ကျင့်ရေးပြီးတာနဲ့ တာဝန်ကျတဲ့နေရာသွားရမယ်တဲ့" အခြေအနေကို သိရှိသူတစ်ဦးက ပြောပြပါတယ်။
မူးယစ်ရမ်းကားခြင်းနဲ့ပတ်သက်လို့ ၂၀၂၂ခုနှစ်ကပြဌာန်းခဲ့တဲ့ စစ်ကောင်စီရဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဥပဒအရ ရဲတပ်ဖွဲ့ဝင်တွေအနေနဲ့သက်ဆိုင်ရာကဝရမ်းမပါဘဲ ဖမ်းဆီးအရေးယူပိုင်ခွင့်ရှိတယ်လို့ဖော်ပြထားပါတယ်။
ဒီဥပဒေအရအများပြည်သူဆိုင်ရာနေရာတွေနဲ့ ရပ်ကွက်၊လမ်းတွေအတွင်းမှာ အရက်သေစာသောက်စားခြင်း၊ မူးယစ်ရမ်းကားခြင်း၊ သတ်ပုတ်နှောက်ယှက်ခြင်း၊ ငြိမ်ဝပ်ပိပြားမှုပျက်ပြားစေခြင်း၊ ဆဲရေးတိုင်းထွာခြင်း၊ စော်ကားရန်စခြင်း အပါအဝင် ရိုင်းပျတဲ့ကိုယ်နှုတ်အမှုအရာတွေ ပြုလုပ်ခဲ့မယ်ဆိုရင် ဖမ်းဆီးအရေးယူနိုင်တာဖြစ်ပါတယ်။ မူးယစ်ရမ်းကားကြောင်းပြစ်မှုထင်ရှားမယ်ဆိုရင်တော့ ဥပဒေအရ ထောင်ဒဏ် တလကနေခြောက်လအထိ ချမှတ်ခံရနိုင်ပါတယ်။
ပြီးခဲတဲ့ ၂၀၂၄ခုနှစ် မေလကစတင်ခဲ့တဲ့ စစ်ကောင်စီရဲ့ ပြည်သူ့စစ်မှုထမ်းဟာ လက်ရှိမှာ အပတ်စဉ် ၁၂အထိရောက်ရှိလာပြီး အပါတ်စဉ်တခုကို စစ်မှုထမ်းတပ်သားသစ် (၅၀၀၀)စုဆောင်းမယ်လို့ စစ်ကောင်စီဘက်ကပြောထားတာရှိပေမယ့် လက်ရှိအချိန်ထိ အရေအတွက်ဘယ်လောက်စုဆောင်းထားပြီးလဲဆိုတာ တိတိကျကျထုတ်ပြန်လာတာ မရှိသေးပါဘူး။
စစ်ကောင်စီဟာ ပြည်သူ့စစ်မှုထမ်းကို စတင်အကောင်အထည်ဖော်ပြီးကတည်းက လူငယ်အများစုကို ပုံစံမျိုးနဲ့ဖမ်းဆီးပြီး စစ်မှုထမ်းထဲထည့်သွင်းကာ ရှေ့တန်းစစ်မြေပြင်ကို ပိုဆောင်ပါတယ်။
အတင်းအဓမ္မဖမ်းဆီးပြီး စစ်မှုထမ်းတပ်သားအဖြစ်စုဆောင်းခံရသူတွေထဲက တချို့ဟာလည်း ရှေ့တန်းရောက်တဲ့အချိန်မှာ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ချိတ်ဆက်ပြီး လက်နက်ယူထွက်ပြေးလာသူတွေလည်း ရှိနေကြောင်းကို တော်လှန်ရေးတပ်ဖွဲ့တွေ ထုတ်ပြန်ချက်အရ သိရပါတယ်။
Comments