မိုးဗြဲမြို့မှာ ခမရ ၄၂၂တပ်နဲ့ ကရင်နီပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲပြင်းထန်နေ
- BVJ
- Apr 30
- 1 min read
BVJ/အိုင်းရစ် _ ဧပြီ ၃၀ ၊ ၂၀၂၅

ကရင်နီပြည်နယ်နဲ့ ရှမ်းပြည်နယ်တောင်ပိုင်းအစပ် မိုးဗြဲမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ကရင်နီပူးပေါင်းတပ်တို့ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုနဲ့ ဒရုန်းတိုက်ခိုက်မှုတို့ကြောင့် ဒေသခံပြည်သူအချို့ ထိခိုက်သေဆုံးခဲ့တယ်လို့ သိရပါတယ်။
အခု ဧပြီလနောက်ဆုံးပတ် ၂၇ ရက်နေ့စပြီး မိုးဗြဲမြို့ အခြေစိုက် စစ်ကောင်စီ အမှတ် ၄၂၂ ခြေမြန်တပ်ရင်းက အင်အား ၃၀၀ ဝန်းကျင်နဲ့ မိုးဗြဲမြို့ကို စစ်ကြောင်းထိုးလာတာကြောင့် ကရင်နီပူးပေါင်းတပ်တွေက ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး တိုက်ပွဲပြင်းထန်ခဲ့တာလည်း ဖြစ်ပါတယ်။
“မိုးဗြဲမှာ ဧပြီလနောက်ဆုံးပတ်ကစပြီး တိုက်ပွဲတွေ ပြင်းထန်နေခဲ့တယ်။ စစ်ကောင်စီဘက်က လက်နက်ကြီးတွေ တောက်လျှောက်ပစ်ခတ်နေလို့ ဧပြီ ၂၅ ရက်နေ့တုန်းက ပြည်သူတစ်ဦး သေဆုံးတယ်။ စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးတော့ ကျွန်တော်တို့ဘက်က အတိအကျ မပြောနိုင်သေးပါဘူး” လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) သတင်းပြန်ကြားရေးတာဝန်ခံ သာအယ်စိုးက Burma VJ ကို ပြောပါတယ်။
မိုးဗြဲမြို့အနီးတိုက်ပွဲအတွင်း စစ်ကောင်စီက မြေပြင်စစ်ကြောင်းထိုးဝင်ရောက်မှုတွေအပြင် လေကြောင်းပစ်ကူနဲ့ ဖယ်ခုံ၊ လွိုင်ကော်တပ်ရင်းတွေကလည်း လက်နက်ကြီးပစ်ကူတွေ ပေးခဲ့တာကြောင့် တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ရှေ့တန်းကာကင်းစခန်းတစ်ခု စွန့်လွှတ်ခဲ့ရပြီး မိုးဗြဲတပ်ရင်း ၁ က ရဲဘော် တစ်ဦး ကျဆုံးခဲ့ကာ အခြားပူးပေါင်းတပ်က ရဲဘော် ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
“(စစ်ကောင်စီ) ကျဆုံးမှုနဲ့ ဒဏ်ရာရတာကိုတော့ အတိအကျမသိဘူး။ ချေမှုန်းရေးတက်တဲ့ ရဲဘော် ပြောပြချက်အရတော့ အနည်းဆုံး ၁၅ ဦးထက်မနည်းတော့ ပြင်းထန်တဲ့ ဒဏ်ရာရရှိမှုတွေရှိမယ်။ လက်နက်ကြီးရော လေယာဉ်ရော တောက်လျှောက်ကြဲတဲ့အတွက်ကြောင့်မို့ ကျွန်တော်တို့ နယ်မြေရှင်းလင်းရေးလည်း သွားလို့မရသေးတဲ့အတွက်ကြောင့်မို့ပါ” လို့ ရှမ်းတောင်စစ်ဒေသခွဲ၊ PDF ဗျူဟာအမှတ် (၁) ပြောရေးဆိုခွင့်ရှိသူတစ်ဦးက Burma VJ ကို ပြောပါတယ်။
မိုးဗြဲမြို့ ပြန်လည်ထိန်းချုပ်နိုင်ဖို့ စစ်ကောင်စီက စစ်ကြောင်းထိုးမှုတွေ မကြာခဏ လုပ်ဆောင်နေပြီး စစ်ကောင်စီ ခမရ ၄၂၂ တပ်ဖွဲ့နဲ့ KNDF တပ်ရင်း၊ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် (MB PDF)၊ ရှမ်းတောင်စစ်ဒေသခွဲ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ဗျူဟာအမှတ် ၁ အောက်မှာရှိတဲ့ တပ်ရင်းတပ်ဖွဲ့တွေနဲ့ မဟာမိတ်ပူးပေါင်းတပ်တို့ တိုက်ပွဲပြင်းထန်နေတာလည်း ဖြစ်ပါတယ်။
လက်ရှိ မိုးဗြဲမြို့အတွင်း တိုက်ပွဲပြင်းထန်နေတာကြောင့် ဖယ်ခုံ-မိုးဗြဲ-လွိုင်ကော်လမ်းမကြီးကို ဒေသခံပြည်သူတွေ ဖြတ်သန်းသွားလာတာမျိုးမလုပ်ဆောင်ဖို့ကိုလည်း ကရင်နီပူးပေါင်းတပ်တွေက အသိပေးထားပါတယ်။
Comments