မြေပြင်မှာ NUGကာကွယ်ရေးဝန်ကြီးနဲ့ဝန်ကြီးတချို့ ဦးဆောင်နေဟု ဆို
- BVJ

- Apr 5, 2025
- 1 min read
BVJ/မိုနာ_ မတ် ၂၆၊ ၂၀၂၅

အမျိုးသားညီညွတ်ရေးအစိုးရ-NUG ကာကွယ်ရေးဝန်ကြီးနဲ့အခြားဝန်ကြီးတွေဟာ မြေပြင်မှာ လူထုနဲ့ တစ်သားတည်း ဦးဆောင်နေတယ်လို့ ယာယီသမ္မတဒူဝါလရှီးလက ဒီနေ့ မတ်လ ၂၆ရက်နေ့က NUGအစိုးရအဖွဲ့အစည်းအဝေးမှာ ပြောကြားပါတယ်။
“အခုဆိုရင် ကာကွယ်ရေးဝန်ကြီးနဲ့ အခြားဝန်ကြီးတွေဟာ မြေပြင်မှာ လူထုနဲ့ တစ်သားတည်း ဦးဆောင်နေတာဖြစ်ပါတယ်။ အဲသည့်လို တွေ့မြင်ရလို့လည်း ကျွန်တော့်အနေနဲ့ လေးစား ဂုဏ်ယူမိပါတယ်။ ဒီလို ကျနော်တို့ အင်အားတွေ မြေပြင်မှာ ပိုမိုအခြေပြု လာနိုင်တာကို ပြည်သူလူထုက တွေ့မြင်နေရင် ပိုမိုအားတက်လာကြမှာ အမှန်ဖြစ်ပါတယ်။ ကျွန်တော်တို့ တော်လှန်ရေးမဟာမိတ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေလည်း ကျွန်တော်တို့ စုဖွဲ့မှု အားကောင်းလာလေလေ ကျွန်တော်တို့ NUG အပေါ် အားတက်ယုံကြည်မှုတွေ ပိုမိုတိုးလာမှာ ဖြစ်ပါတယ်”လို့ ယာယီသမ္မတက ပြောပါတယ်။
ဒါ့အပြင် မြေပြင်အခြေအနေမှာ နယ်မြေတွေကျယ်ဝန်းလာပြီး ရန်သူကတိုးမပေါက်လောက်အောင် ခုခံကာကွယ်နိုင်နေပြီဆိုတဲ့အကြောင်းကိုလည်း ပြောပါတယ်။
“လက်ရှိ အခြေအနေမှာဆိုရင် မြေပြင်မှာ ကျွန်တော်တို့ရဲ့ သွားလာလှုပ်ရှားနိုင်မှုတွေဟာ သုံးလေးငါးရက် ခရီးသွားရင်တောင် ကုန်အောင် မရောက်နိုင်တဲ့အထိ နယ်မြေတွေ ကျယ်ဝန်းလာပြီဖြစ်ပါတယ်။ လက်တွေ့မြေပြင်မှာလည်း ရန်သူက တိုးမပေါက်နိုင်လောက်အောင် ခုခံကာကွယ်နိုင်တဲ့အထိ အခြေအနေတွေ ကောင်းမွန်လာပြီ ဖြစ်ပါတယ်။ လက်နက်ကိုင်တော်လှန်ရေးလမ်းစဉ်မှာ မြေပြင်ပေါ် လက်တွေ့ အင်အားတွေ တည်ဆောက်နိုင်ခြင်းဟာ အဓိက အခရာဆိုတာ မေ့ထားလို့ မရပါဘူး”
NUG အစိုးရအနေနဲ့ အဝေးရောက်အစိုးရအဖြစ် ဆက်ရှိနေလို့မရတော့ဘဲ နိုင်ငံတကာကို ရောက်ရှိနေတဲ့ အစိုးရအဖွဲ့ဝင်တွေ ပြည်တွင်းပြန်လာကြဖို့ကို ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလမှာ ယာယီသမ္မတ ဒူဝါလရှီးလက တိုက်တွန်းပြောကြားခဲ့ပြီးနောက် တော်လှန်ရေးနယ်မြေတွေနဲ့ မြေပြင်မှာရောက်ရှိနေကြောင်းကို NUGဝန်ကြီးအချို့က မှတ်တမ်းဓါတ်ပုံတွေဖော်ပြခဲ့ကြသလို အစိုးရအဖွဲ့အနေနဲ့လည်း ဝန်ကြီးတွေနဲ့အတူ မြေပြင်မှာတော်လှန်ရေးတပ်ဖွဲ့တွေ၊ ရဲဘော်တွေနဲ့လိုက်လံတွေ့ဆုံနေကြောင်းကို NUGကထုတ်ပြန်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းကပြုလုပ်တဲ့ တော်လှန်ရေးရန်ပုံငွေကမ်ပိန်းဆွေးနွေးပွဲတခုမှာလည်း PDF ကလေးခရိုင် အမှတ်(၄) တပ်ရင်းက တပ်မှူးကိုမုန်ပီးက ကာကွယ်ရေးဝန်ကြီး၊ စစ်ဦးစီးချုပ်ကိုယ်တိုင် မြေပြင်မှာရှိနေတာကြောင့် အထက်ကိုယုံကြည်ပြီးရှေ့ဆက်နေကြောင်းကို ထုတ်ပြောခဲ့ပါသေးတယ်။




Comments