မြန်မာဘက်ကို လောင်စာဆီအပိုသယ်ယူမှု ထိုင်းဘက်ကပိတ်ပင်
- BVJ

- Feb 10, 2025
- 1 min read
BVJ/Moore _ ဖေဖော်ဝါရီ ၉ ၊ ၂၀၂၅

အွန်လိုင်းငွေကြေးလိမ်လည်မှု (ကျားဖြန့်) နှိမ်နင်းရေးနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံနယ်စပ် နေရာ ၅ ခုကို အခုလ ဖေဖော်ဝါရီ ၅ ရက်မှာ ထိုင်းအစိုးရက လျှပ်စစ်မီး၊ လောင်စာဆီနဲ့ အင်တာနက်ဆက်သွယ်ရေး ထောက်ပံ့မှုတွေ ဖြတ်တောက်ခဲ့ပြီးနောက် နယ်စပ်ဒေသတွေမှာ လောင်စာဆီပြတ်လပ်မှု အကျပ်အတည်းတွေနဲ့ ကြုံတွေ့နေရပါတယ်။
မြဝတီမြို့နယ်က နေရာ ၂ ခု၊ တာချီလိတ်မြို့နယ်က နေရာ ၂ ခုနဲ့ ဘုရားသုံးဆူဒေသတို့ကို ထိုင်းအာဏာပိုင်တွေက လောင်စာဆီဖြတ်တောက်မှုတွေ လုပ်ဆောင်ခဲ့ပြီးချိန် ယင်းဒေသတွေမှာနေထိုင်တဲ့ ဒေသခံပြည်သူအချို့ ထိုင်းနယ်စပ် မဲဆောက်မြို့နယ်နဲ့ မယ်ဆိုင်မြို့နယ်တို့က စက်သုံးဆီဆိုင်တွေမှာ ဆီလာရောက်ဖြည့်တင်းမှုတွေ လုပ်ဆောင်နေကြတာလည်း ရှိနေပါတယ်။
မြန်မာနိုင်ငံဘက်ခြမ်းကနေ ထိုင်းနိုင်ငံတွင်း စက်သုံးဆီ လာရောက်ဝယ်ယူမှုနဲ့ပတ်သက်ပြီး ထိုင်းအာဏာပိုင်တွေက စက်သုံးဆီ ဝယ်ယူမှုကို ကန့်သတ်ထားပြီး မော်တော်ယာဉ်အတွင်း ဓာတ်ဆီ၊ ဒီဇယ် ဖြည့်တင်းမှုကလွဲပြီး အခြားပုံစံအမျိုးမျိုးနဲ့ အပိုသယ်ယူနေတာကို ခွင့်မပြုဘူးလို့ တားမြစ်ထားပါတယ်။

“မနေ့က ကမ်းနားဘက် ဆီဆိုင်မှာ ကျွန်တော့်ကား ဆီဝင်ထည့်တော့ မြန်မာဘက်ခြမ်းက ကားတွေ အများကြီးပဲ၊ ဆီတန်းစီးနေကြတာ တွေ့တယ်။ သူတို့ မြန်မာဘက်ခြမ်းကနေလာပြီး ဒီဘက်မှာ ဆီလာထည့်ကြတာ၊ ကားအတော်များတယ်” လို့လည်း မဲဆောက်မြို့မှာ ရွှေ့ပြောင်းနေထိုင်သူတစ်ဦးကလည်း Burma VJ ကို ပြောပါတယ်။
မော်တော်ယာဉ်အတွင်း ဓာတ်ဆီ၊ ဒီဇယ် ဖြည့်တင်းမှုကလွဲပြီး စက်သုံးဆီဆိုင်အတွေအနေနဲ့ အခြားပုံစံအမျိုးမျိုး (ဓာတ်ဆီဂါလန်ပုံး) နဲ့ ဆီဖြည့်တင်းရောင်းချမှုတွေကို လုပ်ဆောင်ပါက ထိုင်းနိုင်ငံဥပဒေအရ အရေးယူခြင်းခံရမယ်လို့လည်း ထိုင်းအာဏာပိုင်တွေက ပြောပါတယ်။
တာချီလိတ်မြို့နယ်ကနေ ချင်းရိုင်ခရိုင် မယ်ဆိုင်မြို့နယ်ကို ဓာတ်ဆီဂါလန်ပုံးတွေအများအပြားနဲ့ ဓာတ်ဆီ၊ ဒီဇယ် လာရောက်ဝယ်ယူတဲ့ မော်တော်ယာဉ်တွေကိုလည်း ထိုင်းအာဏာပိုင်တွေက တားမြစ်ပိတ်ပင်မှုတွေလည်း လုပ်ဆောင်နေပြီး အရေးယူမှုတွေ လုပ်ဆောင်သွားမယ်လို့ ချင်းရိုင်ခရိုင် အာဏာပိုင်တွေက ထုတ်ပြန်ထားပါတယ်။
Photo: The Nation




Comments