ဗင်နီဇွဲလားမှာ ငလျင်နှစ်ခုဆက်တိုက်လှုပ်၊ လူထောင်နဲ့ချီသေဆုံးမှုရှိနိုင်
- BVJ

- 1 day ago
- 1 min read
BVJ_ဇွန် ၂၅၊ ၂၀၂၆

ဗင်နီဇွဲလားနိုင်ငံမှာ အင်အားပြင်းထန်တဲ့ငလျင်နှစ်ခုဆက်တိုက်လှုပ်ခတ်ခဲ့တာကြောင့် အနည်းဆုံးလူ ၁၆၄ ဦးသေဆုံးပြီး ၇၀၀ ကျော်ဒဏ်ရာရရှိထားကြောင်း ယာယီသမ္မတ Delcy Rodríguez ကအတည်ပြုပါတယ်။
ယာယီသမ္မတသူ့ရဲ့ ပြောကြားချက်အရ ကာရာကတ်စ်မြို့ မြောက်ဘက်မှာရှိတဲ့ La Guaira ပြည်နယ်ဟာအထိခိုက်ဆုံးဖြစ်ပြီး အဆောက်အအုံဒါဇင်နဲ့ချီ ပြိုကျပျက်စီးခဲ့ပါတယ်။
မြို့တော်အတွင်းမှာ ကယ်ဆယ်ရေးလုပ်သားတွေက အပျက်အစီးတွေကြားမှာ ရှာဖွေမှုတွေပြုလုပ်နေကြပြီး အကူအညီတောင်းခံနေတဲ့အသံတွေကိုလည်း ကြားနေရတယ်လို့ ဆိုပါတယ်။အမေရိကန် ဘူမိဗေဒလေ့လာရေးဌာန (USGS) ရဲ့ခန့်မှန်းချက်အရ သေဆုံးသူအရေအတွက် ထောင်နဲ့ချီရှိနိုင်တယ်လို့သိရပါတယ်။

ငလျင်နှစ်ခုဟာ ပြင်းအား ၇.၂နဲ့ ၇.၅အဆင့်ရှိပြီး တစ်မိနစ်ခြားလှုပ်ခတ်ခဲ့တာပါ။ ဒုတိယမြောက်လှုပ်ခတ်ခဲ့တဲ့ငလျင်ဟာ ၁၉၀၀ ခုနှစ်နောက်ပိုင်း ဗင်နီဇွဲလားမှာ အပြင်းထန်ဆုံးငလျင်ဖြစ်ပါတယ်။ ငလျင်လှုပ်ခတ်ချိန် ဒေသစံတော်ချိန်ညနေ ၆ နာရီ ၄ မိနစ်ဟာ ဗင်နီဇွဲလားနိုင်ငံမှာ အမျိုးသားနေ့အခမ်းအနားကျင်းပနေချိန်ဖြစ်နေတဲ့အတွက် လူအများစုကသူတို့နေအိမ်တွေမှာရှိနေကြပါတယ်။

ဗင်နီဇွဲလားနိုင်ငံဟာ စီးပွားရေးဆိုင်ရာစိန်ခေါ်မှုများနဲ့ ဆင်းရဲမွဲတေမှုတွေကို ကြုံတွေ့နေရပြီးဖြစ်ကာ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံးရဲ့ အဆိုအရ လူဦးရေ ၂၈ သန်းအနက် ၈ သန်းနီးပါးအကူအညီတွေလိုအပ်နေပါတယ်။




Comments