မြန်မာ့ပြည်တွင်းရေး ဝင်မစွက်ဖက်ဘူးဆိုပြီး လားရှိုးမြို့ပြန်လွှဲရေးဖိအားပေးမှုအပေါ် တရုတ်ငြင်းဆို
- BVJ
- Apr 24
- 1 min read
BVJ/ထက်အောင် _ ဧပြီ ၂၂ ၊ ၂၀၂၅

တခြားနိုင်ငံရဲ့ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်တာမဟုတ်ဘဲ နိုင်ငံရေးအသွင်ကူးပြောင်းမှု လုပ်ငန်းစဉ်ကိုသာ ကူညီထောက်ပံ့နေတာလို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Guo Jiakun က မနေ့ ဧပြီ ၂၁ ရက် သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
မြန်မာစစ်တပ် (စစ်ကောင်စီ) ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ကို ပြန်ဝင်ရောက်နိုင်ဖို့ တရုတ်အစိုးရက ကူညီဆောင်ရွက်ပေးခဲ့ပြီး ကိုးကန့်တပ်မတော်ကို ဖိအားပေးခဲ့မှုတွေအပေါ် AFP သတင်းဌာနက မေးမြန်းခဲ့ချိန်မှာ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက မြန်မာနိုင်ငံက အိမ်နီးချင်းမိတ်ဆွေနိုင်ငံတခုဖြစ်ပြီး တရုတ်နိုင်ငံအနေနဲ့ တခြားနိုင်ငံရဲ့ ပြည်တွင်းရေးကို ဝင်ရောက်မစွက်ဖက်ဘူးလို့ ဖြေကြားခဲ့ပါတယ်။
တရုတ်အစိုးရအနေနဲ့ မြန်မာနိုင်ငံထဲက သက်ဆိုင်ရာအဖွဲ့အစည်းအသီးသီးကြား နိုင်ငံရေးအရ ဆွေးနွေးညှိနှိုင်းမှုတွေ လုပ်ဆောင်ဖို့နဲ့ နိုင်ငံရေးအသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်တွေ ပြန်လည်စတင်နိုင်ရေးကိုသာ ကူညီထောက်ပံ့နေတာလို့ Guo Jiakun က ပြောပါတယ်။
လားရှိုးမြို့ကို စစ်ကောင်စီတပ်ဖွဲ့ ဝင်ရောက်မလာမီ ရက်အပိုင်းအလိုက မြန်မာနိုင်ငံဆိုင်ရာ တရုတ်အထူးသံတမန် တိန့်ရွှီကျင်းနဲ့အဖွဲ့ လားရှိုးမြို့ကို ကြိုတင်ရောက်နေပြီး စစ်ကောင်စီ အုပ်ချုပ်ရေး လည်ပတ်နိုင်ဖို့အတွက် ကူညီဆောင်ရွက်ပေးဖို့တွေ ရှိနေတယ်လို့လည်း သိရပါတယ်။

ဒီနေ့ ဧပြီ ၂၂ ရက်မှာ လားရှိုးမြို့ထဲကို စစ်ကောင်စီယာဉ်တန်း ၁၅၀ ဝန်းကျင် ဝင်ရောက်လာတဲ့ ရုပ်သံဗီဒီယိုဖိုင်တွေကို လားရှိုးမြို့ခံတွေက လူမှုကွန်ရက်မှာ ဖော်ပြထားကြပါတယ်။
“စစ်ကောင်စီတပ်တွေဝင်လာတာ မြို့ခံတွေအတွက်တော့ အဆင်ပြေနိုင်မယ် မထင်ဘူး။ စစ်တပ်ကို ထောက်ခံသူတွေလောက်ပဲ ပျော်မှာပါ။ စကစ ဒီလမ်းကြော ကျောက်မဲ-သီပေါ-လားရှိုး-သိန္နီ ပြန်ရရင်တော့ မလွယ်ဘူးပေါ့။ အမျိုးမျိုးကြားနေတာပဲ ဒီဘက်က ERO တွေကလည်း တရုတ်အောက်မှ မလွတ်နိုင်ကြတာ”လို့ လားရှိုးမြို့မှာ နေထိုင်တဲ့ နိုင်ငံရေးအကျဉ်းသူတစ်ဦးကလည်း Burma VJ ကို ပြောပါတယ်။
စစ်ကောင်စီတပ်တွေ ပြန်ဝင်ရောက်လာချိန် လားရှိုးမြို့ထဲမှာ ယာယီခိုလှုံနေတဲ့ နိုင်ငံရေးအကျဉ်းသားတွေနဲ့ CDM ဝန်ထမ်းတွေလည်း မြို့ကိုစွန့်ခွာထွက်သွားနေကြပြီး အခြားလုံခြုံရာနေရာတစ်ခုကိုလည်း ရှာဖွေနေရတာကြောင့် စားဝတ်နေရေးနဲ့ နေထိုင်ဖို့အတွက် အခက်အခဲတွေလည်း ရှိနေတယ်လို့ သိရပါတယ်။
Comments