မြန်မာနယ်စပ်မှာ ကျားဖြန့်လုပ်သား ၇၀၀၀ ကျော် ကျန်နေသေးတယ်လို့ ထိုင်းဒုဝန်ကြီးချုပ် ပြော
- BVJ

- Feb 14, 2025
- 1 min read
BVJ/Moore _ ဖေဖော်ဝါရီ ၁၄ ၊ ၂၀၂၅

မြန်မာနယ်စပ် မြို့တွေမှာရှိတဲ့ အွန်လိုင်းငွေကြေးလိမ်လည်မှု (ကျားဖြန့်) ဂိုဏ်းတွေမှာ အဓမ္မခိုင်းစေခံနေရတဲ့ ကျားဖြန့်လုပ်သား ၇၀၀၀ ကျော်ရှိနေတယ်လို့ ထိုင်း ဒုတိယဝန်ကြီးချုပ်လည်းဖြစ်၊ ကာကွယ်ရေးဝန်ကြီးလည်းဖြစ်တဲ့ ဖွန်သမ်ဝီချရာချိုင်းက မနေ့ ဖေဖော်ဝါရီ ၁၃ ရက်မှာ ပြောကြားခဲ့ပါတယ်။
မြဝတီမြို့နယ် ကျောက်ခတ်ဒေသမှာရှိတဲ့ ကျားဖြန့်ဂိုဏ်းတွေမှာ အဓမ္မစေခိုင်းခံနေရသူတွေထဲက ၂၆၁ ဦးကို ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA) က ဖေဖော်ဝါရီ ၁၂ ရက်မှာ ထိုင်းအစိုးရထံ လွှဲပြောင်းပေးခဲ့ပြီးနောက် ထိုင်းဒုဝန်ကြီးချုပ်က အခုလို ပြောကြားလာတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံတွင်း ကျန်ရှိနေသေးတဲ့ ကျားဖြန့်လုပ်သားတွေကို သူတို့ရဲ့ မိခင်နိုင်ငံတွေဆီ ပြန်လည်လွှဲပြောင်းပေးနိုင်အောင် ဆက်လက်လုပ်ဆောင်သွားမယ်လို့လည်း ဖွန်သမ်ဝီချရာချိုင်းက ပြောကြားထားပါတယ်။
ကျားဖြန့်ဂိုဏ်းတွေကနေ လွတ်မြောက်လာတဲ့ နိုင်ငံခြားသား ၂၆၁ ဦးကို သက်ဆိုင်ရာနိုင်ငံတွေဆီ ပြန်လည်လွှဲပြောင်းပေးနိုင်ဖို့အတွက် သက်ဆိုင်ရာနိုင်ငံ သံရုံးတွေနဲ့အတူ ဆက်သွယ်ဆောင်ရွက်မှုတွေလည်း လုပ်ဆောင်နေတယ်လို့လည်း ဆိုပါတယ်။
မြဝတီမြို့နယ်အတွင်းမှာရှိတဲ့ တရုတ် ကျားဖြန့်ဂိုဏ်းတွေကို ကရင်နယ်ခြားစောင့်တပ် (BGF) ကလည်း နှိမ်နင်းသွားမယ်လို့ ထုတ်ပြန်ထားပြီး ကျားဖြန့်လုပ်သား ခန့်မှန်း ၁၀၀၀၀ ဝန်းကျင်ခန့်ရှိနိုင်တယ်လို့လည်း ဆိုပါတယ်။
ထိုင်း-မြန်မာနယ်စပ် မြဝတီ၊ တာချီလိတ်နဲ့ ဘုရားသုံးဆူကို ထိုင်းအာဏာပိုင်တွေက လျှပ်စစ်၊ လောင်စာဆီနဲ့ အင်တာနက်ဆက်သွယ်ရေး ဖြတ်တောက်ပြီး ကျားဖြန့်နှိမ်နင်းရေး စတင်ပြီးနောက်ပိုင်း အဓမ္မခိုင်းစေခံနေရတဲ့ ကျားဖြန့်လုပ်သားတွေကို BGF နဲ့ DKBA တို့က ရှာဖွေပြီး ထိုင်းအစိုးရဘက် လွှဲပြောင်းမှုတွေ လုပ်ဆောင်နေတာလည်း ဖြစ်ပါတယ်။




Comments