မြန်မာနိုင်ငံသားအဖြစ် စွန့်လွှတ်ပြီး စင်ကာပူနိုင်ငံသားခံယူသူ တစ်နှစ်အတွင်း ၃၀၀ နီးပါးရှိ
- BVJ

- Feb 5, 2025
- 1 min read
BVJ/ထက်အောင် _ ဖေဖော်ဝါရီ ၃ ၊ ၂၀၂၅

မြန်မာနိုင်ငံသားအဖြစ်ကနေ စွန့်လွှတ်ပြီး စင်ကာပူနိုင်ငံသားအဖြစ် ပြောင်းလဲခံယူခဲ့သူအရေအတွက် ၂၀၂၄ ခုနှစ် တစ်နှစ်အတွင်း ၂၇၈ ဦးအထိရှိပြီး သူတို့တွေဟာ မြန်မာနိုင်ငံသား မှတ်ပုံတင်မူရင်းတွေကို ပြန်လည်အပ်နှံခဲ့တယ်လို့ စင်ကာပူမှာရှိတဲ့ စစ်ကောင်စီ သံရုံးက ဒီနေ့ ဖေဖော်ဝါရီ ၃ ရက်မှာ ထုတ်ပြန်လာပါတယ်။
၂၀၂၄ ဇန်နဝါရီကနေ ဒီဇင်ဘာလအထိ မြန်မာနိုင်ငံသားအဖြစ်ကနေ စွန့်လွှတ်ကာ နိုင်ငံသားစိစစ်ရေးကတ်ပြား (မှတ်ပုံတင်) မူရင်း လာရောက်အပ်နှံခဲ့သူတွေအနေနဲ့ သံရုံးထောက်ခံစာကို အခု ဖေဖော်ဝါရီလမကုန်ခင် လာရောက်ယူဆောင်ဖို့ လိုအပ်ပြီး မြန်မာနိုင်ငံကူးလက်မှတ်မူရင်းနဲ့ Processing Letter မူရင်းတို့ကိုလည်း တစ်ပါတည်း ပြန်လည်အပ်နှံရမယ်လို့ ဖော်ပြထားပါတယ်။
စင်ကာပူနိုင်ငံမှာ အလုပ်လုပ်ကိုင်နေသူတွေထဲက အများစု အမြဲတမ်းနေထိုင်ခွင့် (PR) ရရှိပြီး ကြိုးစားနေကြသလို PR သက်တမ်း ၂ ကြိမ်ရရှိပြီးပါကလည်း စင်ကာပူနိုင်ငံသားအဖြစ် လျှောက်ထားနိုင်ဖို့ အခွင့်အရေးရှိတယ်လို့လည်း သိရပါတယ်။
“စင်ကာပူမှာက Dual Citizen လုပ်လို့မရဘူး။ အဲဒါကြောင့် နိုင်ငံခြားသားက စင်ကာပူနိုင်ငံသား လျှောက်လို့ Approve ဖြစ်ပြီဆိုရင် အရင်ကိုယ်နေခဲ့တဲ့နိုင်ငံကို မှတ်ပုံတင်တွေ၊ ပတ်စ်ပို့တွေ ပြန်အပ်ရတယ်။ ဟိုးအရင်နှစ်တွေတုန်းကလည်း မြန်မာနိုင်ငံသားအဖြစ်ကနေ စွန့်လွှတ်တာတွေရှိပေမဲ့ အခု စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပိုများလာတာ” လို့ စင်ကာပူအလုပ်လုပ်ကိုင်ခဲ့သူတစ်ဦးကလည်း Burma VJ ကို ပြောပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက်ကာလက စင်ကာပူနိုင်ငံမှာ PR နေထိုင်ခွင့်ရရှိတဲ့သူတွေ PR ကို စွန့်လွှတ်ပြီး မြန်မာနိုင်ငံကို ပြန်လာခဲ့ကြတဲ့သူတွေရှိခဲ့တယ်လို့ လက်ရှိ စစ်အာဏာရှင်တော်လှန်ရေးမှာ ပူးပေါင်းပါဝင်နေသူတစ်ဦးကလည်း Burma VJ ကို ပြောပါတယ်။
မြန်မာနိုင်ငံသားအဖြစ်ကနေ စွန့်လွှတ်လိုသူတွေအနေနဲ့ စစ်ကောင်စီ စင်ကာပူသံရုံးက ထုတ်ပြန်ထားတဲ့ လိုအပ်တဲ့ အချက် ၇ ချက်ပါ စာရွက်စာတမ်းအပြည့်အစုံ ယူဆောင်လာဖို့ကိုလည်း ပြီးခဲ့တဲ့ ဇန်နဝါရီလ ၄ ရက်နေ့က ထုတ်ပြန်ထားပါသေးတယ်။
ဒါပေမဲ့ အမြဲတမ်းနေထိုင်ခွင့် (PR) ရရှိဖို့အတွက် အခက်အခဲတွေလည်းရှိနေပြီး ဆေးဘက်ဆိုင်ရာ ဆရာဝန်၊ သူနာပြုတွေသာ PR ရရှိနိုင်ဖို့ အခွင့်အရေးများတယ်လို့လည်း စင်ကာပူမှာ အလုပ်လုပ်ကိုင်နေသူတစ်ဦးက ပြောပါတယ်။ ဒါ့အပြင် စင်ကာပူအစိုးရကလည်း PR စနစ်နဲ့ နိုင်ငံသား ခံယူခွင့်ကို ပိုမိုကြပ်မတ်လာတာမျိုးတွေလည်း ရှိနေတယ်လို့လည်း သိရပါတယ်။




Comments