လွတ်ငြိမ်းထဲစာရင်းပါပေမယ့် မလွတ်သေးတဲ့နိုင်ငံရေးအကျဉ်းသားတွေရှိနေသေးဟုဆို
- BVJ

- Mar 3
- 1 min read
Updated: Mar 4
မိုနာ/BVJ_မတ် ၃၊ ၂၀၂၆

အကျဉ်းထောင်အသီးသီးမှာ စစ်အုပ်စုကဖမ်းဆီးထားတဲ့ ပုဒ်မ ၅၂ (က)၊ပုဒ်မ ၅၀(ည)တို့နဲ့ ဖမ်းဆီးခံထားရသူတွေ လွတ်ငြိမ်းစာရင်းမှာနာမည်ပါပေမယ့် မလွတ်လာသေးသူတွေ တွေ့ရှိရတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)က ဒီနေ့ မတ်လ ၃ရက်မှာထုတ်ပြန်ပါတယ်။
ပဲခူးတိုင်း၊ ဒိုက်ဦးအကျဉ်းထောင်မှာ လွတ်ရမယ့်သူ ၂၅၀ ဝန်းကျင်ခန့်ရှိပြီး လက်ရှိအချိန်ထိ နိုင်ငံရေးအကျဉ်းသား၊အကျဉ်းသူ ၂၀၀ ကျော်ကိုမလွှတ်ပေးဘဲအကျဉ်းချထားဆဲဖြစ်တယ်လို့ ဆိုပါတယ်။
“PPNM မှ စောင့်ကြည့်မှုများအရ ဒိုက်ဦးထောင်၊မြင်းခြံထောင်၊ ပေါင်းတည်ထောင်၊မအူပင်ထောင်၊အိုးဘိုထောင်၊အင်းစိန်ထောင်နှင့် အကျဉ်းထောင်အများစုတွင် ၅၀(ည)၊၅၂(က) ဖြင့် ဖမ်းဆီးခံထားရသူများ လွတ်မြောက်လာခြင်း မရှိသေးသည့်အတွက် ၅၀ည၊၅၂က ဖြင့် အကျဉ်းကျနေသည့် နိုင်ကျဉ်းများအား ချက်ခြင်းလွတ်ပေးရန်နှင့် အခြားနိုင်ငံရေး ပုဒ်မများဖြင့် ဖမ်းဆီးခံထားရသူ နိုင်ငံရေးအကျဉ်းသားများအားလုံး ခြွင်းချက်မရှိ လွတ်ပေးရန် PPNM အဖွဲ့အစည်းအနေဖြင့် တောင်းဆိုလိုက်သည်”လို့ ပြောထားပါတယ်။
စစ်အုပ်စုကမနေ့က မတ်လ ၂ရက်နေ့ တောင်သူလယ်သမားနေ့အထိမ်းအမှတ်အဖြစ် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀(ည)နဲ့ ပုဒ်မ ၅၂(က) တို့အရ အကျဉ်းထောင်အသီးသီးမှာ ပြစ်ဒဏ်ကျခံနေရတဲ့ အကျဉ်းသား /အကျဉ်းသူ စုစုပေါင်း ၇,၃၃၇ ဦးကိုလွတ်ငြိမ်းခွင့်ပြုလိုက်တယ်လို့ကြေညာခဲ့ပါတယ်။
ဒါပေမယ့် ဒီနေ့နေ့ခင်းတစ်နာရီအထိ PPNMကစုံစမ်းအတည်ပြုထားတဲ့စာရင်းအရ တနိုင်ငံလုံးအတိုင်းအတာနဲ့ အကျဉ်းထောင် ၃၁ခုကနေ နိုင်ငံရေးအကျဉ်းသား/အကျဉ်းသူ ၃၆၁၃ဦး သာလွတ်မြောက်လာသေးတယ်လို့လည်း ထုတ်ပြန်ပါတယ်။
အဲ့ဒီထဲမှာအင်းစိန်ထောင်ကနေ နိုင်ငံရေးအကျဉ်းသား ကျား-၁၈ဦးနဲ့ မ-၁၈ဦးသာပါဝင်လာပြီး အိုးဘိုထောင်ကနေ ကျား-၆၇၀နဲ့ မ-၁၇၄ဦး ပါဝင်လာတယ်လို့ PPNMစာရင်းက ဖော်ပြပါတယ်။
စစ်အုပ်စုဘက်ကတော့ အကျဉ်းသား၊အကျဉ်းသူ ၉၃၃ဦး လွတ်ငြိမ်းချမ်းသာခွင့်နဲ့ မန္တလေးဗဟိုထောင်ကနေ အကျဉ်းသား ၁၀၆၅ဦးနဲ့ အကျဉ်းသူ ၃၃၃တို့ လွတ်မြောက်လာတယ်လို့ ဖော်ပြပါတယ်။
PPNMကတာဝန်ရှိသူတစ်ဦးကတော့ အင်းစိန်ထောင်ကနေလွတ်လူအရေအတွက်တွေ အများကြီးရှိပေမယ့် အတည်ပြုနိုင်တဲ့စာရင်းကိုသာထည့်ထားတာဖြစ်တယ်လို့ Burma VJကိုပြောပါတယ်။
စစ်အုပ်စုကမနေ့က နိုင်ငံရေးပြစ်မှုနဲ့ဖမ်းထားသူ ခုနှစ်ထောင်ကျော်ကိုလွှတ်ပေးမယ်ဆိုတာကြောင့် နိုင်ငံအကျဉ်းသား၊အကျဉ်းသားတွေအများအပြားပါဝင်ဖို့ မျှော်လင့်နေကြသလို တချို့ကိုလည်းလွှတ်ပေးပြီး ထောင်ဗူးဝရောက်မှပြန်ဖမ်းသွားတယ်ဆိုတဲ့ သတင်းတွေလည်းထွက်ပေါ်နေတာပါ။
ဒါ့အပြင် မနေ့ကလွတ်မြောက်လာတယ်လို့ သတင်းတွေဖော်ပြခဲ့ကြတဲ့ ထောင်ဒဏ်တစ်သက်တစ်ကျွန်းကျခံနေရတဲ့ မှတ်တမ်းရုပ်ရှင်ရိုက်ကူးသူရှင်ဒေဝီဟာလည်း လက်ရှိအချိန်ထိလွတ်မြောက်လာသေးခြင်းမရှိသေးဘူးလို့ မိသားစုကပြောထားပါတယ်။
မနေ့ကလွတ်မြောက်လာသူတွေထဲမှာ ဒေါ်နီမိုလှိုင်နဲ့ တူမနှစ်ဦးဖြစ်တဲ့ မစုမြတ်ထက်၊ အရှေ့ပိုင်းတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဥက္ကဌ မဆုရည်လင်း၊ သတင်းထောက် မမှူးရတနာခက်မို့မို့ထွန်း၊ရန်ကုန်စီးပွားရေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ(ရွာသာကြီးနယ်မြေ)က ဒုဥက္ကဋ္ဌ ကိုထက်ပိုင်စိုးနဲ့ မနွေးရတီတိုး၊ ၈၈ငြိမ်းပွင့်အဖွဲ့က ကိုဇော်ဝမ်းမောင်၊ NLD ထိပ်ပိုင်းခေါင်းဆောင်တချို့ဖြစ်တဲ့ ဒေါက်တာမျိုးအောင်၊ ရန်ကုန်တိုင်း ဝန်ကြီးဟောင်း ဒေါ်မိုးမိုးစုကြည်တို့ပါဝင်လာတယ်လို့ သိရပါတယ်။




Comments