မန္တလေးအခြေစိုက် ရတနာပုံတပ်ဦးLocalတပ်ဖွဲ့ NUGအောက်ပူးပေါင်း
- BVJ

- Mar 3
- 1 min read
အယ်နာ ၊ BVJ ၊ မတ်လ ၃ ၊ ၂၀၂၆

မန္တလေးအခြေစိုက် ရတနာပုံတပ်ဦး Localတပ်ဖွဲ့ကနေ အမျိုးသားညီညွတ်ရေးအစိုးရ-NUG ကာကွယ်ရေးဝန်ကြီးဌာနအောက်က ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ချမ်းမြသာစည်မြို့နယ် (ရတနာပုံတပ်ဦး )အဖြစ်ပူးပေါင်းတာဝန်ထမ်းဆောင်မယ်လို့ မနေ့က မတ်လ ၂ ရက်မှာ ကြေညာလိုက်ပါတယ်။
ဒေသကာကွယ်ရေးတပ်ဖွဲ့တခုဖြစ်တဲ့ ရတနာပုံတပ်ဦးတပ်ဖွဲ့ဟာ စတင်တည်ထောင်ချိန်ကထဲက ဒီနေ့အချိန်အထိ NUG ၊ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ကွပ်ကဲမှုအောက်မှာရှိတဲ့ တိုင်း ၊ခရိုင် ၊မြို့နယ် တပ်ရင်း တပ်ဖွဲ့ ၊ပကဖတွေရဲ့အဆင့်ဆင့်သော COC အောက်မှာ တော်လှန်ရေးလုပ်ငန်းစဉ်တွေကို ပူးပေါင်းဆောင်ရွက်နေတဲ့ တပ်ဖွဲ့တစ်ခုဖြစ်ပြီး အခုလို ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ချမ်းမြသာစည်မြို့နယ်က ပူးပေါင်းတာဝန်ထမ်းဆောင်ဖို့ ကြိုဆိုခဲ့မှုအပေါ် ရတနာပုံတပ်ဦး တပ်ဖွဲ့ဝင်အားလုံးက အထူးဂုဏ်ယူမိတယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။
NUG ကာကွယ်ရေးဝန်ကြီးဌာန-MODအောက်က စစ်ရေးပူးပေါင်းရတဲ့အခြေအနေနဲ့ ပတ်သက်ပြီး ရတနာပုံတပ်ဦး တာဝန်ရှိသူတစ်ဦးက BVJကို အခုလိုပြောပါတယ်။
" MODရဲ့ ခရိုင်ကွပ်ကဲရေးတွေရဲ့ စစ်ရေးအစီအမံနဲ့ ပူးပေါင်းရတဲ့အခါမျိုးတွေမှာတော့ လက်နက်ခဲယမ်း၊ကျည်ကာ၊helmet ရဲဘော်တွေရဲ့တကိုယ်ရည်သုံးပစ္စည်းတွေကအစ ပြည့်စုံတဲ့ ထောက်ပံ့မှုမျိုးတွေတော့ ရပါတယ် ။ MODရဲ့ အစီအမံမပါဘဲ ကျွန်တော်တို့ Localတွေချည်းပဲ စုပေါင်းပြီးလုပ်ရတဲ့ စစ်ဆင်ရေးတွေကတော့ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ရှာပြီး အစစအရာရာ ဖြည့်တင်းရတာမျိုး"

အရင်ကဖော်ဆောင်ခဲ့တဲ့ မြနန္ဒာစစ်ဆင်ရေးက အကြောင်းအမျိုးမျိုးကြောင့် စစ်ဆင်ရေးတွေရပ်နားလိုက်တဲ့အချိန်မှာ စုဖွဲ့မှုတွေပြန်လုပ်ပြီး ၂၀၂၄ ခုနှစ် ၊ မေလ ၁ ရက်နေ့မှာ ရတနာပုံတပ်ဦး ဆိုပြီး Localတပ်ဖွဲ့ကို စတင်တည်ထောင်ခဲ့တာဖြစ်ပါတယ်။
"စစ်ဆင်ရေးမှာတော့ ကွာခြားမှုတွေရှိလာမှာပေါ့ ။ အရင်ကစစ်ကူခေါ်ရင် မသွားရင်လည်းရတယ် အခုကတော့ MODရဲ့ကွပ်ကဲမှုအောက်မှာ တာဝန်ထမ်းဆောင်လိုက်တဲ့အခါကျတော့ အဲ့လိုမရတော့ဘူး။အပေါ်ကနေ ရုံးစာအဆင့်ဆင့် ဘယ်စစ်မြေပြင်အတွက် ရဲဘော် ဘယ်လောက်ပို့ပေးပါဆိုတဲ့အနေအထားမျိုးမှာ localတုန်းကလိုငြင်းပိုင်ခွင့် မရှိတော့ဘူးပေါ့" လို့ ရတနာပုံတပ်ဦးတာဝန်ရှိသူက ပြောပါတယ်။
NUG ကာကွယ်ရေးဝန်ကြီးဌာနနဲ့ နီးစပ်သူတစ်ဦးကလည်း "အခုလက်ရှိ တပ်ရင်းတွေ ပကဖ အဖွဲ့တွေဆိုတာလည်း အရင်က လိုကယ်တွေပဲ အားလုံးပေါင်းစုပြီး MOD ဆိုတာဖြစ်လာတာလို့ပြောလို့ရတယ်။" လို့ BVJ ကိုပြောပါတယ်။

လက်ရှိမှာတော့ ရတနာပုံတပ်ဦးအနေနဲ့ မင်းကွန်းတိုက်နယ်ထဲမှာနယ်မြေခံပကဖတွေ ၊ မဟာမိတ် တပ်ဖွဲ့တွေဖြစ်တဲ့ people servant force ၊ ယူနီကွန်းပျောက်ကြားတပ်ဖွဲ့၊ No More Dictatorship people defence force-NMD တို့နဲ့ ပူးပေါင်းကာစစ်ဆင်ရေးတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
လတ်တလောဖြစ်ပေါ်နေတဲ့ စစ်ရေးအခင်းအကျင်း နိုင်ငံရေးအခင်းအကျင်းကို မြင်နေ တွေ့နေရတာနဲ့တင်ဆုံးဖြတ်ပြီး စိတ်ဓာတ်မကျဖို့ ၊ တော်လှန်ရေးမှာစိတ်အားထက်သန်တဲ့ လူငယ်တွေလည်း အခန်းကဏ္ဍအသီးသီးမှာကျန်ရှိနေသေးတဲ့အတွက် ပြည်သူလူထုအနေနဲ့ နိုင်တဲ့အားနဲ့ ဝန်းရံပေးဖို့ကိုလည်း ရတနာပုံတပ်ဦးရဲ့ပြန်ကြားရေးတာဝန်ခံက အကြံပြုထားပါသေးတယ်။




Comments