မြန်မာနိုင်ငံက တရုတ်စီမံကိန်းတွေနဲ့ဝန်ထမ်းတွေကို လုံခြုံရေးအာမခံပေးဖို့ တရုတ်သမ္မတက မြန်မာစစ်ခေါင်းဆောင်ကို မှာ၊
- BVJ
- 4 days ago
- 1 min read
■ စစ်ခေါင်းဆောင်က အာမခံပေး
---------
BVJ/ယူဂရင်း_ မေ ၁၀၊ ၂၀၂၅

မြန်မာနိုင်ငံရှိ တရုတ်စီမံကိန်းတွေနဲ့ ဝန်ထမ်းတွေ ဘေးကင်းလုံခြုံရေးကို သေချာအာမခံပေးဖို့ တရုတ်သမ္မတရှီကျင့်ဖျင်က စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ပြောလိုက်ပါတယ်။
မနေ့က မေလ ၉ရက်ညနေပိုင်းမှာ ရုရှားနိုင်ငံ၊ မော်စကိုမြို့မှာ ကျင်းပတဲ့ ဆိုဗီယက်ပြည်ထောင်စု မဟာမျိုးချစ်စစ်အောင်ပွဲ နှစ် (၈၀) ပြည့် အထိမ်းအမှတ်အခမ်းအနားကို တက်ရောက်ကြတဲ့ တရုတ်သမ္မတရှီကျင့်ဖျင်နဲ့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ တွေ့ဆုံဆွေးနွေးချိန်မှာ ပြောခဲ့တာဖြစ်တယ်လို့ တရုတ်သံရုံးက ဒီနေ့ မေ ၁၀ရက် နေ့လယ်မှာ ထုတ်ပြန်ပါတယ်။
တရုတ်သမ္မတ ရှီကျင့်ဖျင်ရဲ့ ပြောဆိုချက်ထဲမှာ မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာနဲ့ နယ်မြေတည်တံ့ခိုင်မြဲရေး၊ နိုင်ငံတည်ငြိမ်အေးချမ်းရေးနဲ့ တည်ငြိမ်သင့်လျော်ရေးအတွက် ပြည်တွင်းနိုင်ငံရေးလုပ်ငန်းစဥ်တွေကို အကောင်ထည်ဖော်လုပ်ဆောင်ခြင်းကို ထောက်ခံအားပေးကြောင်း၊ မြန်မာနိုင်ငံရှိ တရုတ်ဝန်ထမ်း၊ အဖွဲ့အစည်း၊စီမံကိန်းတွေရဲ့ ဘေးကင်းလုံခြုံမှုကို သေချာအာမခံပေးဖို့နဲ့ အွန်လိုင်းလောင်းကစားနဲ့လိမ်လည်မှုစတဲ့ နယ်စပ်ဖြတ်ကျော်ပြစ်မှုကျူးလွန်မှုတွေကို တိုးမြှင့်တိုက်ဖျက်သွားဖို့ စတာတွေ ပါဝင်ပါတယ်။
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကလည်း မြန်မာနိုင်ငံရှိ တရုတ်စီမံကိန်းနဲ့ ဝန်ထမ်းတွေရဲ့ဘေးကင်းလုံခြုံမှုကို တတ်စွမ်းသမျှ အာမခံပေးသွားမယ်လို့ ပြန်ပြောခဲ့ပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံအနေနဲ့ တရုတ်နိုင်ငံနဲ့ဆက်ဆံရေးကို လွန်စွာအလေးထားပြီး တရုတ်နိုင်ငံရဲ့ ယုံကြည်စိတ်ချရတဲ့ ချစ်ကြည်ရင်းနှီးထိုက်တဲ့ အိမ်နီးချင်းအဖြစ် ထာဝရလုပ်ဆောင်သွားဖို့ ဆန္ဒရှိကြောင်း၊ မြန်မာနိုင်ငံ နှစ်နိုင်ငံကုန်သွယ်ရေး၊ စွမ်းအင်စတဲ့ကဏ္ဍတွေမှာ ပူးပေါင်းဆောင်ရွက်မှုတွေကို ကြိုးပမ်းဆောင်ရွက်နေကြောင်းနဲ့ တရုတ်နိုင်ငံက အဆိုပြုတဲ့ ကမ္ဘာလုံးဆိုင်ရာအစီအမံကြီးသုံးရပ်နဲ့ အိမ်နီးချင်းနိုင်ငံတွေရဲ့ အေးအတူပူအမျှအသိုက်အဝန်း အတူတကွတည်ဆောက်တဲ့ အတွေးအခေါ်ကို လွန်စွာချီးကျူးကြောင်း၊ တရုတ်နိုင်ငံနဲ့အတူလက်တွဲပြီး ဘုံစိန်ခေါ်မှုတွေကိုရင်ဆိုင်သွားဖို့ ဆန္ဒရှိကြောင်း ပြောခဲ့တယ်လို့ သိရပါတယ်။
အဲ့ဒီတွေ့ဆုံဆွေးနွေးမှုကို တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီရုံးအကြီးအကဲ Mr.Cai Qi နဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး Mr.Wang Yiတို့လည်း တက်ရောက်ခဲ့တယ်လို့လည်း သိရပါတယ်။
မြန်မာနိုင်ငံမှာ တရုတ်စီမံကိန်း ၁၉ခုရှိတဲ့ထဲက ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ မြန်မာနိုင်ငံအလယ်ပိုင်းဒေသတို့က တရုတ်ရင်းနှီးမြုပ်နှံမှုစီမံကိန်း ၁၀ခုကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့(EAOs)တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်(PDFs)တွေက အပြည့်အဝထိန်းချုပ်ထားတယ်လို့ မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒရေးရာလေ့လာရေးအဖွဲ့ (ISP - Myanmar) ရဲ့ ပြီးခဲ့တဲ့နှစ် သြဂုတ် ၁၉ရက်ထုတ်ပြန်ချက်အရ သိရပါတယ်။
EAOsနဲ့PDFတွေဟာ မူဆယ်နယ်စပ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန်၊ ကွမ်းလုံဆည်၊ ကွမ်းလုံတံတား၊ ချင်းရွှေဟော် နယ်စပ်စီးပွားရေးကုန်သွယ်မှုဇုန်၊ နောင်ဖဆည်၊ လန်ချန်း-မဲခေါင် သဘာ၀ဘေး ကယ်ဆယ်ရေးပစ္စည်း သိုလှောင်ရုံနဲ့ စင်တာ၊ ဂုတ်ထိပ်တံတားနဲ့ လမ်းသစ်စီမံကိန်း၊ ဆင်းရွှေလီ-၂ သကြား စက်ရုံ၊ အယ်လ်ဖာ ဘိလပ်မြေစက်ရုံနဲ့ တကောင်းနီကယ်စက်ရုံတို့ကို အပြည့်အဝထိန်းချုပ်ထားနိုင်တာဖြစ်ပါတယ်။
ပြီးခဲ့တဲ့နှစ် သြဂုတ်လမှာ အမျိုးသားညီညွတ်ရေးအစိုးရ-NUGလက်အောက်ခံ PDFတပ်ဖွဲ့တွေက သိမ်းယူနိုင်ခဲ့တဲ့ တကောင်းကြေးနီတူးဖော်ရေးစီမံကိန်းဟာ ဝမ်ပေါင်ကုမ္ပဏီက တရုတ်ရင်းနှီးမြုပ်နှံမှုနဲ့လုပ်ကိုင်နေတာဖြစ်ပြီး အကြီးဆုံးစီမံကိန်းထဲပါဝင်ပါတယ်။
Comments