မြန်မာတစ်ဦးကို ကူညီခဲ့တဲ့ ထိုင်းရဲအရာရှိကို ထိုင်းနိုင်ငံသားက သေနတ်နဲ့ပစ်သတ်
- Zayar Oo
- Jan 7, 2025
- 1 min read
BVJ/Moore _ ဇန်နဝါရီ ၆ ၊ ၂၀၂၅

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ စိုင်မိုင်ခရိုင်အတွင်း ဆိုင်ကယ်စက်ပြင်သမားတစ်ဦးနဲ့ အငြင်းပွားမှုဖြစ်ပွားနေတဲ့ မြန်မာနိုင်ငံသားတစ်ဦးကို ကူညီခဲ့တဲ့ ထိုင်းရဲအရာရှိတစ်ဦး သေနတ်နဲ့ပစ်ခတ်ခံရပြီး သေဆုံးခဲ့တယ်လို့ သိရပါတယ်။ အခင်းဖြစ်ပွားမှုဟာ ပြီးခဲ့တဲ့ သောကြာနေ့ညပိုင်းက ဖြစ်ပွားခဲ့တာဖြစ်ပြီး ဒေသဆိုင်ရာထိုင်းရဲတစ်ဦးကို ပစ်ခတ်ခဲ့သူ သေနတ်သမားဟာ ထိုင်းနိုင်ငံသား Annop Srisueb ဆိုသူဖြစ်ပြီး လက်ရှိမှာ ထိုင်းရဲတပ်ဖွဲ့က သူ့ကို ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ သိရပါတယ်။
ဆိုင်ကယ်စက်ပြင်သမားနဲ့ မြန်မာနိုင်ငံသားတို့ဟာ ဆံပင်ညှပ်ဆိုင်တစ်ခုအနီးမှာ အငြင်းပွား ခြိမ်းခြောက်မှုဖြစ်ပွားခဲ့ပြီး Annop ရဲ့ အမျိုးသမီးက ပြဿနာကိုဖြေရှင်းဖို့အတွက် သူငယ်ချင်းတွေကို သွားခေါ်ဖို့ မြန်မာနိုင်ငံသားကို ပြောခဲ့ပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံသားဟာ စိုင်မိုင်ရဲစခန်းကိုသာ သွားရောက်ခဲ့ပြီး ဒေသဆိုင်ရာ ရဲတပ်ဖွဲ့ကို အကူအညီတောင်းခံခဲ့တာလည်း ဖြစ်ပါတယ်။
မြန်မာနိုင်ငံသားရဲ့ အကူအညီတောင်းခံမှုကြောင့် တာဝန်ကျ ရဲအရာရှိတစ်ဦးဖြစ်သူ Banrung Kesaporn က အခင်းဖြစ်ပွားရာနေရာကို မြန်မာနိုင်ငံသားနဲ့အတူ ပြန်လည်ရောက်ရှိလာပြီး ပြဿနာကို ဖြေရှင်းပေးနေချိန် သေနတ်နဲ့ ပစ်ခတ်ခံရတာပါ။
စိုင်မိုင်ရဲစခန်း ရဲအရာရှိက နှစ်ဖက်အငြင်းပွားမှုကို ဖြေရှင်းပေးနေချိန် ထိုင်းနိုင်ငံသား Annop က သေနတ်ထုတ်ကာ ပစ်ခတ်ခဲ့တာကြောင့် ထိုင်းရဲအရာရှိ နေရာမှာပင် သေဆုံးခဲ့တယ်လို့လည်း သိရပါတယ်။ ပစ်ခတ်မှုဖြစ်ပွားပြီး အခင်းဖြစ်ပွားရာနေရာကို ထိုင်းရဲတပ်ဖွဲ့တွေ ထပ်မံရောက်ရှိလာချိန် သေနတ်သမားဟာ လက်နက်ချ အဖမ်းခံခဲ့တယ်လို့လည်း သိရပါတယ်။
ဒေသဆိုင်ရာ ရဲတပ်ဖွဲ့က သေနတ်သမား Annop ရဲ့ ဆိုင်ကယ်စက်ပြင်ဆိုင်ကို ဝင်ရောက်ရှာဖွေရာ ၉မမ ပစ္စတိုတစ်လက်၊ ကျည်အချို့ကိုလည်း သိမ်းဆည်းရရှိခဲ့ပါတယ်။ ရဲအရာရှိကို သေနတ်နဲ့ပစ်ခတ်ခဲ့သူ Annop ကို လူသတ်မှု၊ တရားမဝင် လက်နက်ကိုင်ဆောင်မှု၊ အများပြည်သူနေရာမှာ ခွင့်ပြုချက် လက်နက်ယူဆောင်မှုတို့နဲ့ တရားစွဲဆို အရေးယူထားတယ်လို့လည်း သိရပါတယ်။
Ref: Thai PBS




Comments