သစ္စာဖောက်မှုနဲ့အဂတိလိုက်စားမှုတွေကြောင့် ထိပ်တန်းစစ်ဗိုလ်ချုပ်ကြီးနှစ်ဦးကို တရုတ်ကွန်မြူနစ်ပါတီနဲ့စစ်တပ်ကနေ ထုတ်ပယ်

သူရ/BVJ_စက်တင်ဘာ ၂၂၊ ၂၀၂၆

ပါတီအပေါ် သစ္စာဖောက်ဖျက်မှု၊ အဂတိလိုက်စားမှုနဲ့ တခြားသောပြင်းထန်တဲ့ စည်းကမ်းဖောက်ဖျက်မှုတွေ ကျူးလွန်ခဲ့တယ်ဆိုတဲ့စွဲချက်တွေနဲ့ ထိပ်တန်းစစ်ဘက်ဆိုင်ရာခေါင်းဆောင်ကြီးနှစ်ဦးဖြစ်တဲ့ ကျန်းယိုရှား (Zhang Youxia)နဲ့ လျိုကျန်းလီ (Liu Zhenli)တို့ကို တရုတ်ကွန်မြူနစ်ပါတီနဲ့စစ်တပ်ကနေ ထုတ်ပယ်လိုက်ပြီဖြစ်ကြောင်း တရားဝင်ကြေညာချက်မှာဖော်ပြထားပါတယ်။
ကျန်းယိုရှားဟာ သမ္မတရှီကျင့်ဖျင်ရဲ့လက်အောက်မှာ အမြင့်ဆုံးစစ်ဘက်ကွပ်ကဲရေးအဖွဲ့ဖြစ်တဲ့ ဗဟိုစစ်ကော်မရှင် (CMC) ရဲ့ ဒုတိယဥက္ကဋ္ဌတာဝန်ယူခဲ့သူဖြစ်ပြီး သမ္မတရှီရဲ့အယုံကြည်ရဆုံး စစ်ဘက်ဆိုင်ရာမဟာမိတ်တစ်ဦးအဖြစ် ရပ်တည်ခဲ့တာကြာပါပြီ။ လျိုကျန်းလီကတော့ ဗဟိုစစ်ကော်မရှင်အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး အဆိုပါကော်မရှင်ရဲ့ ပူးတွဲစစ်ဦးစီးဌာန ရုံးအဖွဲ့မှူးတာဝန်ကိုထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။
ကျန်းနဲ့လျိုတို့နှစ်ဦးအပေါ် စုံစမ်းစစ်ဆေးမှုတွေကို ဇန်နဝါရီလတုန်းက ကြေညာခဲ့ပြီး သြဂုတ်လနှောင်းပိုင်းမှာတော့ နိုင်ငံတော်ဗဟိုစစ်ကော်မရှင် ရာထူးတွေကနေ ဖယ်ရှားခဲ့တာဖြစ်ပါတယ်။
၂၀၁၂ ခုနှစ်မှာ အာဏာရလာကတည်းက သမ္မတရှီကျင့်ဖျင်ဟာ ခေတ်သစ်တရုတ်သမိုင်းမှာ အကြီးမားဆုံးနဲ့အပြင်းထန်ဆုံး အဂတိလိုက်စားမှုတိုက်ဖျက်ရေးနဲ့ စည်းကမ်းထိန်းသိမ်းရေးလှုပ်ရှားမှုတွေကို စတင်ဖော်ဆောင်ခဲ့တာပါ။ တရုတ်နိုင်ငံရဲ့ ကြီးမားတဲ့ အစိုးရယန္တရားထဲကလူသန်းပေါင်းများစွာဟာ ပုံစံအမျိုးမျိုးနဲ့စစ်ဆေးခံခဲ့ရပြီး အဆင့်မြင့်ပါတီ၊ အစိုးရနဲ့စစ်ဘက်ဆိုင်ရာ အရာရှိကြီးများစွာလည်းအရေးယူခံရကာ ရာထူးကနေဖယ်ရှားခံခဲ့ရပါတယ်။
လတ်တလောနှစ်တွေအတွင်းမှာတော့ စစ်တပ်ဟာဒီလိုကျယ်ပြန့်တဲ့ကာလအတွင်း အဓိကပစ်မှတ်တွေထဲကတစ်ခုဖြစ်လာခဲ့ပါတယ်။ ဆက်တိုက်ဆိုသလို စုံစမ်းစစ်ဆေးမှုတွေနဲ့ ထုတ်ပယ်မှုတွေကြောင့် အရင်ကအဖွဲ့ဝင်ခုနစ်ဦးပါဝင်ခဲ့တဲ့ ဗဟိုစစ်ကော်မရှင်ထဲမှာဥက္ကဋ္ဌတာဝန်ယူထားတဲ့ သမ္မတရှီကိုယ်တိုင်အပါအဝင် တက်ကြွလှုပ်ရှားနေတဲ့ခေါင်းဆောင်နှစ်ဦးသာ ကျန်ရှိတော့ပါတယ်။
"သစ္စာမရှိခြင်း၊အုပ်စုဖွဲ့ခြင်းနဲ့ ဂိုဏ်းဂဏစွဲပြုခြင်း"
တရုတ်စစ်ဘက်ဆိုင်ရာခေါင်းဆောင်ဟောင်းနှစ်ဦးဟာ ပါတီအပေါ် သစ္စာမရှိကြကြောင်း၊ ပါတီရဲ့ မူဝါဒမူဘောင်တွေကိုစွန့်လွှတ်ခဲ့ကြပြီး တင်းကျပ်တဲ့ပါတီစည်းကမ်းတွေကို လိုက်နာကျင့်သုံးအောင်လုပ်ဆောင်ဖို့ပျက်ကွက်ခဲ့ကြသလို ဝန်ထမ်းတွေနဲ့မိသားစုဝင်တွေကိုလည်း ကောင်းမွန်စွာကြပ်မတ်ထိန်းကျောင်းနိုင်ခြင်းမရှိဘူးလို့ တရုတ်အစိုးခေါင်းဆောင်ပိုင်းကစွပ်စွဲထားပါတယ်။
ကျန်းနဲ့လျိုတို့ဟာ "နိုင်ငံရေးစည်းကမ်းနဲ့ နိုင်ငံရေးစည်းမျဉ်းတွေကို ပြင်းပြင်းထန်ထန်ဖောက်ဖျက်ခဲ့ကြပြီး အုပ်စုဖွဲ့ဂိုဏ်းဂဏစွဲပြုကာ ပါတီအပေါ် သစ္စာမရှိဘဲရိုးသားမှုမရှိခဲ့ကြဘူး" လို့ နိုင်ငံပိုင် ဆင်ဟွာသတင်းဌာနက တရားဝင်စာရွက်စာတမ်းတွေကို ကိုးကားပြီးဖော်ပြခဲ့ပါတယ်။
သူတို့နှစ်ဦးဟာ "နီစပ်နယ်နိမိတ်နဲ့ အခြေခံကန့်သတ်ချက်တွေကိုကျော်လွန်ခဲ့ကြပြီး" သူတို့ရဲ့ "နိုင်ငံရေးနဲ့ စီးပွားရေးဆိုင်ရာအမှားအယွင်းတွေဟာ တစ်ခုနဲ့တစ်ခုဆက်စပ်နေကာ အဂတိလိုက်စားပြီးကိုယ်ကျိုးရှာမှုတွေနဲ့အတူ တာဝန်ဝတ္တရားပျက်ကွက်မှုနဲ့ ရာထူးအလွဲသုံးစားလုပ်မှုတွေလည်း တွဲလျက်ပါရှိနေတယ်" လို့ ဆိုပါတယ်။
"ပါဝင်ပတ်သက်နေတဲ့ ငွေကြေးပမာဏဟာအလွန်တရာကြီးမားပြီး လုပ်ရပ်တွေရဲ့သဘောသဘာဝကလည်း အလွန်တရာဆိုးရွားကာ သက်ရောက်မှုတွေကလည်း အလွန်တရာကြီးမားပါတယ်"

တရုတ်လွတ်မြောက်ရေးတပ်မတော် (PLA) ရဲ့ အဆင့်မြင့်အရာရှိကြီးတွေအပေါ် အဂတိလိုက်စားမှု စွပ်စွဲချက်တွေထွက်ပေါ်လေ့ရှိပေမယ့်"အခုလို အုပ်စုဖွဲ့ ဂိုဏ်းဂဏစွဲပြုခြင်းအပါအဝင် သစ္စာမဖောက်ဖျမှုစွဲချက်တွေပါဝင်လာတာကတော့ မကြုံစဖူးဖြစ်ရပ်တစ်ခုပဲဖြစ်ပါတယ်" လို့ စီအိုင်အေ (CIA) ရဲ့ တရုတ်နိုင်ငံဆိုင်ရာ လေ့လာသုံးသပ်သူဟောင်း၊ ဂျော့ချ်တောင်း တက္ကသိုလ်ရဲ့ အကြီးတန်းအရာရှိ ဒင်းနစ် ဝိုင်းလ်ဒါ (Dennis Wilder)ကပြောကြားခဲ့ပါတယ်။
ဒီသစ္စာဖောက်မှုစွဲချက်တွေဟာ "မော်စီတုန်းခေတ်ဆီကို ပြန်လည်ရောက်သွားသလိုဖြစ်စေပြီး" တကယ်လို့သာ အထောက်အထားခိုင်လုံမယ်ဆိုရင် သမ္မတရှီအနေနဲ့ ဒီအခြေအနေကို သူ့ရဲ့ အာဏာနဲ့နိုင်ငံရေးရပ်တည်ချက်အပေါ် ကြီးမားတဲ့ ခြိမ်းခြောက်မှုတစ်ခုအဖြစ်ရှုမြင်ခဲ့တယ်ဆိုတာကို ညွှန်ပြနေနိုင်တယ်လို့ ဝိုင်းလ်ဒါကဆိုပါတယ်။
"ဒါဟာ ရှီကျင့်ဖျင်ကို စိန်ခေါ်မှုတွေမလုပ်ကြဖို့ ပါတီခေါင်းဆောင်ဟောင်းတွေနဲ့ စစ်တပ်ကိုပါ ပြတ်သားတဲ့သတင်းစကားပေးလိုက်တာပါပဲ" လို့ သူက ထပ်လောင်းပြောကြားခဲ့ပါတယ်။
စစ်မြေပြင် ဝါရင့်ပုဂ္ဂိုလ်
ကျန်းဟာ အာဏာရကွန်မြူနစ်ပါတီရဲ့ ထိပ်တန်း နိုင်ငံရေးဗျူရို (Politico) အဖွဲ့ဝင်တစ်ဦးလည်းဖြစ်ခဲ့ပြီး စစ်မြေပြင်အတွေ့အကြုံရှိတဲ့ ထိပ်တန်းအရာရှိအနည်းငယ်ထဲကတစ်ဦးလည်းဖြစ်ပါတယ်။
"အခုလိုအချိန်အခါမှာ အထူးခြားဆုံးကတော့ ၁၉၈၀ ပြည့်လွန်နှစ်တွေတုန်းက ကျန်းယိုရှားဟာ တရုတ်လူငယ်တွေ တော်လှန်ရေးအပေါ် သစ္စာစောင့်သိမယ့် နောက်ထပ်မျိုးဆက်သစ်တွေပေါ်ထွက်လာဦးမယ်ဆိုတဲ့ အထောက်အထားတစ်ခုအဖြစ် ပါတီနဲ့စစ်တပ်ရဲ့ ဝါဒဖြန့်ချိရေးယန္တရားတွေကနေတင်ပြခဲ့ခြင်း ခံခဲ့ရသူ ဖြစ်ပါတယ်" လို့ အမေရိကန်တက္ကသိုလ်မှ တရုတ်နိုင်ငံရေးကျွမ်းကျင်သူ ဂျိုးဇက် တိုရီဂျီယန် (Joseph Torigian)ကပြောပါတယ်။
"ဒါပေမဲ့ အခုတော့ကျန်းဟာ သူ့ရဲ့ခေတ်ပြိုင်အများအပြားကိုပြိုလဲစေခဲ့တဲ့ အဂတိလိုက်စားမှုနဲ့ ပစ္စည်းဥစ္စာမက်မောမှုစွပ်စွဲချက်တွေကို ရင်ဆိုင်နေရပါပြီ"
ကျန်းနဲ့လျိုတို့ကိုထုတ်ပယ်တဲ့ဆုံးဖြတ်ချက်ကို တနင်္လာနေ့က သမ္မတရှီ ကိုယ်တိုင်ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ကျင်းပခဲ့တဲ့ နိုင်ငံရေးဗျူရို အစည်းအဝေးမှာ တရားဝင်အတည်ပြုခဲ့ကြတယ်လို့ နိုင်ငံပိုင်မီဒီယာတွေက ဖော်ပြပါတယ်။ သူတို့ရဲ့ ရာဇဝတ်မှုဆိုင်ရာ သံသယရှိစရာ ကိစ္စရပ်တွေကိုတော့ ဥပဒေနဲ့အညီ စစ်ဆေးအရေးယူနိုင်ဖို့အတွက် စစ်ဘက်ဆိုင်ရာတရားလိုရှေ့နေတွေဆီကို ဆက်လက်လွှဲပြောင်းပေးအပ်သွားမှာဖြစ်တယ်လို့ ဆင်ဟွာကဆိုပါတယ်။
ဒီကြေညာချက်ထွက်ပေါ်လာတာဟာ တရုတ်သမ္မတ ရှီကျင့်ဖျင် အမေရိကန်နိုင်ငံကိုသွားရောက်ပြီး သမ္မတဒေါ်နယ်ထရမ့်နဲ့ဆွေးနွေးပွဲတွေပြုလုပ်ဖို့ ရက်အနည်းငယ်အလို၊ ပါတီတွင်းအုပ်ချုပ်ရေးနဲ့ စည်းကမ်းထိန်းသိမ်းရေးဆိုင်ရာ အဓိကကျတဲ့ အောက်တိုဘာပါတီညီလာခံမတိုင်မီ ရက်သတ္တပတ်အနည်းငယ်အလိုမှာထွက်ပေါ်လာတာ ဖြစ်ပါတယ်။
ခရက်ဒစ်- Reuters



Comments