မြန်မာကို လောင်စာဆီတင်ပို့မှု ရပ်ဆိုင်းဖို့ ထိုင်းကုမ္ပဏီ PTT ပြင်ဆင်နေ
- BVJ

- Feb 10, 2025
- 1 min read
BVJ/အိုင်းရစ် _ ဖေဖော်ဝါရီ ၆ ၊ ၂၀၂၅

ထိုင်းစတော့အိတ်ချိန်းဝင်ကုမ္ပဏီ PTT Oil and Retail Business Plc (OR) က မြန်မာနိုင်ငံကို လောင်စာဆီ တင်ပို့နေမှု ရပ်ဆိုင်းဖို့ ပြင်ဆင်နေပြီဖြစ်တယ်လို့ ဘန်ကောက်ပို့စ်သတင်းဌာနက ဖော်ပြထားပါတယ်။ အိမ်နီးချင်း မြန်မာနိုင်ငံထဲက ရာဇဝတ်ဂိုဏ်းတွေကို ကိုင်တွယ်ဖြေရှင်းဖို့ လုပ်ဆောင်နေတဲ့ ထိုင်းအစိုးရက မူဝါဒတွေနဲ့အညီ အခုလို ရပ်ဆိုင်းဖို့ OR က ပြင်ဆင်နေတာလည်း ဖြစ်တယ်လို့ ဆိုပါတယ်။
OR ကုမ္ပဏီအနေနဲ့ ထိုင်းအစိုးရရဲ့ မူဝါဒတွေကို လိုက်နာဖို့အသင့်ရှိနေပြီး မြန်မာဘက်ခြမ်းကို လောင်စာဆီ တင်ပို့မှု တရားဝင်တားမြစ်အမိန့်ကိုလည်း စောင့်ဆိုင်းနေတယ်လို့ OR ရဲ့ အမှုဆောင် ဒုတိယဥက္ကဌ Racha Uthaichan က ဆိုပါတယ်။ OR က တင်ပို့တဲ့ လောင်စာဆီကားတွေဟာ အမျိုးသားလုံခြုံရေးကောင်စီ (NSC) ရဲ့ နယ်စပ်ဂိတ် ၅ ခုကနေတဆင့် ဖြတ်သန်းတင်ပို့နေတာလည်း ဖြစ်ပါတယ်။
“ကျွန်တော်တို့ အခြေအနေကို စောင့်ကြည့်နေပါတယ်။ ကျွန်တော်တို့ လောင်စာဆီတင်လာတဲ့ကားတွေ စစ်ဆေးရေးဂိတ်ကနေ ဖြတ်လို့မရတော့ဘူးဆိုရင် ကျွန်တော်တို့ရဲ့ ကိုယ်စားလှယ်တွေကို ချက်ချင်း အကြောင်းကြားရပါလိမ့်မယ်”လို့ Mr Racha က ပြောပါတယ်။
အိမ်နီးချင်းနိုင်ငံထဲက ရာဇဝတ်မှုကျူးလွန်တယ်လို့ သံသယရှိတဲ့နေရာတွေကို ရေနံတင်ပို့မှုနဲ့ ဆက်သွယ်ရေးဝန်ဆောင်မှု ရပ်တန်ဖို့ ဆုံးဖြတ်ချက်ကိုလည်း NSC က အခု ဖေဖော်ဝါရီ ၄ ရက်မှာ ထပ်မံချမှတ်ခဲ့ပါတယ်။ အွန်လိုင်းငွေကြေးလိမ်လည်မှု (ကျားဖြန့်) ဂိုဏ်းတွေရှိတဲ့နေရာ ၅ ခုကိုလည်း လျှပ်စစ်မီး ဖြတ်တောက်မှုတွေ ဖေဖော်ဝါရီ ၄ ရက်နေ့မှာ လုပ်ဆောင်ခဲ့ပါသေးတယ်။
OR ကုမ္ပဏီက မြန်မာနိုင်ငံထဲက ဓာတ်ဆီနဲ့ ဒီဇယ်ဆီတင်ပို့မှု လစဉ်လီတာ ၁၅ သန်းကနေ သန်း ၂၀ အထိရှိပြီး ထိုင်း-မြန်မာ အမှတ် ၂ ချစ်ကြည်ရေးတံတားကနေတဆင့် တင်ပို့နေတာလည်း ဖြစ်ပါတယ်။ OR က တင်ပို့တဲ့ ဓာတ်ဆီနဲ့ ဒီဇယ်တွေကို မြဝတီ၊ တာချီလိတ်၊ မြိတ်နဲ့ ကော့သောင်းမြို့တို့မှာ ပြန်လည်ရောင်းချနေတာလည်း ဖြစ်ပါတယ်။
မြန်မာနိုင်ငံဘက်ြခမ်းကို လောင်စာဆီတင်ပို့မှု ရပ်တန့်ဖို့အတွက် ဆုံးဖြတ်ချက်ထွက်မလာခင် OR ကုမ္ပဏီရဲ့ လောင်စာဆီ တင်ဆောင်လာတဲ့ကားတွေဟာ အမှတ် ၂ တံတားအနီးကို ရောက်ရှိနေပြီး လက်ရှိအချိန်အထိ မဲဆောက် စစ်ဆေးရေးဂိတ်အနီးမှာ စောင့်ဆိုင်းနေရဆဲဖြစ်တယ်လို့လည်း သိရပါတယ်။
Ref: Bangkok Post




Comments