မိတ္ထီလာမှာ ပြင်းအား ၅.၅ အဆင့်ရှိ ငလျင်ထပ်လှုပ်
- BVJ
- Apr 24
- 1 min read
BVJ/ထက်အောင် _ ဧပြီ ၁၃ ၊ ၂၀၂၅

မန္တလေးတိုင်း မိတ္ထီလာမြို့နယ် အရှေ့မြောက်ဘက် ဝမ်းတွင်းမြို့အနီးမှာ ဒီနေ့မနက်ပိုင်းက ရစ်ခ်ျစကေး ၅.၅ အဆင့် အင်အားအသင့်အတင့်ရှိ ငလျင်လှုပ်ခတ်ခဲ့တယ်လို့ အမေရိကန် ဘူမိဗေဒသုတေသန (USGS) က ထုတ်ပြန်လာပါတယ်။
မိတ္ထီလာမြို့နယ် အရှေ့မြောက်ဘက် ၃၄ ကီလိုမီတာ (၂၁ မိုင်ခန့်) အကွာ ဝမ်းတွင်းမြို့အနီးမှာ ဒီနေ့ မနက် ၈ နာရီ ၅၅ မိနစ်က လှုပ်ခတ်ခဲ့တာဖြစ်ပြီး မြေငလျင်လှုပ်ခတ်မှုတွေ ဆက်ရှိနေတာကြောင့် သတိပြုနေထိုင်ကြဖို့ကိုလည်း မြေငလျင်လှုပ်ခတ်မှု စောင့်ကြည့်နေတဲ့ မြေမငလျင်သတင်းစင်တာကလည်း ဖော်ပြထားပါတယ်။
မနေ့ ဧပြီ ၁၂ ရက်နေ့ကလည်း မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ပဲခူးတိုင်းနဲ့ နေပြည်တော်တို့မှာ ရစ်ခ်ျစကေး ၃.၂ နဲ့ ၄.၂ အဆင့်ကြားရှိ ငလျင် ၁၀ ကြိမ် လှုပ်ခတ်ခဲ့ပါသေးတယ်။
ဧပြီ ၁၁ ရက်ကလည်း မိတ္ထီလာမြို့ အရှေ့မြောက်ဘက် ကင်းတားရေလှောင်တမံအနီး ရွာငံဒေသမှာ ရစ်ချ်စကေး ၄.၈ အဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့သလို သာစည်မြို့အရှေ့မြောက်ဘက် အင်တိုင်သာရွာအနီးမှာလည်း ရစ်ချ်စကေး ၄.၉ အဆင့်ရှိ အင်အားအသင့်အတင့်ရှိ ငလျင်လှုပ်ခတ်ခဲ့ပါသေးတယ်။
မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ကြီးလှုပ်ခတ်ပြီးနောက်ပိုင်း နောက်ဆက်တွဲငလျင်လှုပ်ခတ်မှုအကြိမ် ၁၂၀ ကျော်အထိရှိခဲ့ပြီး အနိမ့်ဆုံး ၂.၈ ရစ်ချ်စကေးကနေ ၅.၅ ရစ်ချ်စကေးအထိ လှုပ်ခတ်နေတာလည်း ဖြစ်ပါတယ်။
အင်အားပြင်းငလျင်လှုပ်ခတ်မှုကြောင့် ပြည်သူ ၃၆၀၀ ကျော် သေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူ ၅၀၀၀ ကျော်နဲ့ ပျောက်ဆုံးသူ ၁၄၅ ဦးရှိတယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ထားပေမဲ့ လွတ်လပ်တဲ့သတင်းဌာနတွေရဲ့ စာရင်းကောက်ယူဖော်ပြချက်အရ သေဆုံးသူ ၄၃၀၀ ကျော်ရှိတယ်လို့လည်း သိရပါတယ်။
Comments