မဲဆောက်မှာ သေနတ်နဲ့ရမ်းသမ်းပစ်ခတ်နေသူတစ်ဦးကို ထိုင်းအာဏာပိုင်တွေ ပစ်ခတ်ဖမ်းဆီး
- BVJ
- May 6
- 1 min read
BVJ/Moore _ မေ ၆ ၊ ၂၀၂၅

ထိုင်းနိုင်ငံ တာ့ခ်ခရိုင် မဲဆောက်မြို့မှာ သေနတ်နဲ့ ရမ်းသမ်းပစ်ခတ်နေသူတစ်ဦးကို ဒီနေ့ မေလ ၆ ရက် မနက်ပိုင်းမှာ ထိုင်းစစ်တပ်နဲ့ ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့တယ်လို့ ထိုင်းသတင်းဌာန Khaosod က ဖော်ပြထားပါတယ်။
ဒီနေ့မနက် ၈ နာရီ ၁၈ မိနစ်ဝန်းကျင်မှာ မဲဆောက်မြို့အတွင်း သေနတ်သမားကို ဖမ်းဆီးရမိခဲ့တာဖြစ်ပြီး ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးချိန် သေနတ်သမားဟာ ခန္ဓာကိုယ်အပေါ်ပိုင်း အဝတ်အစား ဝတ်ဆင်ထားတာမျိုးမရှိဘူးလို့လည်း သိရပါတယ်။ ဒါ့အပြင် သေနတ်သမားဟာ စိတ်ဝေဒနာရှင်တစ်ဦးဖြစ်တယ်လို့လည်း ထိုင်းသတင်းဌာနတွေက ဖော်ပြထားပါတယ်။
ဒီနေ့ မနက်အစောပိုင်း တစ်နာရီခွဲဝန်းကျင်ကလည်း သေနတ်သမားဟာ မဲဆောက်မြို့အနီး မယ်ရမတ်မြို့နားအနီးမှာ သေနတ်နဲ့ ရမ်းသမ်းပစ်ခတ်မှုတွေ လုပ်ဆောင်ခဲ့ပြီး လမ်းမပေါ် မောင်းနှင်နေယာဉ်ငယ်တွေကိုလည်း တားဆီးခြိမ်းခြောက်တာမျိုးတွေလည်း လုပ်ဆောင်ခဲ့တယ်လို့ ထိုင်းသတင်းဌာနက ဖော်ပြထားပါတယ်။
မဲဆောက်မြို့ အာရှလမ်းမကြီးပေါ်မှာရှိတဲ့ စည်ပင်သာယာရုံးနဲ့ ဓာတ်ဆီဆိုင်အနီးမှာ သေနတ်သမား ပုန်းခိုနေတဲ့သတင်းရရှိတာကြောင့် ထိုင်း-မြန်မာ အမှတ် ၁ ချစ်ကြည်ရေးတံတား အာရှလမ်းမကြီး (Robinson ကုန်တိုက်ကနေ စည်ပင်သာယာရုံးအထိ) လမ်းတလျှောက် ယာယီပိတ်ဆို့ ရှာဖွေမှုတွေကိုလည်း လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။
ထိုင်းအာဏာပိုင်တွေက ပစ်ခတ်ဖမ်းဆီးခဲ့ရတာကြောင့် သေနတ်သမားဟာ ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့အတွက် မဲဆောက်ဆေးရုံကို ပို့ဆောင်ထားတာရတယ်လို့လည်း သိရပါတယ်။ ဖြစ်စဉ်အခြေအနေနဲ့ပတ်သက်ပြီး ထိုင်းရဲတပ်ဖွဲ့ဘက်ကတော့ သတင်းမထုတ်ပြန်သေးပါဘူး။
Comments