အီရန်စစ်ပွဲကုန်ကျစရိတ် အမေရိကန်ဒေါ်လာ ၂၅ ဘီလီယံအထိရှိသွားပြီ
- BVJ

- 2 hours ago
- 1 min read
အေတီ/BVJ_ဧပြီ ၃၀၊ ၂၀၂၆

အီရန်နိုင်ငံအပေါ် ဆင်နွှဲနေတဲ့ အမေရိကန်နိုင်ငံရဲ့ စစ်ပွဲကုန်ကျစရိတ်ဟာ အခုအချိန်အထိဆိုရင် ဒေါ်လာ ၂၅ ဘီလီယံထိရှိသွားပြီဖြစ်ကြောင်း ပန်တဂွန်စစ်ဌာနချုပ်အဆင့်မြင့်အရာရှိတစ်ဦးက ဗုဒ္ဓဟူးနေ့မှာပြောကြားခဲ့ပါတယ်။
အမေရိကန်နဲ့အီရန်နိုင်ငံကြားစစ်ပွဲပဋိပက္ခအတွင်း စစ်ရေးအသုံးစရိတ်နဲ့ ပတ်သက်ပြီး အမေရိကန်ဘက်ကပထမဆုံးအကြိမ် တရားဝင်ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။
အမေရိကန်ကာကွယ်ရေးဝန်ကြီး ပိထ် ဟက်ဂ်ဆက်သ် (Pete Hegseth) ဟာ အီရန်စစ်ပွဲစတင်ပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ်ကျမ်းသစ္စာဆိုကာ စစ်ဆေးမေးမြန်းမှုကိုခံယူခဲ့ရပြီး ခြောက်နာရီနီးပါးကြာမြင့်တဲ့အောက် လွှတ်တော်ကြားနာပွဲမှာ ဒီမိုကရက်တစ်လွှတ်တော်အမတ်တွေနဲ့အခြေအတင် ဖြစ်ပွားခဲ့ပါတယ်။
ဟက်ဂ်ဆက်သ်ဟာ ပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ဒန်ကိန်း (Gen Dan Caine)၊ကာကွယ်ရေးဝန်ကြီးဌာန ဘဏ္ဍာရေးအရာရှိချုပ် ဂျိုးလ် ဟာ့စ်တ် (Jules Hurst)တို့နဲ့အတူ အောက်လွှတ်တော်လက်နက်ကိုင်တပ်ဖွဲ့များဆိုင်ရာကော်မတီရဲ့ ကြားနာပွဲကို ဗုဒ္ဓဟူးနေ့မှာတက်ရောက်ခဲ့တာဖြစ်ပါတယ်။
ကော်မတီရှိ ဒီမိုကရက်တစ်လွှတ်တော်အမတ်တွေက အီရန်စစ်ပွဲမှာအစိုးရဘဏ္ဍာငွေတွေအသုံးပြုနေပုံကို ဝေဖန်ခဲ့ကြပါတယ်။ ဘဏ္ဍာရေးအရာရှိချုပ် ဟာ့စ်တ်က အဆိုပါစစ်ပွဲအတွက် အမေရိကန်အနေနဲ့အခုအချိန်အထိ ဒေါ်လာ ၂၅ ဘီလီယံ (ပေါင် ၁၈.၅ ဘီလီယံ)ကုန်ကျခဲ့ပြီဖြစ်ကြောင်း ကြားနာပွဲမှာ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
ဒီစစ်အသုံးစရိတ်ဟာ ရီပတ်ဘလင်ကန်ပါတီကိုထိုးနှက်ဖို့ကြိုးစားနေတဲ့ ဒီမိုကရက်တစ်အမတ်တွေအတွက် ဝေဖန်ထောက်ပြစရာအချက်တစ်ခုဖြစ်လာနိုင်ပါတယ်။သမ္မတဒေါ်နယ်ထရန့်ရဲ့ ရီပတ်ဘလစ်ကန်ပါတီအနေနဲ့အောက်လွှတ်တော်မှာ နေရာအများစုဆက်လက်ရရှိဖို့ခက်ခဲမှုနဲ့ရင်ဆိုင်ရဖွယ်ရှိတဲ့ ကြားဖြတ်ရွေးကောက်ပွဲကျင်းပဖို့ခြောက်လသာလိုတော့တဲ့အချိန်မှာ လူထုသဘောထားစစ်တမ်းတွေအရ ဒီမိုကရက်တစ်ပါတီဘက်ကအသာစီးရနေပါတယ်။
ပြီးခဲ့တဲ့ဖေဖော်ဝါရီ ၂၈ ရက်က အီရန်စစ်ပွဲစတင်ခဲ့ပြီးနောက်ပိုင်း အမေရိကန်က အီရန်ဆိပ်ကမ်းတွေကိုပိတ်ဆို့ထားသလို အီရန်ဘက်ကလည်းဟော်မုဇ် ရေလက်ကြားကို တောက်လျှောက်ပိတ်ဆို့ထားဆဲဖြစ်ပါတယ်။
ဖေဖော်ဝါရီ၂၈ရက်ကစတင်ခဲ့တဲ့ နှစ်လကျော်ကြာလက်ရှိအီရန်စစ်ပွဲရဲ့ ကုန်ကျစရိတ်ဟာ ဒေါ်လာ၂၅ဘီလီယံအထိရှိနေပြီဖြစ်ပြီး ၈နှစ်ကြာတဲ့အီရတ်စစ်ပွဲကုန်ကျစရိတ်က ၁.၁ထရီလီယံ၊ နှစ်၂၀ကြာအာဖဂန်နစ္စတန်စစ်ပွဲကုန်ကျစရိတ်က အမေရိကန် ဒေါ်လာ၂.၃ထရီလီယံကုန်ကျခဲ့ပါတယ်။




Comments