top of page

နေတိုး(NATO)အဖွဲ့ ညီညွတ်ရေးကတိကဝတ်ပြုဖို့နဲ့ ယူကရိန်းကိုဆက်အကူအညီပေးဖို့ အမေရိကန်ကွန်ဂရက်ကို ချားလ်စ်ဘုရင်တိုက်တွန်း

  • Writer: BVJ
    BVJ
  • Apr 29
  • 1 min read

အေတီ/BVJ_ဧပြီ ၂၉၊ ၂၀၂၆

ဗြိတိန်ဘုရင် တတိယမြောက် ချားလ်စ် (King Charles III)က အမေရိကန်လွှတ်တော် (Congress)မှာမိန့်ခွန်းပြောကြားချိန်အတွင်း နေတိုးမဟာမိတ်အဖွဲ့ ညီညွတ်မှုကိုကတိပြုကြဖို့နဲ့ ရုရှားရဲ့ ကျူးကျော်မှုခံနေရတဲ့ ယူကရိန်းကိုဆက်လက်ပံ့ပိုးကူညီမှုပေးကြဖို့ တိုက်တွန်းခဲ့ပါတယ်။


အဲ့ဒီမိန့်ခွန်းကိုအင်္ဂါနေ့ကပြောကြားခဲ့တာဖြစ်ပြီး ဗြိတိန်ဘုရင်ကြီးရဲ့လေးရက်ကြာ အမေရိကန်ခရီးစဉ်အတွင်းမှာပြောကြားခဲ့တာဖြစ်ပါတယ်။ ဗြိတိန်ဘုရင်ရဲ့အခုခရီးစဉ်ဟာ အီရန်နဲ့အစ္စရေး-အမေရိကန်တို့အကြား စစ်ပွဲဖြစ်ပွားနေခြင်း၊ သမ္မတဒေါ်နယ်ထရမ့်ရဲ့ နေတိုးအပေါ် ဝေဖန်မှုတွေနဲ့ကာလရှည်မဟာမိတ်တွေအကြား ကုန်သွယ်ရေးတင်းမာမှုတွေရှိနေချိန်နဲ့ တိုက်ဆိုင်နေပါတယ်။


ဒါပေမယ့် ချားလ်စ်ဘုရင်က အမေရိကန်လွှတ်တော်မှာပြောတဲ့မိန့်ခွန်းထဲမှာ အဲ့ဒီကိစ္စတွေကို တိုက်ရိုက်ရည်ညွှန်းခြင်းမပြုဘဲ အစပိုင်းမှာဟာသတွေနှောပြီး ပေါ့ပေါ့ပါးပါးလေသံနဲ့စတင်ခဲ့ပါတယ်။


ယူကေနဲ့ အမေရိကန်နှစ်နိုင်ငံအကြား တူညီတဲ့သမိုင်းကြောင်းနဲ့ တန်ဖိုးထားမှုတွေရှိနေတာကိုချီးကျူးခဲ့ပြီး၊ ဝါရှင်တန်ဒီစီ (Washington, DC)ဟာ အမေရိကန်ရဲ့ ပထမဆုံးသမ္မတ ဂျော့ချ် ဝါရှင်တန် (George Washington) နဲ့ သူ့ရဲ့ ဘိုးဘေးဖြစ်သူ ဗြိတိန်ဘုရင် ဂျော့ချ် (King George)တို့ကို ရည်ညွှန်းကာ "ဂျော့ချ်နှစ်ဦး၏ ပုံပြင်" ဖြစ်ကြောင်းပျက်လုံးထုတ်ခဲ့ပါတယ်။


ချားလ်စ်ဘုရင်က အီရန်နဲ့ဖြစ်ပွားနေတဲ့စစ်ပွဲအကြောင်း စစ်ပွဲမှာပါဝင်ဖို့ ငြင်းဆန်နေတဲ့ နေတိုးမဟာမိတ်တွေအပေါ် ထရမ့်ရဲ့ပြင်းထန်တဲ့ဝေဖန်မှုတွေကိုတော့ တိုက်ရိုက်ထောက်ပြမပြောဆိုခဲ့ပါဘူး။ အဲ့ဒီအစား နေတိုးအဖွဲ့အပေါ် ထောက်ခံမှုတွေနဲ့ ၂၀၀၁ခုနှစ်၊စက်တင်ဘာ ၁၁ရက်တိုက်ခိုက်မှုအပြီး အဖွဲ့ဝင်နိုင်ငံအားလုံးက ပူးပေါင်းကာကွယ်ရမယ်လို့သဘောတူထားတဲ့ အပိုဒ် (၅) (Article 5) သဘောတူညီချက်ကျင့်သုံးခဲ့မှုအပေါ် ချီးကျူးခဲ့ပါတယ်။


"ကျွန်ုပ်တို့ဟာရာစုနှစ်တစ်ခုမကကာလပတ်လုံး ကမ္ဘာစစ်ကြီးနှစ်ခု၊ စစ်အေးတိုက်ပွဲ၊ အာဖဂန်နစ္စတန်စစ်ပွဲနဲ့ ကျွန်ုပ်တို့ရဲ့ လုံခြုံရေးကိုအဆုံးအဖြတ်ပေးခဲ့တဲ့ အခိုက်အတန့်တွေမှာပခုံးချင်းယှဉ်ပြီး တိုက်ပွဲဝင်ခဲ့သလိုပဲ၊ အခုလည်း တောင်းဆိုချက်တွေကို အတူတကွ တုံ့ပြန်ခဲ့ကြပါတယ်"လို့ပြောကြားခဲ့ပါတယ်။


ဒါ့အပြင် ချားလ်ဘုရင်ကြီးက ရီပတ်ဘလစ်ကင်တွေထိန်းချုပ်ထားတဲ့ လွှတ်တော်အတွင်းပိုမိုအကဲဆတ်လာတဲ့ ယူကရိန်းအတွက် ရန်ပုံငွေထောက်ပံ့ရေးကိစ္စကိုဆက်လုပ်ပေးဖို့ အောက်လွှတ်တော် ဥက္ကဌ မိုက် ဂျွန်ဆင် (Mike Johnsonကို ရည်ညွှန်းတိုက်တွန်းခဲ့ပါတယ်။


"ဥက္ကဋ္ဌကြီး ခင်ဗျား၊ ဒီနေ့ခေတ်မှာလည်း ယူကရိန်းနိုင်ငံနဲ့အလွန်သတ္တိပြောင်မြောက်တဲ့ ယူကရိန်းပြည်သူတွေကိုကာကွယ်ဖို့အတွက် အလားတူမယိုင်လဲတဲ့ စိတ်ပိုင်းဖြတ်မှုမျိုး လိုအပ်နေပါတယ်" လို့ပြောကြားခဲ့ပါတယ်။

ချားလ်စ်ဘုရင်နဲ့ ကြင်ယာတော် မိဖုရားကမီလာတို့ဟာ ဧပြီ လ ၂၇ ရက်ကနေ ဧပြီ ၃၀ရက်အထိ အမေရိကန်ပြည်ထောင်စုမှာ လေးရက်ကြာနိုင်ငံတော်အဆင့်ခရီးစဉ်အဖြစ်ရောက်ရှိနေပါတယ်။ ဒီခရီးစဥ်ဟာ နတ်ရွာစံသွားပြီဖြစ်တဲ့ ဘုရင်မကြီး ဒုတိယမြောက် အဲလိဇဘတ်ရဲ့ ၂၀၀၇ ခုနှစ်နိုင်ငံတော်ခရီးစဉ်အပြီး ပထမဆုံးခရီးလည်း ဖြစ်ပါတယ်။


ဒီခရီးစဥ်ရဲ့ အဓိကရည်ရွယ်ချက်က အမေရိကန် လွတ်လပ်ရေးကြေညာ စာတမ်းထုတ်ပြန်ခြင်း (၂၅၀) နှစ်ပြည့်အထိမ်းအမှတ်ကိုဂုဏ်ပြုဖို့နဲ့ အမေရိကန်နဲ့ယူကေနှစ်နိုင်ငံအကြား "အထူးဆက်ဆံရေး" (Special Relationship) ပိုမိုခိုင်မာစေရန်အတွက်ဖြစ်ပါတယ်။


အမေရိကန်လွှတ်တော်မှာ မိန့်ခွန်းပြောပြီးတဲ့နောက် ချားလ်စ်ဘုရင်နဲ့ ကြင်ယာတော်တို့ဟာ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကတည်ခင်းဧည့်ခံတဲ့ အိမ်ဖြူတော် ညစာစားပွဲတက်ရောက်ခဲ့ပါတယ်။

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page